ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် တိုက်ခိုက်ခံရပြီး နောက် ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ အကြား တိုက်ပွဲများ ယနေ့အထိ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲ ဧရိယာမှာ ပိုမိုကျယ်ပြန့်လာသည် ဟု သိရသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က “တံတား မချိုးရင် သူတို့ စစ်ကူတွေ အများကြီး လာမယ်။ အဲဒါကြောင့် သူတို့ စစ်ကူတွေ အလာနှေးအောင် တတ်နိုင်သလောက် လုပ်သွားတာပါ။ အခုတောင် သူတို့ စစ်ကူရောက်နေပြီ။ ကျနော်တို့ကို လေယာဉ်နဲ့တောင် တိုက်နေပြီ”ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်း မဟာမိတ်များဘက်မှ ယခုလို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင် တံတားများ ဖျက်ဆီး နေခြင်းသည် တပ်မတော်ဘက်မှ စစ်ကူများ တက်မလာနိုင်အောင် ဆောင်ရွက်ခြင်းဟု ဆိုသော်လည်း နယ်စပ် ကုန်သွယ်ရေးကို များစွာ ထိခိုက်လျက် ရှိသဖြင့် အဖျက်လုပ်ရပ်ဟု ဝေဖန်မှုများလည်း ရှိသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်၊ ၁၈ ရက်နေ့များက ရှမ်းပြည်နယ်၊ လားရှိုး-ကွတ်ခိုင်-မူဆယ် လမ်းပိုင်းတလျှောက်တွင် တိုက်ပွဲပေါင်း ၁၀ နေရာ ထက် မနည်း ဖြစ်ပွားခဲ့ပြီး တံတားများလည်း ဖျက်ဆီးခံခဲ့ရသည်။ ယင်း ၂ ရက်က ဖြစ်ပွား သည့် တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၂ ဦး ကျဆုံး၊ ၃၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ ၂ ဦး ကျဆုံး၍ ဒဏ်ရာရရှိသူတချို့ ရှိခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ ဘက်မှ ဆိုသည်။
သို့သော် ယင်းပြောဆိုမှုနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
သြဂုတ်လ ၁၅ ရက်နေ့ TNLA၊ MNDAA-ကိုးကန့်အဖွဲ့၊ AA တို့ ပူးပေါင်းသည့် အဖွဲ့များ၏ စတင် တိုက်ခိုက်မှုနှင့် ပတ်သက်၍ တပ်မတော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးသွားကြောင်း၊ ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုး ကျပ်သိန်း ၂၈၂၁ ဖိုး ဆုံးရှုံးခဲ့ရကြောင်း လည်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
“ဟိုတနေ့က တိုက်ပွဲတွေထဲမှာတော့ တပ်မတော်ဘက်က အကျအဆုံးတွေ ရှိတယ်။ သူတို့ ပြောသလောက်တော့ အကျအဆုံးက မများပါဘူး။ ကျဆုံး၊ ဒဏ်ရာရတာတွေ ရှိတယ်။ အဓိက ဖြစ်သွားတာက လမ်းမပေါ်မှာ တပ်ဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်ပွားပြီး ကျဆုံး သွားတာပါ။ အကျအဆုံးက ၂ ဖက်စလုံးမှာ ရှိတာ”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ အကျအဆုံးများ ရှိခဲ့ကြောင်း၊ မနေ့က ညပိုင်းအထိ လားရှိုးဘက်သို့ လက်နက်ကြီးများဖြင့် လာရောက် နှောက်ယှက် ပစ်ခတ်နေဆဲ ဖြစ်ကြောင်း၊ သို့သော် ယနေ့တွင် တိုက်ပွဲ ဖြစ်စဉ် မကြားရသေးကြောင်း ၎င်းက ရှင်းပြသည်။
