မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းရှာဖွေမှု ၁ဝ ရက် အကြာတွင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က အတည်ပြုသည်။
သြဂုတ်လ ၉ ရက် နံနက် ၈ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့် အတူ တောင် မြေ ပြိုကျမှု ဖြစ်ပွားခဲ့သည်။
တောင်မြေ ပြိုကျမှုတွင် ကျောက်တုံးများပါ ပြိုဆင်းလာပြီး ရေဘေး ကယ်ဆယ်ရေး စခန်းဖွင့်ထားသည့် ဥတ္တရာ ရာမ ဘုန်းတော်ကြီး ကျောင်းနှင့်အတူ နေအိမ် ၂၇ လုံး၊ လမ်းပေါ်တွင် ရပ်ထားသည့် ကုန်ကား ၄ စီး၊ အိမ်စီးကား ၁ စီးနှင့် ထော်လာဂျီ ၁ စီးတို့ တောင်မြေ ဖုံးလွှမ်းခြင်း ခံလိုက်ရသည်။
သြဂုတ်လ ၁၈ ရက်တွင် သေဆုံးသူများ၏ ရုပ်အလောင်း ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီး မြေကြီးထဲမှ တူးဖော်ရရှိသည့် သေဆုံးသူများ၏ ရုပ်အလောင်း ၆၉ လောင်းနှင့် ဆေးရုံတွင် သေဆုံးခဲ့သည့် ၁ လောင်းတို့သာ တွေ့ရှိခဲ့သည်ဟု ဦးဇော်မိုးအောင်က ပြောသည်။
တောင်ပြိုကျမှု မဖြစ်ခင် ကောက်ယူထားသည့် လူစာရင်းဇယားများနှင့် တောင်ပြိုပြီးနောက် ပျောက်ဆုံးနေသည်ဟု လာ ရောက် ပြောဆိုသည့် စာရင်းများ အရ ၇၃ ဦး ရှိခဲ့သော်လည်း ရုပ်အလောင်း ၇၀ သာ ရှာဖွေတွေ့ရှိခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ဦးဇော်မိုးအောင်က“ပိုင်ရှင်ဖော်လို့ကို မရနိုင်တဲ့ ရုပ်အလောင်းက ၁၁ လောင်း ရှိတယ်။ နောက်ဆုံးနေ့ရက် (သြဂုတ် ၁၇ ရက်)က ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေဆို ပုံပျက်ပန်းပျက်နဲ့ တစစီ လိုက်ကောက်ယူခဲ့ရတဲ့ အနေအထားမျိုး ရှိတယ်။ တချို့ကတော့ ပြောနေကြတာပဲ။ ဘယ်သူ မတွေ့သေးဘူး ဆိုတာ၊ ကျနော်တို့ဆီကို တေ့တေ့ ဆိုင်ဆိုင် လည်း လာမပြောဘူး။ အပြင်မှာသာ အမျိုးမျိုး ပြောနေကြတာပဲ။ သေချာမေးရင် ဖြေတဲ့သူတွေက ဆွေမျိုးရင်းတွေ မဟုတ်ဘူး။ မိသားစု ၁၇ ဦး လုံးပါသွားပြီး သူတဦးတည်း ကျန်တယ်ဆိုတာလည်း သေချာမေးတော့ ဟိုလိုလို ဖြစ်နေ တယ်”ဟု ဆိုသည်။
လက်ရှိ စာရင်းများအရ ပြန်လည် တူးဖော်မှုတွင် ကျန်နေခဲ့သည့် ရုပ်အလောင်းဆို၍ ၃ လောင်းသာ ကျန်ရှိ တော့ပြီး ဒေသခံများ အနေဖြင့်လည်း ရုပ်အလောင်းများ ရှာဖွေတွေ့ရှိရေးထက် ကျန်ရစ်သူများ၏ ပြန်လည် ထူထောင်ရေး ကဏ္ဍ များကိုသာ အဓိက အာရုံထားလာကြသည်ဟု ၎င်းက ပြောကြားသည်။
သို့ရာတွင် သဲဖြူကုန်းကျေးရွာမှ ကိုသက်နိုင်ဦးကမူ ပျောက်ဆုံးနေသည့် သမီး ၂ ဦးထဲမှ တဦး၏ ရုပ်အလောင်းသာ ရှာဖွေတွေ့ရှိခဲ့ပြီး သမီးတဦးသည် ယနေ့အချိန်အထိ ဆက်လက် ပျောက်ဆုံးနေဆဲဟု ပြောသည်။
ထို့ပြင် အိမ်နီးနား ပတ်ဝန်းကျင်မှ ၄ ဦးလည်း ယနေ့အချိန်အထိ ရုပ်အလောင်း ရှာဖွေမတွေ့ရှိသေးဘဲ ဘေးအိမ်မှ မိသားစုဝင် ၆ ဦးလည်း သေဆုံးသည်ဟု သိထားရပြီး ရုပ်အလောင်းများ ရှာဖွေ မတွေ့ရှိသေးဟု ဆိုသည်။
