သတင်း

မင်းပြား၌ နေအိမ်အတွင်း လက်နက်ကြီးကျ၊ တပ်မတော်သား ၁ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဂန့်ဂေါ်မြိုင် ရပ်ကွက် လူနေအိမ် အတွင်း သြဂုတ်လ ၁၉ ရက် ညက လက်နက်ကြီး ကျည် ကျ၍ တပ်မတော်သား ၁ ဦး သေဆုံးပြီး ဇနီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူ အသက် ၅၀ အရွယ် တပ်ကြပ်ကြီး လှထွန်းမှာ ရသေ့တောင်မြို့ အခြေစိုက် ခြေမြန် တပ်ရင်း – ခမရ (၅၃၇) တပ်ရင်းမှ ဖြစ်ပြီး ဇနီး ဒေါ်သန်းသန်း၏ မိခင် ကျန်းမာရေး အခြေအနေကြောင့် ၎င်းတို့ဇာတိဖြစ်သည့် မင်းပြား မြို့သို့ သြဂုတ်လ ၁၆ ရက်က ခွင့်ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

တပ်ကြပ်ကြီး လှထွန်း၏ ယောက်ဖဖြစ်သူ ကိုညီညီဝင်းက“မနေ့က ည ၉ နာရီ ၁၀ မိနှစ်လောက်မှာ ဂျိမ်းဆိုပြီးတော့  ပစ်သံကြားလိုက်ပါတယ်။ အဲဒီမှာ ကျနော့် အစ်မက အိမ်ကို မီးလုံး လာကျတယ်လို့ အော်ပါတယ်။ ကျနော် ပြေးပြီး တော့ အိမ်ပေါ်တက်ကြည့်တော့ ကျနော့်ယောက်ဖ လဲနေတယ်။ သတိရတချက်၊ မရတချက် ဖြစ်နေပါတယ်။ ကျနော့် အစ်မ မှာတော့ ဘယ်ဘက်လက်မောင်းမှာ ထိတယ်။ ပစ်တာက ကျိမ်းတောင် ဘုရားအထက်က တပ်ကနေပစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ လက်နက်ကြီး ကျည်ဆန် ထိမှန်သဖြင့် လက်ရှိ အချိန်တွင် သေဆုံးသူ တပ်ကြပ်ကြီး လှထွန်းကို သဂြိုဟ်ရန် ပြင်ဆင် နေကြပြီး ဒေါ်သန်းသန်းမှာလည်း လက်မောင်း ဒဏ်ရာရရှိသဖြင့်မင်းပြားဆေးရုံ၌ တက်ရောက် ကုသနေရ ကြောင်း သိရသည်။

ဒေါ်သန်းသန်းက“ကျမတို့က အမေ နေမကောင်းလို့ ခွင့်နဲ့ လာကြတာပါ။ မနေ့က အိပ်နေကြတာ။ အဲဒီမှာ လက်နက် ကြီး လာကျတာ။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ ကျိမ်းတောင်ဘုရား တောင်ပေါ်ကနေ တပ်က ပစ်တာ။ ဘာကြောင့် ပစ်တာ ဆိုတာတော့ မသိဘူး။ ကြောက်လန့်ပြီး အဝေးကို လှမ်းပစ်တာမှာ လာကျတာ ထင်ပါတယ်။ ကျမတို့ လူနာကို ဆေးရုံပို့တဲ့ အချိန်လည်း လက်နက်ငယ်တွေနဲ့ ပစ်နေတုန်းပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန်  ဧရာဝတီမှ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့  တပ်ကြပ်ကြီးလှထွန်း သေဆုံးမှု ဖြစ်စဉ် အပေါ် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

တပ်ကြပ်ကြီး လှထွန်းနှင့် ဇနီးဒေါ်သန်းသန်းတို့၏ မိသားစု နေထိုင်သည့် အိမ်မှာ မင်းပြား ကျိန်းတောင်ဘုရား အနီး ဂန့်ဂေါ် မြိုင် ရပ်ကွက် ဆင်ကြီးပြင်ကျော်လမ်း ဥယျာဉ်ခြံတွင် နေအိမ် ဆောက်လုပ်ကာ နေထိုင်ကြခြင်း ဖြစ်ကြောင်း လည်း သိရသည်။

ထိုသို့ သေဆုံးသွားသည့် အတွက် မိခင်တပ်ရင်း ဖြစ်သည့် ရသေ့တောင် အခြေစိုက် ခမရ (၅၃၇) တပ်ရင်းသို့ ကာယ ကံရှင် မိသားစုဝင်များက အကြေားကြားခဲ့သည်ဟု ဆိုသည်။

လက်ရှိ အချိန်တွင် မင်းပြား အခြေစိုက် အမှတ် (၃၈၀) တပ်ရင်းမှ အရာရှိ စစ်သည်များမှာ တပ်မတော် အခမ်းအနားနှင့် သဂြိုဟ်ရန်နှင့် အမိန့်စာ ဖတ်ကြားရန် အတွက် ရောက်ရှိနေကြကြောင်းလည်း သိရသည်။

You may also like these stories:

မြောက်ဦးတွင် INGO ဝန်ထမ်းတဦး သေနတ်ဖြင့် အပစ်ခံရ

အရပ်သားများ သေဆုံးမှု ခုံရုံး ရလဒ်ကို မူတည်၍ တရားစွဲသင့် မသင့် ဆုံးဖြတ်မည်ဟု ဆို

ရသေ့တောင် အမျက်တောင်ရွာမှ နေအိမ်တချို့ မီးရှို့ခံရဟု ဆို

မြေပုံမြို့နယ်၌ ရွာသား ၂ ဦး နေအိမ်အတွင်း ပစ်သတ်ခံရပြန်

Did you find apk for android? You can find new Free Android Games and apps.
Loading