ရှမ်းပြည်နယ် သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးရဲထွန်းကလည်း အနောက်ဖက် စစ်မျက်နှာ ဖြစ်သည့် ရခိုင်တွင် မဟာမိတ်အဖွဲ့ဝင် ဖြစ်သည့် AA တို့ ဖိတိုက် ခံနေရသဖြင့် စစ်ရေးအရ အရှေ့ဘက်တွင် တိုက်ကွက်ဖော်ခြင်း၊ မူးယစ်ဆေးဝါးမှ ရသည့် ဝင်ငွေရ လမ်းကြောင်း ထိခိုက်သဖြင့် လက်စားချေခြင်းကို နားလည်သော်လည်း ယခုလို တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ထိခိုက်အောင် တံတားများ စနစ်တကျ ဖျက်ဆီးခြင်းကို နားမလည်နိုင် ဖြစ်ရကြောင်း သုံးသပ်သည်။
“အဲဒီအချိန်မှာ တရုတ်ပြည်ဘက်က ဘာသံမှ ထွက်မလာဘူး။ ကိုယ့်နိုင်ငံ အတွင်းမှာ အရေးကြီးတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းနိုင်စွမ်း မရှိဘူးဆိုတဲ့ ဥစ္စာကို ပြချင်တာလားပေါ့နော်။ ဒီလမ်းကြောင်းကို တရုတ်သာ BRI နဲ့ ဆက်စပ်ပြီး ဖောက်ခွင့်ရရင် ဒီ လမ်းကြောင်းကို ဘယ်ကောင်မှ မထိရဲဘူး။ ခင်ဗျားတို့ သိတာပဲ။ ပိုက်လိုင်းတွေ ဘာတွေ ဘယ်သူထိရဲလို့လဲ”ဟု ဦးရဲထွန်းက သုံးသပ်သည်။
တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ မှာ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့ )၊ ရက္ခိုင် စစ်တပ် (AA) တို့ ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ရွာအနီး၊ နမ့်ကွတ်ရွာ အနီး၊ နမ့်ခိုင် တံတား အနီး၊ နမ့်ဖလွန်းရွာ အနီး၊ နမ့်ဖတ်ကာမြို့အနီးရှိ ရင်ကွဲတောင် အနီး၊ လားရှိုးမြို့အပြင် ၁၃ မိုင်နှင့် ၁၆ မိုင်တို့တွင် ဖြစ်ကြောင်း၊ နမ့်ဖတ်ကာနှင့် ရင်ကွဲတောင် ပတ်ဝန်းကျင်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ်များဘက်မှ ပြောသည်။
ထို့ပြင် သြဂုတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ် ကျေးရွာ အနီးတွင် တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲ ဖြစ်ပွားရာ AA ဘက်မှ အလောင်း တလောင်းနှင့် လက်နက်တလက် ရလိုက်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ ယင်းနေ့က ရခိုင်ဘက်တွင် တိုက်ပွဲ ကြီးကြီး မားမား မရှိသော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တချို့တိုက်ပွဲဖြစ်ပွားနေခဲ့ သောနေရာ ပတ်ဝန်းကျင်များသို့ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေမှုများသာ ရှိခဲ့ကြောင်း သိရသည်။
အစိုးရကမူ ယခုလို အကြမ်းဖက် တိုက်ခိုက်မှုများခံခဲ့ရသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတွက် ငြိမ်းချမ်းရေး တံခါး ဆက်ဖွင့်ထားဆဲ ဖြစ်ကြောင်း သိရသည်။
တပ်မတော်ကမူ ထိုသို့ မမြင်ဘဲ တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့ များ အနေဖြင့် တူညီသည့် တုန့်ပြန်မှုမျိုးကို ခံရလိမ့်မည် ဖြစ်ကြောင်း၊ ၎င်းတို့၏ လုပ်ရပ်သည် ငြိမ်းချမ်းရေး မလိုချင်၍ ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
ယခု တိုက်ပွဲများသည် မြောက်ပိုင်းမဟာမိတ်များနှင့် အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ အဆိုပြု ချက်များ ပေးထားပြီး ၂ ဖက် တွေ့ဆုံနိုင်ရေး ကြိုးပမ်းနေသည့် ကာလတွင် ယခုလို ပြဿနာ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ဂုတ်တွင်းတံတား ဖြစ်စဉ်ကြောင့် ကုန်သွယ်မှု ထိခိုက်မည်ကို စိုးရိမ်နေ
လာရှိုးနှင့် ကွတ်ခိုင်မြို့တို့ကို လက်နက်ကိုင် ၂၀၀ ခန့် လာရောက် တိုက်ခိုက်ဟုဆို