အစိုးရ–တပ်မတော်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနိုင်ရေး အစိုးရဘက်က အဆိုပြု ဆွေးနွေးခဲ့ကြောင်း သတင်းရသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ အလုပ်အဖွဲ့ ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ်လ ၁၉ ရက်က တွေ့ဆုံစဉ် အစိုးရဘက်မှ အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
PC အဖွဲ့ အကြံပေး ဦးလှမောင်ရွှေ က “ကျနော်တို့ အချက် ၃ ချက်ကိုပဲ ရှင်းပြ ဆွေးနွေးခဲ့တာ၊ NCA လမ်းကြောင်း အတိုင်း သွားဖို့ ထပ်လောင်း ဆွေးနွေးတာပေါ့။ အစိုးရ၊ တပ်မတော်၊ NCA-S EAO ထိပ်သီး ခေါင်းဆောင်တွေ ပြန်တွေ့ဆုံ ဆွေးနွေးကြ ဖို့ ကျနော်တို့က အဆိုပြုခဲ့တယ်။ ဒါကို အခု NCA-S EAO က အလုပ်အဖွဲ့ကိုယ်စားလှယ်တွေက သူတို့ ပြန်တင်ပြ မယ်လို့ပြောတယ်”ဟု ၎င်းက ပြောသည်။
ချင်းမိုင်ဆွေးနွေးပွဲတွင် PC ဘက်က အစိုးရ– တပ်မတော်နှင့် NCA-S EAO ထိပ်သီး ခေါင်းဆောင်များ ထပ်မံ တွေ့ဆုံ ဆွေးနွေးရန် အချက်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လမ်းကြောင်း ၄ ခုဖြင့် တပြိုင်တည်းသွားရေး ပြန်လည် ရှင်းလင်းခြင်း၊ နှစ်ဖက် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ အမြန်ဆုံး ပြန်လည် တွေ့ဆုံဆွေးနွေးရန် စသည့် အချက် များကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
NCA-S EAO မှ အလုပ်အဖွဲ့များကတော့ အစိုးရ–တပ်မတော် နှင့် NCA-S EAO ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရန် အစိုးရဘက်က အဆိုပြုချက်အပေါ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း ပြောသည်။
NCA-S EAO အလုပ်အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငင်း က “ထိပ်သီးချင်း တွေ့ဖို့ အစိုးရက အဆိုပြုတာ ဟုတ်တယ်၊ အဲဒါကို ကျနော်တို့က ပြန်တင်ပြမယ်။ နောက်တခုက အစိုးရဘက်က အဆိုပြုချက် ၄ ချက်အပေါ်မှာ ကျနော်တို့ ဖက်ကလည်း မရှင်းတဲ့အချက်အလတ်တွေ ပြန်မေးတယ်။ အဲဒါကို PPST အစည်းအဝေးမှာ တင်ပြ ဆွေးနွေး ကြမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရ–တပ်မတော်နှင့် NCA-S EAO ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅–၁၆ ရက်များက နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် “ခွဲမထွက်ရေး” လက်ခံပေးရန်နှင့် “တခုတည်းသော တပ်မတော်” ကို လက်ခံပေးရန် အစိုးရ–တပ်မတော် ဘက်က အဆိုပြု ဆွေးနွေးမှုအပေါ် သဘောထား ကွဲလွဲခဲ့ကြပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နှေးကွေးသွားခဲ့သည်။
ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် အဆင်ပြေနိုင်ရေးနှင့် ဖက်ဒရယ်အခြေခံမူများ ရယူနိုင်ရေး အတွက် ပြန်လည် တွေ့ဆုံရန် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ ကြိုးပမ်းနေကြခြင်း ဖြစ်ကြောင်း နှစ်ဖက် ကိုယ်စား လှယ်များက ပြောသည်။
အစိုးရသည် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် အထက်ပါ အဆိုပြုချက် (၄) ချက်ကို အပစ်ရပ်ထားသော လက်နက်ကိုင် (၁၀) ဖွဲ့သို့ တင်ပြ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထို အချက် (၄) ချက်မှာ NCA အဓိပ္ပာယ်ဖွင့်ဆိုမှု ကွဲပြားနေခြင်းနှင့် လုံခြုံရေးကိစ္စများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တွင် ဖက်ဒရယ်အခြေခံမူများ ရယူနိုင်ရေး၊ ၂၀၂၀ မတိုင်ခင်နှင့် ၂၀၂၀ အလွန်ကာလတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်ကဲ့သို့ သွားမည်နည်းဆိုသော ကိစ္စများ၊ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ၏ ဒေသတွင်းရှိ ဒေသခံများ ငြိမ်းချမ်းရေး အကျိုးကျေးဇူးများ ခံစားနိုင်ရေး အကောင်အထည်ဖော်ရေး ကိစ္စများ စသည့် ကိစ္စများဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇူလိုင်လ ၉ ရက်က မီဒီယာများသို့ ပြောထားသည်။
NCA ထိုးထားသော အဖွဲ့များမှာ KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်–ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုက ရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ကြသည်။
You may also like these stories:
PPCM ဖွဲ့စည်းရေး NCA ထိုး အဖွဲ့များ အစည်းအဝေးပြုလုပ် သုံးသပ်မည်
NCA တွင် UWSA ပါလာရေး ဆွေးနွေးနေဟု အစိုးရပြော