ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး လားရှိုး၊ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် ကျေးရွာများမှ ထွက်ပြေး လာကြသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၄၀၀ ကျော် ရှိပြီဟု သတင်း ရရှိသည်။
အဆိုပါ စာရင်းအချက်အလက်ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူမှုကူညီရေး၊ ကယ်ဆယ်ရေးများ လုပ်ဆောင်နေ သည့် အရပ်ဘက် အဖွဲ့အစည်း ၁၁ ဖွဲ့ စုဖွဲ့ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လူသားချင်း စာနာထောက်ထားမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်များက ဧရာဝတီကို အတည်ပြု ပြောဆိုခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်များ၏ အတွင်းရေးမှူး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင်း က “ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်အတွင်းမှာ နှစ်ခုပေါင်း လတ်တလော စစ် ဘေးရှောင် ဒုက္ခသည် (IDPs ) ၃၄၈၀ ကျော် ရှိပါပြီ” ဟု ပြောသည်။
လားရှိုးမြို့နယ် တယော်ဘုန်းကြီးကျောင်းတွင် ဦးရေ ၇၀၀၊ ပန်နား ဘုန်းကြီးကျောင်းတွင် ဦးရေ ၁၀၀၊ မတ်ခီနူဘုန်း ကြီးကျောင်းတွင် ဦးရေ ၄၀၀၊ မှိုင်းတင် ဘုန်းကြီးကျောင်းတွင် ဦးရေ ၅၀၀၊ မန်ဆူဘုန်းကြီးကျောင်းတွင် ၁၀၀၀ ခန့်၊ ကွတ်ခိုင် မြို့ပေါ်တွင် ဦးရေ ၃၀၀၊ သိန္နီမြို့၊ နမ့်စလပ်တွင် ဦးရေ၄၈၀၊ စုစုပေါင်း စစ်ဘေးရှောင် ဒုက္ခသည် ၃၄၈၀ ကျော် ရောက်ရှိနေသည်ဟု ဦးဟောင်းဒေါင်းက ပြောသည်။
အဆိုပါစာရင်းမှာ သြဂုတ် ၁၉ ရက် ညနေ ၆ နာရီထိ ကောက်ယူထားသည့် စာရင်းများ ဖြစ်ပြီး နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့များ စစ်ရေး တင်းမာနေသဖြင့် ရွာအတွင်းမှ ထွက်မရသေးဘဲ ပိတ်မိနေသူများ စာရင်း ပါဝင်ခြင်း မရှိသေးပါ။
နီးစပ်ရာ ဆွေမျိုးနီးစပ်အိမ်များတွင် ခိုလှုံနေသူများ၏ စာရင်းလည်း ပါဝင်ခြင်း မရှိပါ။
ကွတ်ခိုင်မြို့နယ်တွင်း ပစ်ခတ်သံများ ကြားနေဆဲ ဖြစ်ပြီး လားရှိုးမြို့နယ်အတွင်းတွင် သေနတ်သံများ မကြားရ သော် လည်း စစ်ရေး တင်းမာနေဆဲ ဖြစ်သည်ဟူသည့် သတင်းများ ကြားနေရသည်ဟု ဦးဟောင်းဒေါင်းက ဆိုသည်။
“ကျနော်တို့ ဒေသခံရပ်မိရပ်ဖတွေ တဦးချင်း၊ အသင်းအဖွဲ့ လူမှုကူညီရေးနဲ့သော် လည်းကောင်း ဝိုင်းကူညီနေပါတယ်။ အဓိက အစားအသောက်နဲ့ အခြေခံ အသုံးအဆောင်၊ ဆေးဝါးတွေ ပထမဦးဆုံး ဝိုင်းဝန်းကူညီနေကြပါတယ်”ဟု လည်း ဦးဟောင်းဒေါင်းက ပြောသည်။
လားရှိုး အခြေစိုက် ရှမ်းလူငယ်အဖွဲ့မှ ကိုစိုင်းဟန်ကလည်း လားရှိုးမြို့နယ် အတွင်း နှစ်ဖက် တိုက်ပွဲဖြစ်သည်ဟူသည့် အခြေအနေမျိုး မတွေ့ရသော်လည်း ကျေးရွာများမှ ဒေသခံများမှာ ကျေးရွာအုပ်စုလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေ ကြသည်ဟု ဆိုသည်။