ကိုသက်နိုင်ဦးက“ဘေးအိမ်က ၆ ဦးကတော့ သူတို့ရဲ့ ဆွေမျိုးတွေနဲ့ ကျနော်တို့ အဆက်အသွယ်မရတော့ တွေ့တဲ့ထဲ ပါ မပါ ကျနော်တိတိကျကျ မပြောနိုင်ဘူး။ ပြောနိုင်တာဆိုလို့ တောင်ဘေးနားအိမ်က ၁ ဦး၊ ကျနော့်ခြံ တခြံကျော်က ၃ ဦးနဲ့ဆို ၄ ဦးနဲ့ ကျနော့်သမီး ၁ ဦးနဲ့ဆို ၅ ဦးကတော့ ကျိန်းသေတယ်။ ဆက်မရှာတော့ဘူး ဆိုတော့ ကျနော်တို့ ဘာတတ် နိုင်မှာလဲ။ ကျနော်တို့မှ ရှာလို့ရနိုင်တဲ့ အခြေအနေ မဟုတ်တာ”ဟု ပြောသည်။
တောင်မြေပြိုကျမှုကြောင့် ထိခိုက်ခဲ့ရသူများ အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က အစိုးရ အစီအစဉ်ဖြင့် နေအိမ်များ ပြန် ဆောက်ပေးမည်ဟု သတင်းမီဒီယာများကို မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားထားသည်။
သို့သော် မည်ကဲ့သို့ ဆောက်ပေးမည်၊ မည်သည့်နေရာတွင် ဆောက်ပေးမည်ကိုမူ ဒေသခံများအား ယနေ့အချိန်အထိ တိတိကျကျ ပြောကြားထားခြင်း မရှိသေးဟု သဲဖြူကုန်း ဒေသခံတချို့က ပြောသည်။
အစိုးရအစီအစဉ်ဖြင့် တည်ဆောက်ပေးမည် ဆိုသည်က လက်ရှိအချိန်အထိ မည်သည့်နေရာတွင် မည်သို့ပြန်လည် နေရာ ချထားပေးမည်ကို အတိအကျ မသိရသေးကြောင်း၊ ၎င်းတို့ ရေရှည်ရပ်တည်ရေးအတွက် သင့်လျော်သည့် နေရာ တွင် နေရာ ချထားပေးရန် ပြည်နယ် အစိုးရသို့ တောင်းဆိုထားကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။
မိကွန်ချမ်းက“တချို့ဒေသခံတွေကတော့ သူတို့ ဒီနေရာမှာပဲ ပြန်နေချင်ကြတဲ့ သဘောရှိတယ်။ ကျမတို့ကလည်း ဒီတောင် က ပြိုကျခဲ့ပြီး လူတွေပါသေခဲ့တယ်။ ထပ်ပြိုမပြို အာမခံချက်လည်း နည်းတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ ဘယ်လို နေရာ ချထားပေးမယ်ကိုတော့ ကျမတို့ ကိုယ်တိုင်လည်း မသိသေးဘူး။ ကျမတို့ကိုလည်း အသိမပေးသေး ဘူး။ ဒီနေရာ မှာ က တချို့ဆိုရင် ကိုယ့်နေရာလေး ဆိုတော့ ပြန်လိုချင်တဲ့ သဘောရှိတာပေါ့။ ဒါပေမယ့် သူတို့ အန္တရာယ် နဲ့ ရေရှည်အတွက် လမ်းမပိုင်းက နေရာဖြစ်ခဲ့တော့ အဲဒီလိုထက် မနည်းတဲ့နေရာမျိုး ဖြစ်အောင်တော့ ကျမ ပြောထား တယ်” ဟု ဆိုသည်။
ပေါင်မြို့နယ်တွင် တောင်မြေပြိုကျခဲ့မှုသည် ၈ နေရာ ဖြစ်ခဲ့ပြီး မလတ်တောင်ပြိုကျမှုမှာ လူသေဆုံးခဲ့သည်။
ထို့အတွက် ထိုတောင်ရိုး တလျှောက် ထပ်မံ၍ မြေများ ပြိုကျနိုင်ခြေ ရှိမရှိကို ဘူမိဗေဒ ပညာရှင်များ စေလွှတ်ကာ မြေသား စမ်းသပ်မှုများ အမြန်ဆုံး ပြုလုပ်ရန် နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက သြဂုတ်လ ၁၂ ရက်က အဆိုပါ မလတ်တောင် ပြိုကျသည့် နေရာသို့ လာရောက် ကြည့်ရှုစဉ် ညွှန်ကြားထားသည်။
မလတ်တောင် ပြိုကျသည့်နေရာသည် ရန်ကုန် – မော်လမြိုင် အဝေးပြေးကားလမ်း မိုင် ၁၈၄/ ၅ နှင့် ၁၈၄/၆ တို့ကြား တွင် ရှိသည့် နေရာ ဖြစ်သည်။
You may also like these stories:
ပေါင်မြို့နယ် မြေပြိုမှု ဖြစ်စဉ် အတွင်း ကျောင်းသား ၁၆ ဦး သေဆုံး၊ ၂၈ ဦး ဆေးရုံ တင်ထားရ
တနင်္သာရီတိုင်း ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လူပေါင်း ၇၀၀၀ ကျော် ဘေးသင့်
မလတ်တောင် အဖြစ်ဆိုးမျိုး နောက်ထပ်မဖြစ်ရလေအောင်
မလတ်တောင် ပြိုကျမှုက ပေးတဲ့ သင်ခန်းစာ