ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် အပြင်၊ စည်းကမ်းဥပဒေနှင့် ကိုက်ညီခြင်း မရှိဘဲ ရောင်းချနေသည့် တနိုင်ငံလုံးမှ ဆေး အရောင်းဆိုင် ၂၇ ဆိုင် ပိတ်သိမ်းခံထားရကြောင်း သိရသည်။
ယင်းဆေးဆိုင်များ အပိတ်ခံရခြင်းမှာ စံချိန်စံညွှန်းနှင့် ကိုက်ညီခြင်းမရှိသည့် ဆေးဝါးများဖြစ်ကြောင်း၊ စပ်ဆေးများရောင်းချမှုကြောင့် ဆေးအရောင်းဆိုင် ၂၇ ဆိုင် ပိတ်သိမ်းထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာန (FDA) မှ ဧရာဝတီသို့ ပြောသည်။
ဆေးဝါးဌာန၊ ညွှန်ကြားရေးမှူး (FDA) မှ ဒေါက်တာသီဂီၤဇင် က “ဒီနှစ်မှာဆိုရင် အမျိုးသား ဆေးဝါး ဥပဒေ အရ အရေးယူတာ ဒီနှစ်ဆိုရင် ၂၇ မှု ရှိသွားပါပြီ။ စပ်ဆေးတခုတည်းတော့ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အမှုဖွင့် အရေးယူထားသည့် ဆိုင်များမှာ ရန်ကုန်- မန္တလေး မြို့ကြီးများမှ ဆေးဆိုင်များ အများဆုံးဖြစ်ပြီး၊ ပိတ်သိမ်းခံရ သည့်ဆေးဆိုင် များမှာ လိုင်စင်မရှိသည့် ဆေးဆိုင်များ၊ တရားမဝင်ဆေးဝါး၊ စပ်ဆေးဆိုင်များ၊ သက်တမ်းလွန် ဆေးဝါးရောင်းချသော ဆေးဆိုင်များ စ သည်တို့ ပါဝင်ကြောင်း FDA မှ သိရသည်။
အဆိုပါ ဆေးဆိုင် ၂၇ ဆိုင်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စပြီး ယခုနှစ် သြဂုတ်လအထိ စာရင်းဖြစ်ပြီး လုံးဝ ပိတ်သိမ်းခံရသည့် ဆိုင်များဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိတ်သိမ်းခံရသည့် ဆေးဆိုင်များမှာ FDA အ နေဖြင့် ဆေးဆိုင်များကို ရှောင်တခင် ဝင်ရောက် စစ်ဆေးရာတွင် ရောင်းချရန် မသင့်သည့် ဆေးဝါးများ ရောင်းချနေမှုကို တွေ့ရှိပါက ပထမ အကြိမ်အနေဖြင့် ဆိုင် ၃ လပိတ်သိမ်းခြင်း၊ ဒုတိယ အကြိမ် ဆက်တွေ့ပါက ၆ လ ပိတ်သိမ်းခြင်းမျိုးများ ပြုလုပ်ပြီး၊ တတိယ အကြိမ်ဖြစ်ပါက ဆိုင်လုံးဝ ပိတ်သိမ်းပြီး အမှု ဖွင့် အရေးယူမှုများ ပြုလုပ်ကြောင်း ဒေါက်တာ သီဂီၤဇင်က ရှင်းပြသည်။
ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်မှ ဆေးဆိုင် ဖွင့်ထားသူ တဦးက ဆေးဆိုင်အတွင်းမှာ ဆေးထားရှိသည့် အခါတွင် အပူအအေး စနစ်တကျ သိုလှောင်ရန်၊ မြန်မာနိုင်ငံမှ တရာဝင်မှတ်ပုံတင် ထားခြင်းမရှိတဲ့ ဆေးများကို မရောင်းချရန်နှင့် ခွင့်ပြုချက်ရထားသော်လည်း ထိန်းချုပ်ထားသည့် ဆေးများကို ရောင်းချမည်ဆိုပါက သေချာကွက်ကဲပြီးမှ ရောင်းချရန် FDA မှ ညွှန်ကြားထားကြောင်း ပြောပြသည်။
၎င်းက “အောက်လမ်းက ဝင်တဲ့ ဆေးတွေ ရောင်းတာမျိုး၊ သူတို့ပြောတဲ့ အချက်တွေ မလိုက်နာပဲ ရောင်းမယ်ဆိုရင် လာစစ်တာနဲ့ တိုးရင် ဆိုင်ပိတ်တာ အရေးယူခံရတာ ဖြစ်မှာပါ” ဟု ဆက်ပြောသည်။
ယခင်က ဝန်ထမ်းအချို့မှာ သက်တမ်းကုန်နေသည့် ဆေးများကို အသုံးပြု၍ ရသေးသည်ဟု ယူဆပြီး၊ အပြင် ဆေးဆိုင်များတွင် ထက်ဝက်ဈေးဖြင့် ရောင်းချမှုများ ရှိခဲ့ဖူးကြောင်းဟု ပြည်တွင်းသို့ ဆေးဝါး တင်သွင်းသည့် လုပ်ငန်းရှင်တဦးဖြစ်သူ AA Medical ကုမ္ပဏီမှ ဦးမြတ်သင်းအောင်က ဧရာဝတီသို့ ပြောသည်။
