တရုတ်ကုမ္ပဏီက တည်ဆောက်နေသည့် ရွှေကုက္ကို မြို့သစ်စီမံကိန်း တိုးချဲ့အပိုင်းသစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) စည်းကမ်းနှင့် လွဲချော်မှုများရှိ၍ ခေတ္တရပ်နားခိုင်းထားကြောင်း ကရင်ပြည်နယ်၊ နယ်ခြားစောင့် တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။
မြို့သစ်စီမံကိန်းတွင် မြေဧက ၂၅.၅ ဧကပေါ်တွင် ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ ၂၂.၅ သန်းဖြင့် အဆင့်မြင့်အိမ် ယာ ၅၉ လုံး တည်ဆောက်ရန် MIC က ခွင့်ပြုခဲ့သည့်အပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးလုနီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး စောချစ်သူ က “ပြည်နယ်ခွင့်ပြုထားတာက ၆၂ ဧကပေါ်မှာ အိမ်ရာ ၅၉ လုံး၊ တော်တော်များများ ပြီးသလောက်ဖြစ်ပြီ၊ တင်ပြထားပြီး စီစဉ်ထားနေဆဲတွေလဲရှိတယ်၊ ဒါတွေကို MIC ရဲ့ စည်းကမ်းချက်တွေနဲ့ လွဲချော်နေတဲ့ အပိုင်းတွေကို ပြန်တည့်မှတ်ဖို့ ခေတ္တ ခန ရပ်နားထာပါတယ်၊ ဆက်မတိုးသေးနဲ့ဦး ဆိုပြီးတော့” ဟု ပြောသည်။
ကာစီနို လောင်းကစားရုံများ၊ အဆင့်မြင့်အိမ်ရာများ၊ ကုန်သေတ္တာကွင်းများ၊ ဟိုတယ်များ ပါဝင်မည်ဖြစ်ကြောင်း တရုတ်ကုမ္ပဏီက ထုတ်ဖော်ပြသမှု ပြုလုပ်ထားသည့် ယင်းမြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်၏ လွှမ်းမိုးမှုများ ရှိလာမည်ကို ဒေသခံများအကြား စိုးရိမ်မှုများရှိနေပြီး ကရင်ပြည်နယ်အစိုးရ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က “အပေါ်ကို အစီအရင်ခံစာ တင်ထားပြီးပါပြီ၊ ပြည်ထောင်စု ကိုရော၊ သမတရုံးကိုရော၊ ရလဒ်ကတော့ သက်ဆိုင်ရာ ဝန်ကြီးကိုပဲ အင်တာဗျူးတာပိုပြီးကောင်းပါတယ်၊ ကျမ က အထွေထွေလောက်ပဲသိတာ” ဟု ယနေ့ပြုလုပ်သည် BGF တပ်ဖွဲ့များ ၉ နှစ်ပြည့်အခမ်းအနားအပြီးတွင် ပြောသည်။
မြို့သစ်စီမံကိန်းအား တရုတ်နိုင်ငံမှ Jiliin Yatai International ကုမ္ပဏီ နှင့် ချစ်လင်းမြိုင် ကုမ္ပဏီတို့အကြား ၂၀၁၇ ခုနှစ်တွင် နှစ် ၅၀ မြေငှားရမ်းမှုဖြင့် သဘောတူလက်မှတ်ရေးထိုးကာ ဒေသဖွံ့ဖြိုးရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင်များလည်း ရရှိစေခဲ့ကြောင်း ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။
ဗိုလ်မှူးကြီးစောချစ်သူက “တရုတ်လွှမ်းမိုးမှုဆိုတာကို စဉ်းစားပါ၊ ကျနော်လဲ ကရင်တယောက်ပါပဲ၊ ဒီဒေသကို တရုတ်လာလွှမ်းမိုးရင်လဲ လက်ခံမှာမဟုတ်ပါဘူး၊ တရုတ်မပြောနဲ့ ဘယ်သူမှ လာလွှမ်းမိုးမှုမှ ကျနော်လက်ခံမှာ မဟုတ်ပါဘူး”ဟု ပြောသည်။
အဆိုပါမြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး Asia Time သတင်းတပုဒ်တွင် ကရင်ပြည်နယ်၊ နယ်ခြားစောင့် တပ်နှင့် တရုတ်ကုပ္မဏီတို့ အကြားပူးပေါင်းပြီး ဆောက်လုပ်နေသည့် ရွှေကုက္ကို အဆင့်မြင့် အိမ်ယာ စီမံကိန်းတွင် ကာစီနိုများ ပါဝင်လာဖွယ်ရှိကြောင်း ရေးသားဖော်ပြခဲ့သည်။
ယင်းသို့ ဖော်ပြခဲ့ပြီးနောက် လူမှုကွန်ရက်တွင် မြန်မာနိုင်ငံထဲတွင် ဆောက်လုပ်မည့် တရုတ်မြို့ငယ်လေး တမြို့အဖြစ် အဆိုပါ စီမံကိန်းအပေါ် ဝေဖန်မှုများ ရှိလာခဲ့ပြီးနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဆင့်မြင့်အိမ်ရာ (Villa) များသာ ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ခဲ့ရသည်။
ဆက်စပ်ဖတ်ရှူရန် – ရွှေကုက္ကိုတွင် အိမ်ရာစီမံကိန်းသာ ခွင့်ပြုထားဟု MIC ပြော