ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အထွက် နမ့်ဖတ်ကာ၏ တောင်ဘက် မီတာ ၁၀၀ ခန့် အကွာတွင် တည်ရှိသည့် တံတား လုံခြုံရေး တပ်စခန်းတခုကို ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်း က “နမ့်ခိုင်တံတားမှာ လုံခြုံရေးစခန်းတခု ရှိတယ်။ အဲဒီမှာ ထိတွေ့ မှု ၂ ကြိမ် ဖြစ်ခဲ့ တယ်။ ပစ်ပြေးသဘောပဲ။ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိ ဘူး။ ပြီးတော့ ကွတ်ခိုင်မြို့ရဲ့ တောင်ဘက် မီတာ ၈၀၀၀ လောက်မှာ TNLA အင်အား ၄၀ လောက်နဲ့ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့ တခုနဲ့ ထိတွေ့ မှု တခု ဖြစ်တယ်။ အဲဒါလည်း ပစ်ပြေးပဲ။ ထိခိုက်မှု မရှိဘူး” ဟု ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့ နှံ့နေသည့် တံတားလုံခြုံရေး ဆောင်ရွက်သည့် စခန်းတခု ကျသွားပြီ ဆိုသည်မှာ မဟုတ်ကြောင်း၊ ယင်းဗီဒီယိုဖိုင်မှာလည်း ယခင် အဟောင်းဖိုင်များကို ပြန်တင်နေကြခြင်း ဖြစ်ကြောင်း၊ သို့သော် လားရှိုးမြို့ နယ်၊ ကုန်းဆာ ကျေးရွာသို့ လက်နက်ကြီး ကျည်ကျပြီး အရပ်သားတဦး သေဆုံးသွားသည်မှာ မှန်ကန်ကြောင်း ၎င်းက ပြောပြသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “စခန်းကျတာ မရှိပါဘူး။ အရင်က အဟောင်းတွေ ဖြစ်မယ်။ ဒီနေ့ ဖြစ်စဉ်ကတော့ မနက်ပိုင်းတုန်းက လားရှိုးနားလေးမှာ ကုန်းဆာ ကို လက်နက်ကြီးနဲ့ ပစ်တာ ရှိတယ်။ ကုန်းဆာဘက်မှာ ရှိတဲ့ တပ်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ ဟိုဘက်က လက်နက် ကြီးနဲ့ ပစ်တဲ့အတွက် ကုန်းဆာမှာ ရှိတဲ့ အရပ်သားတယောက် သေဆုံးသွားတယ်”ဟု ပြောသည်။
ယနေ့ တိုက်ပွဲများမှာ နမ့်ခိုင်တံတားနားတွင် နေ့လယ် ၁ နာရီခန့်က ဖြစ်ပွားကြောင်း၊ နမ့်ခိုင်တံတားနားရှိ တပ်စခန်းကို TNLA လာရောက် နှောက်ယှက်ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ကွတ်ခိုင်မြို့အနီး တောင်ဘက်တွင် ဖြစ်ပွားသည့် တိုက်ပွဲမှာ နေ့လယ် ၂ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်မှ သိရသည်။
ယနေ့ တိုက်ပွဲများနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် TNLA တာဝန်ရှိသူများထံသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ထို့ပြင် ပြီးခဲ့သည့် ရက်က ထုတ်ပြန်ခဲ့သည့် သိန္ဒီ-ကွမ်လုံ-ချင်းရွှေဟော် ကားလမ်းပေါ်ရှိ တံတား ၃ စင်း ချိုးဖျက်ခံရမှုတွင် မိုက် တိုင်စန် တံတားမှာ ယနေ့ ညနေ ၄ နာရီမှ စ၍ ဘေလီတံတား ထိုးပေးလိုက်သဖြင့် ကားကြီးများ စတင် ဖြတ်သန်းနိုင်ပြီ ဖြစ် ကြောင်း၊ ကျန် ၂ စီးကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၁၅ ရက်နေ့က ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်းနှင့် ဂုတ်တွင်း တံတားတို့တွင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ ဝင်များ ကျဆုံးခဲ့သည့် ဂုတ်တွင်းတံတားကိုမူ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြန်လည် တည်ဆောက် နေပြီး တပ်မတော်က လုံခြုံရေး ပေးထားကြောင်း သိရသည်။
ယခုလို လမ်းတံတားများ ထိခိုက်ပျက်စီးအောင် ပြုလုပ်ရခြင်းသည် တပ်မတော် စစ်ကူများ အချိန်မီ မရောက်လာအောင် ဆောင် ရွက်ရခြင်း ဖြစ်သည်ဟု TNLA ခေါင်းဆောင်တဦးက ထုတ်ဖော်ပြောဆိုသော်လည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို များစွာ ထိခိုက်ခဲ့ရသည်။
မဟာမိတ်ဖွဲ့ ထားကြသည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (MNDAA-ကိုးကန့် အဖွဲ့)၊ ရက္ခိုင် တပ်မတော် (AA) တို့သည် ရခိုင်ပြည်နယ်တွင် AA အဖွဲ့သည် စစ်ရေးအရ ဖိအား ပေးခံနေရချိန် အရှေ့မြောက်ဘက် ရှမ်းပြည်နယ်တွင် TNLA က တပ်မတော် နည်းပညာတက္ကသိုလ်ကို လက်နက်ကြီးဖြင့် ဝင်ပစ်ပြီးနောက် စစ်မျက်နှာတခု ထပ်ဖွင့်ပေးခဲ့သည်။
ယင်းနေ့ သြဂုတ်လ ၁၅ ရက်နေ့က ၎င်းတို့ ပူးပေါင်းအဖွဲ့ ဖြစ်သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် တပ်မ တော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးသွားကြောင်း၊ ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုး ကျပ် ၂၈၂၁ သိန်းဖိုး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ပြင်ဦးလွင် စစ်သင်တန်းကျောင်း အပါအဝင် အနည်းဆုံး နေရာ ၅ ခုကို တိုက်ခိုက်ခဲ့သည်မှာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က တိုက် ခိုက်ခြင်း ဖြစ်ကြောင်း၊ ယခုလို တိုက်ခိုက်ရခြင်းသည် ၎င်းတို့ နယ်မြေတွင် ထိုးစစ်များ ပြင်းထန်လာသဖြင့် စစ်မျက်နှာ ပြောင်းရန် ကြိုးစားရခြင်း ဖြစ်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောဆိုထားသည်။
ယင်းတိုက်ခိုက်မှုများ အပြီးတွင် အစိုးရ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ယခုလို အကြမ်းဖက် တိုက်ခိုက်ခံရသော် လည်း ငြိမ်းချမ်းရေးတံခါး ဖွင့်ထားဆဲ ဖြစ်ကြောင်း သမ္မတရုံး တာဝန်ရှိသူက ပြောဆိုသော်လည်း တပ်မတော်ကမူ တူညီသည့် တုန့်ပြန်မှုမျိုး ခံရလိမ့်မည်ဟု ပြောဆိုခဲ့သည်။
You may also like these stories:
တိုက်ပွဲများကြောင့် မူဆယ် နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်း
တပ်မတော်နှင့် TNLA စစ်ရေးတင်းမာမှု ကွတ်ခိုင် ဒေသခံ ၂၀၀ကျော် ထွက်ပြေးရ
တပ်မတော်နှင့် TNLA စစ်ရေးတင်းမာမှု ကွတ်ခိုင် ဒေသခံ ၂၀၀ကျော် ထွက်ပြေးရ