တပ်မတော် စစ်ကြောင်းများနှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ တပ်ဖွဲ့ဝင်များက ကျေးရွာများ အနီး လှုပ်ရှား သွားလာ နေကြဆဲ ဖြစ်သည်ဟု ဒေသခံများကလည်း ပြောသည်။
လားရှိုးမြို့နယ် ကုန်းဆာကျေးရွာတွင် သြဂုတ် ၁၈ ရက် ညပိုင်းက တပ်မတော်၊ ခြေလျင်တပ်ရင်း ခလရ ၆၈ က ဝင် လာပြီး ဘုန်းကြီးကျောင်းတွင်း စခန်းချ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ရွာတွင်း ကျကာ အသက် ၄၂ နှစ် အရွယ် ဦးလုံးအေး ဆိုသူ ထိခိုက်သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ဦးလုံးအေးသည် ကျည်ထိသည့် နေရာ၊ အိမ်ရှေ့တွင် သြဂုတ် ၁၈ ရက် ညပိုင်းကတည်း သေဆုံးနေပြီး ယင်းကျည် မထိခင်ကတည်းက မိသားစုများကလည်း စစ်ဘေးရှောင်သွားကြသဖြင့် အလောင်းကို နေရာရွှေ့ သဂြိုဟ်ပေးမည့်သူ မရှိဖြစ်နေသဖြင့် အရပ်ဘက် လူမှုကူညီရေး အဖွဲ့များက ရွာအတွင်းဝင်ပြီး အလောင်း သယ်ယူလာခဲ့ရသည်ဟု ဆိုသည်။
ကိုစိုင်းဟန်က“ထွက်ပြေးနေတဲ့ ရွာတွေကလည်း တအားများတယ်။ တခြားနေရာတွေတော့ မသိဘူး။ ဒီနေ့ကတော့ ကြောက်ပြီး ရှောင်နေကြတာတွေ ကြားတယ်။ ဒေသခံတွေ ပြောပြချက် အရပါ။ မနေ့ည ဦးလုံးအေး သေတာလည်း တိုက်ပွဲ မဖြစ်ဘူး၊ ဒေသခံတွေပြောချက် အရ ဘုန်းကြီးကျောင်းထဲ ဝင်ပြီး လက်နက်ကြီးပစ်လို့ ခင်ဗျ”ဟု ပြောသည်။
ကျေးရွာများတွင် သာမက ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားထားသည့် နောင်ချို၊ ကျောက်မဲ၊ လားရှိုး ကွတ်ခိုင်၊ သိန္နီမြို့၊ မြို့တွင်း များတွင်လည်း လမ်းများတွင် လူသွားလူလာ နည်းပါးနေပြီး ခြောက်ကပ်နေသည်ဟု ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ကွမ်းလုံနှင့် ဟိုပန်မြို့နယ်များသို့ သွားသည့် တံတားများ ဖျက်ဆီးခံထားရပြီး လားရှိုးမြို့နယ်ဘက်နှင့် လမ်းပန်း ဆက် သွယ်ရေးများ ပြတ်တောက်သွားသဖြင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေသည်ဟု ဆိုသည်။
ဦးဟောင်းဒေါင်းက“ဆန် ၃ သောင်းတန် တအိတ်ကို တသိန်း၊ တသိန်းခွဲထိ ဈေးတွေမြင့် တတ်နေတယ်။ ရှိနေရင် တောင် ထုတ်မရောင်းတော့တာတွေ ဖြစ်နေတယ်။ သာမန် အခြေခံ လူတန်းစားတွေ အတွက် ရပ်တည်နိုင်ဖို့ ခက်တဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်”ဟု ပြောသည်။
နှစ်ဖက်တပ်များ နိုင်ငံရေးအရ မပြေလည်သဖြင့် တိုက်ပွဲများ ဖြစ်ပွားရာတွင် အရပ်သားများကို ထိခိုက်နစ်နာစေသည့် လုပ်ရပ်များ မလုပ်ဆောင်ကြရန်၊ နိုင်ငံတကာ စံချိန်စံညွှန်းအရ လုပ်ကိုင် နေသည့် လူမှုအရပ်ဘက်အဖွဲ့များကိုလည်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးရန် တောင်းဆိုသည်ဟုလည်း ဦးဟောင်းဒေါင်းက ဆိုသည်။
