မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ရှိ ရဲနှင့် စစ်စခန်းများကို မကြာသေးမီက တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းသည် မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေသည် ဟု တရုတ်နိုင်ငံက တနင်္လာနေ့တွင် ဝေဖန်ခဲ့သည်။
တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (NA) က ပြုလုပ်ခဲ့သော တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ကန်းစွမ့် က ဘေ့ဂျင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ပြီးခဲ့သည့်ကြာသပတေးနေ့က ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ ရှမ်းပြည်နယ်နောင်ချိုရှိ ရဲနှင့် စစ်တပ် လုံခြုံရေးစခန်းများအား ကနဦး တိုက်ခိုက်မှုသည် စစ်သားများနှင့် အရပ်သား နှစ်ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးကို သေဆုံးစေခဲ့သည်။
တိုက်ခိုက်မှုများသည် ထိုအချိန်မှ စတင်ပြီး လားရှိုးအနီး ဒေသတွင် စတင် ပျံ့နှံ့ ပြင်းထန်လာပြီး အပြန်အလှန် လက်ဖြောင့်တပ်သားများ၏ ပစ်ခတ်မှုနှင့် ဒုံးကျည် ပစ်ခတ်မှုအတွင်း ကယ်ဆယ်ရေးလုပ်သားတဦး သေဆုံးခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှုကို အလွန်အလေးအနက်ထားကြောင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ကန်းစွမ့် က ဘေ့ဂျင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်အခပ်ရပ်စဲထားသည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားရန် လိုကြောင်း နှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြုသဘောဖြင့် ဆက်လက်ထောက်ခံကြောင်းလည်း သူပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကချင်နှင့် ရှမ်းပြည်နယ်များနှင့် နယ်နမိတ်ထိစပ်နေပြီး ထိုဒေသများသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော ရပ်ဝန်းနှင့်လမ်းအစီအစဉ်(BRI) နှင့်ပတ်သက်သည့် စီမံကိန်းမျာ းတည်ရှိရာနေရာများဖြစ်သကဲ့သို့ မကြာသေးမီက တိုက်ပွဲများဖြစ်ပွားသော နေရာများလည်း ဖြစ်သည်။
တပ်မတော်သည် ထိုဒေသတွင် တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကကြေညာခဲ့ပြီး ထိုအပစ်အခတ်ရပ်စဲမှုကို နှစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့အထိ ဆက်လက်ရပ်စဲထားမည်ဟု ဆိုသည်။ သို့သော် တပ်မတော်သည် ၎င်းတို့ကြေညာထားသော တဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို ချိုးဖေါက်ကာ TNLA နှင့် MNDAA စခန်းများကို အကြိမ်ကြိမ်တိုက်ခိုက်နေသည်ဟု ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောသည်။
အထက်ပါ တိုက်ခိုက်မှုများကို ပြုလုပ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ကကြေညာခဲ့ပြီးနောက် “မိမိတို့ဒေသများအတွင် စစ်ရေးဖိအားကို လျှော့ချရန် လိုအပ်သော တန်ပြန်ထိုးစစ်သစ်များ” ပြုလုပ်ခဲ့ကြောင်းပြောသည်။
တပ်မတော်ကမူ ထိုမြောက်ပိုင်း မဟာမိတ်တိုက်ခိုက်မှုသည် ဇူလိုင်လ ၂၅ ရက်နေ့နှင့် သြဂုတ်လ ၈ ရက်နေ့များက ထိုဒေသတွင် ကျပ် ၁၆ ဘီလီယံတန်ကြေးရှိ မူးယစ်ဆေးနှင့် မူးယစ်ဆေးထုတ်လုပ်မှု ကိရိယာများကို တပ်မတော်က ဖမ်းဆီးလိုက်ခြင်းကြောင့် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
၂၀၁၇ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံသည် တပ်မတော်နှင့်မြောက်ပိုင်းမဟာမိတ်များအကြား တရားဝင် ငြိမ်းချမ်းရေးကြားဝင်ဆောင်ရွက်သူအဖြစ် လုပ်ကိုင်နေသော်လည်း ထိုညှိနှိုင်းမှုများသည် တုံ့ဆိုင်းနေသည်။
အထက်ပါ တိုက်ခိုက်မှုမတိုင်မီ နှစ်ရက်အလိုတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၎င်းတို့သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တပ်မတော်နှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရန် ကြိုးစားနေကြောင်း၊ သို့သော်လည်း တပ်မတော်က ရခိုင်ပြည်နယ်တွင် AA ကို တိုက်ခိုက်မှုနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် MNDAA တို့ကို တိုက်ခိုက်မှုသည် တနေ့တခြားကြီးမားနေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
( Nan Lwin ၏ China Condemns Myanmar’s Ethnic Rebels for Shan State Fighting ကို ဘာသာပြန်ဆိုသည်။)
အကြမ်းဖက် တိုက်ခိုက်ခံရသော်လည်း ငြိမ်းချမ်းရေး တံခါး ဆက်ဖွင့်ထားဟု သမ္မတရုံး ပြော
လာရှိုးနှင့် ကွတ်ခိုင်မြို့တို့ကို လက်နက်ကိုင် ၂၀၀ ခန့် လာရောက် တိုက်ခိုက်ဟုဆို
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