ဦးမြတ်သင်းအောင် က “ဆေးကို ဖြန့်ဖြူးတဲ့ အခါမှာ သေချာစစ်တယ်။ ရက်လွန်နေတဲ့ ဆေးရယ်။ ရက်လွန်ခါနီး ဆေးတွေဆို လုံးဝ မရောင်းတော့ဘူး။ များသောအားဖြင့် အန္တရာယ် ရှိနိုင်တယ်။ ဒါကြောင့်မလို့ မီးသဂြိၤုလ် တဲ့စက်ထဲမှာ ခွင့်တောင်းပြီး အကုန် ထည့်လိုက်တာပါ” ဟု ပြောသည်။
ရာသီဥတု အကူးအပြောင်းကြောင့် နှာစေး၊ ချောင်းဆိုးနှင့် အဖျားရောဂါများ ဖြစ်ပွားမှုတွင် ရောစပ်ထားသည့် စပ်ဆေးများကို အလွယ်တကူ ဝယ်ယူသောက်သုံးမှုများလည်း ရှိနေသဖြင့် ဆေးဆိုင်အချို့ အလုပ် ဖြစ်နေသည်ကိုလည်း ဈေးကွက်အရ သိရသည်။
စပ်ဆေးသောက်သုံးခြင်းသည် အသက်အန္တရာယ်ကို ထိခိုက်နိုင်သဖြင့် သောက်သုံးရန် မသင့်သည့် ဆေးဝါးများဖြစ်ကြောင်း၊ ထို့ကြောင့် ရောင်းချနေသည့် ဆေးဆိုင်များကို မရောင်းချရန်နှင့် ဝယ်ယူသောက်သုံးနေသည့် ပြည်သူများ အနေဖြင့်လည်း လုံးဝ ဝယ်မသောက် သင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာနက ဆိုသည်။
ပျဉ်းမနားမြို့ ရန်အောင် ၂ ရပ်ကွက်မှ ကျပမ်းလုပ်ကိုင်စားသူ ဦးထွေးဆိုသူ က “ဒီနှစ်ထဲ တုပ်ကွေးဖြစ်တာ ၃ ခါလောက်ရှိတယ်။ ဘယ်ကလာ ဆေးခန်းသွားနိုင်မှာလဲ။ ဆေးဆိုင်မှာပဲ သွားစပ်ခိုင်းရတာ။ အဲ့ဒါ ၅ ခွက်စာလောက်သောက်ရင် ပျောက်တာပဲလေ” ဟု ပြောသည်။
စပ်ဆေးများတွင် အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက် (Steroid) ဆေးများကြောင့် အစာအိမ် အနာဖြစ်ခြင်း ၊ သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်း၊ အစာအိမ်ပေါက်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ လေဖြတ် ခြင်း စသည့် အန္တရာယ်များ အပြင် ရောဂါ ပိုမို ဆိုးရွားလာရာမှ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။
စပ်ဆေးများ အပြင် အွန်လိုင်း ပေါ်မှ တဆင့် ကျယ်ကျယ် ပြန့်ပြန့် ရောင်းနေကြသည့် FDA ခွင့်ပြုချက် မပြုထားသည့် ပိန်ဆေး များ၊ အဆီကျလိမ်းဆေး၊ သောက်ဆေး၊ အဆီကျ ကော်ဖီ၊ အဆီကျ ဆပ်ပြာ၊ အဆီကျ လ္ဘက်ခြောက်၊ အဆီကျ သံလိုက်ကပ်ခွာ၊ အဆီ ကျ ၊ အဆီကျ ဝတ်စုံ အစရှိသဖြင့် အမယ်မျိုးစုံ ရောင်းချနေမှုကိုလည်း တွေ့ရသည်။
အများပြည်သူများ အနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးများကို ဝယ်ယူ သုံးစွဲခြင်းမပြုရန်နှင့် မှတ်ပုံတင်ထားသည့် ဆေးဝါးများ ကိုသာ ဆရာဝန် လမ်းညွှန် ချက်ဖြင့် ဝယ်ယူ အသုံး ပြုရန် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။
ထို့အပြင် ဆေးဝါးတင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထား ခြင်းမရှိ သော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီသော ဆေးဝါးများကို တင်သွင်း ဖြန့်ဖြူးရောင်းချမှု မပြုလုပ်ရန်နှင့် လိုက်နာမှု မရှိပါက သက် ဆိုင်ရာအဖွဲ့အစည်းမှ အမျိုးသားဆေးဝါး ဥပဒေ ပုဒ်မ ( ၁၈ ) အရ တရားစွဲအရေးယူ ဆောင်ရွက်သွားမည်ဟု FDA ၏ ဝက်ဘ်ဆိုက်တွင် တရားဝင် ကြေညာထားသည်။