ဒေသ မတည်မငြိမ် ဖြစ်ပြီး လမ်းတံတားများ ကျိုးပျက်သဖြင့် ကုန်ဈေးနှုန်းများ အဆမတန်တတ်လာသည့် အပေါ် တွင် လည်း အစိုးရက ထိန်းကျောင်းပေးရန် လိုအပ်သည်ဟု ဦးဟောင်းဒေါင်း က ပြောသည်။
ဧရာဝတီက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွ့ဲသို့ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေ မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရပါ။
ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က“တိုက်ပွဲကတော့ ဖြစ်တယ်။ ဒီမနက် အစော ပိုင်းကတည်းက ကွတ်ခိုင်မြို့နယ်ထဲက နမ့်ကွတ်နား တဝိုက်ရယ်၊ နမ့်ခိုက် တံတားနားတဝိုက်ရယ်။ ကျောက်မဲဘက် မှာတော့ ပန်မနားမှာ တနေရာ ဖြစ်တယ်။ တိုက်ပွဲ အကုန် အသေးစိတ်ကတော့ မရသေးဘူး”ဟု ပြောသည်။
ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ TNLA တဖွဲ့တည်း နှင့် မဟုတ်ဘဲ ညီနောင်မဟာမိတ် ၃ ဖွဲ့လုံး အတူတွဲ တိုက်နေခြင်း ဖြစ်သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပြသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ မြို့ပေါ် ဝင်ရောက် စစ်ဆင်ရေး လုပ်ဆောင်မှုတွေက ရပ်တန့် လိုက်ပြီလားဟု မေးမြန်းရာ ဗိုလ်မှူး မိုင်းအိုက်ကျော်က“စစ်ဆင်ရေးပြီးပြီလားဆိုတော့ ဒါက ထိုးစစ်တွေကြောင့် ဖြစ်လာတဲ့ တိုက်ပွဲတွေ ဖြစ်ပါ တယ်။ ထိုးစစ်တွေ ရှိနေရင်တော့ တိုက်ပွဲက ဒီတိုင်းပဲ ဆက်ဖြစ်မယ့် သဘောရှိပါတယ်”ဟု ပြောသည်။
မြို့ပေါ်တွင် စစ်ဆင်ရေးများ ထပ်မံပြုလုပ်ရန် ရှိမရှိ မေးမြန်းရာ ဗိုလ်မှူးမိုင်းအိုက်ကျော်က စစ်ရေးကိစ္စများ ဖြစ်သဖြင့် ပြောခွင့် မရှိပါဟု ဆိုသည်။
တဖက်တွင် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က သြဂုတ်လအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ TNLA၊ MNDAA နှင့် AA တို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံပြီး ပဏာမ အပစ်ရပ်စာချုပ် (Bilateral) အတွက် ဆက် ဆွေးနွေးရန် ကမ်းလှမ်းထားသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က ၎င်းတို့ ညီနောင်မဟာမိတ်များ မြို့ပေါ်သို့ ဝင်ရောက်တိုက်ခိုက်သော်လည်း ဆွေးနွေးပွဲများ ရပ်တန့်မည် မဟုတ်ဘဲ ဆွေးနွေးပွဲများကို ဆက်လက် လုပ်ဆောင်မည်ဟုလည်း ပြောသည်။
မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA၊ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင် စစ်တပ် (AA) တို့သည် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာ စစ်တက္ကသိုလ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး နောင်ချို အနီး တိုက်ပွဲများ ဖြစ်ကာ ဂုတ်တွင်း တံတားကို မိုင်းခွဲ ဖျက်ဆီး လိုက်သည်။
