ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပုံမှန်ပြန်လည်ကျင်းပနိုင်ရေးအတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင် နှင့်ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ ညှိနှိုင်းဆွေးနွေးမှု ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၀ ရက် မနက်ပိုင်းက တွေ့ဆုံ ညှိနှိုင်းခဲ့ကြသည်။
KNU နှင့် အစိုးရ ဘက်တို့ ယနေ့ နှစ်ဖက် အပြန်အလှန်ဆွေးနွေးမှုသည် အပြုသဘောဆောင်ပြီး ညှိနှိုင်းစရာ အချက် အနည်းငယ် ကျန်ရှိသေးသည့်အတွက် ဆက်လက်ဆွေးနွေးသွားရန် ရှိကြောင်း အစိုးရနှင့် KNU အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်များက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လာမည့် စက်တင်ဘာလတွင်လည်း ရန်ကုန်တွင် အစိုးရနှင့် KNU အဖွဲ့တို့ ထပ်မံတွေ့ဆုံ ညှိနှိုင်းသွားကြမည်ဟုလည်း ဆိုသည်။
ယနေ့ ညှိနှိုင်းဆွေးနွေးမှုတွင် ယခင် မူလက တင်ပြထားသည့်အတိုင်း NCA ကို အကောင်အထည်ဖော်မှုဆိုင်ရာ အဓိက အချက် ၃ ချက် ညှိနှိုင်းခဲ့ပြီး တဖက်နှင့်တဖက် ပိုမို နားလည်နိုင်စေရန် အမြင်ဖလှယ်ခြင်း ဖြစ်သည်ဟု KNU ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက သတင်းထောက်များကို ပြောသည်။
KNU ဒုတိယဥက္ကဌ က”တက အပစ်ခတ်ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်မယ့် ကိစ္စ၊ ဒုတိယအချက်က နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကိစ္စ နဲ့ တတိယ အချက်ကတော့ လုံခြုံရေးဆိုင်ရာ ကိစ္စကို အဓိက ညှိနှိုင်းတယ်။ အသေးစိတ်ညှိနှိုင်းတာတော့ မဟုတ်ဘူး။ သဘောလောက်ပဲ။ သွားမယ့်လမ်းကြောင်းအပေါ် ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား ၂၀၁၅ ခုနှစ် အောက်တိုဘာလက တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ပြီး၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကျင်းပကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနှင့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ စုစုပေါင်း ၄ ကြိမ် ကျင်းပပြီးစီးခဲ့သော်လည်း NCA ပါ ပြဌာန်းချက်များ အပြည့်အ၀ အကောင် အထည်ဖော်ရေးနှင့် ပတ်သက်ပီး နားလည်မှု မတူညီမှုများ ရှိနေခြင်းကြောင့် ရှေ့ဆက်မရနိုင်ဘဲ ရှိနေခဲ့သည်။
KNU က ယမန်နှစ် နိုဝင်ဘာလမှ စတင်ကာ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရေးကို ရပ်ဆိုင်း ထားသော်လည်း ၎င်းအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောတာဒိုမူး ဦးဆောင်သည့်အဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှုများ ရှိနေခဲ့သည်။
ယခုတကြိမ် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့်ညှိနှိုင်းမှုတွင်မူ KNU ဒုတိယဥက္ကဋ္ဌ က ဦးဆောင်ကာ တွေ့ဆုံ ညှိနှိုင်းခြင်း ဖြစ်သည်။
ဖဒိုစောကွယ်ထူးဝင်းက NCA ပါ ပြဌာန်းချက်အတိုင်း အကောင်အထည်ဖော်ရာတွင် အနှစ်သာရကို အကောင် အထည်ဖော်ရန် ပို၍ အဓိက ကျသဖြင့် ထိုသို့ နှစ်ဖက် နားလည်နိုင်ရန်မှာလည်း ညှိနှိုင်းတွေ့ဆုံမှု အကြိမ်ကြိမ် ရှိခြင်းက အထောက်အကူ ပြုသည်ဟု ဆိုသည်။
ဖဒိုစောကွယ်ထူးဝင်း က “ဒီငြိမ်းချမ်းရေးက အကုန်လုံးကတော့ လိုလားနေကြပါတယ်။ ဒီလိုရပ်တန့်တာကလည်း အနေအထားတခုအရ ပိုမိုကောင်းမွန်တဲ့ ဆောင်ရွက်မှု လုပ်နိုင်ဖို့အတွက် ကျနော်တို့ လုပ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ အခုလို တွေ့ဆုံခြင်းအားဖြင့် သွားနိုင်တဲ့လမ်းကြောင်းကို ရှာနိုင်တယ်။ အလွတ်သဘောထက် ညှိနှိုင်းအစည်းအဝေးလို့ ကျနော်က သုံးချင်တယ်။ ညှိနှိုင်းတယ်ဆိုတာက ဒီ အဆင်မပြေသေးတဲ့ဟာ အဖြေရှာလို့မရသေးတဲ့ဟာ ညှိနှိုင်းခြင်းအားဖြင့် နှစ်ဖက် လက်ခံနိုင်တဲ့ အဖြေရပီးတော့ ဆက်သွားနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ပြီး ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဧရာဝတီသို့ ပြောဆိုသည်။
မကြာခဏ ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် ရှေ့ဆက် ညှိနှိုင်းရမည်များကို နှစ်ဖက် စလုံးက နားလည် လက်ခံပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခက်အခဲ ပြဿနာများ ဖြေရှင်းရေးကို နှစ်ဖက်စလုံးက ဦးတည်လျက် ရှိသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကလည်း အစည်းဝေးအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“ကျနော်တို့ ကြားမှာ ကြီးကြီးမားမား ကွဲပြားတာတွေတော့ မရှိတော့ဘူး။ ဒီလုပ်ငန်းစဉ်အပေါ်မှာ နှစ်ဖက်စလုံး ကလည်း ယုံယုံကြည်ကြည်နဲ့ စေတနာနဲ့ လုပ်နေတယ်လို့မြင်တယ်။ အခုက စပြီးတော့ နောက်ပိုင်းမှာ ပိုပြီးကောင်းမွန်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ ဖြစ်လာမယ်” ဟု ယူဆကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။
ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၁၉ -၂၀ ရက်အတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး၊ KNU နှင့် RCSS ပါဝင်သောNCA အပစ်ရပ် ၁၀ ဖွဲ့၏ အလွတ်သဘောညှိနှိုင်းရေး အဖွဲ့နှင့် တွေ့ဆုံခဲ့ သည်။
You may also like these stories:
အစိုးရ-တပ်မတော်နှင့် အပစ်ရပ်အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံရန် အစိုးရဖိတ်ခေါ်
အစိုးရနှင့် အပစ်ရပ်အဖွဲ့များ ဆွေးနွေးမည်
မြောက်ပိုင်းမဟာမိတ် တိုက်ခိုက်မှုကြောင့် ဆွေးနွေးရေး လမ်းစပျောက်သွားမလား