ရဲကင်းနှင့် တပ်စခန်းများကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရသဖြင့် တပ်မတော် စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးပြီး ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုး သိန်း ၂၈၀၀ ကျော် ဆုံးရှုံးကြောင်း တပ်မတော်ဘက်မှ ထုတ်ပြန်ထားသည်။
ကျောက်မဲ၊ လားရှိုး၊ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် တိုက်ပွဲများ ဆက်ဖြစ်ပြီး သြဂုတ် ၁၇ ရက် နံနက် ၃ နာရီတွင် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း၊ ကောင်းကော်ရွာနှင့် နမ့်တုန်ဆုံရွာကြားရှိ သံကူကွန်ကရစ်တံတား တစင်း၊ ဗြုန်း တောင် အတွင်းရှိ RC Arch တံတားတစင်း တို့ကို မိုင်းခွဲ ဖျက်ဆီး ထားသည်။
သြဂုတ် ၁၇ ရက် ညနေပိုင်း ၅နာရီခွဲခန့်တွင် သိန္နီ – ကွမ်းလုံ – ချင်းရွှေဟော်လမ်း၊ နားတီးရွာ အထွက် သံကူကွန် ကရစ် တံတားကိုလည်း မဟာမိတ် ၃ဖွဲ့က မိုင်းခွဲ ဖျက်ဆီးထားသည်။
သြဂုတ် ၁၇ ရက်က လားရှိုးမြို့အထွက် ၁၂ မိုင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ဆီဆိုင် မီးလောင်နေသဖြင့် အနီးအနားတွင် ထိခိုက်ဒဏ်ရာရသူများ၊ ထွက်ပြေးလာသူများကို ကယ်ရန် သွားသည့် လားရှိုးလူငယ်များ လူမှု ကူညီရေး အဖွဲ့ ပစ်ခတ်ခံရပြီး ကားမှောက်ခဲ့သည်။
အဖွဲ့မှ ဥက္ကဋ္ဌ ဦးထွန်းမြင့် သေဆုံးပြီး အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်။
သြဂုတ် ၁၇ ရက် နေ့လယ်ပိုင်းကလည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ ကျေးရွာအနီး တိုက်ပွဲကြား ဒဏ်ရာရသူများကို ကယ်ရန်သွားသည့် မေတ္တာရှင် လူမှုကူညီရေး အသင်း၏ ကား ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် ယာဉ်အကူတို့ ဒဏ်ရာ များ ရရှိထားသည်။
သြဂုတ် ၁၈ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ခိုက်တံတား အနီး မြင်းခွာရွက် သွားရှာပြီး ပြန်လာသည့် အရပ်သား တဦး ကို တပ်မတော် စစ်ကြောင်းက တားရာ ထွက်ပြေး၍ ခြေထောက်သို့ လှမ်းပစ်ခတ်ခံရသဖြင့် ကျည်ထိမှန် ထား သည်။
You may also like these stories:
ရပ်တည်ရန်ခက်ခဲနေဆဲ ရှမ်းမြောက်ဒေသဆေးဖြတ်စခန်းများ
ပြည်တွင်းစစ်ကြောင့်ဓားစာခံဖြစ်ရသူများအတွက် ထောက်ပံ့မှုများလိုအပ်
ပိုမိုကောင်းမွန် ပြည့်စုံသော NCA ဖြစ်တယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးမယ်
အပစ်ရပ် ကာလ လုံလောက်ပြီဟု တပ်မတော် ပြော