ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအုပ်စု အတွင်း သေနတ်ဒဏ်ရာ ရထားသူ ၂ ဦးကို ကယ်ရန်သွားသည့် မူဆယ်အခြေစိုက် ဂရုဏာလူမှုကူညီရေးအသင်းကား တစီး ယနေ့မွန်းလွဲပိုင်းက ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။
တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ပွဲအကြား သေနတ်မှန်ထားသည့် လူနာ ၂ ဦးကို ကယ်ရန် ပလောင်ယဉ်ကျေးမှုအသင်းက အကြောင်းကြား၍ သယ်ယူရန် သွားရောက်စဉ် ပစ်ခတ် ခံရခြင်း ဖြစ်ကြောင်း ဂရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်း က ပြောသည်။
ဦးသောင်းထွန်း က “တပ်မတော်က ပစ်တာ မဟုတ်ဘူး ဆိုတာ သေချာ ပြောလို့ရပါတယ်၊ အဲနေရာမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့က နေရာယူထားတာပါ။ တားတာကတော့ လမ်းပေါ်မှာ သစ်တုံးချ တားထားတယ်။ အဲနေရာ မရောက်ခင်မှာ ကျနော်တို့ ကားတွေကို ရပ်တယ်၊ ရပ်တဲ့ နေရာမှာ ပစ်ခံလိုက်ရတာဖြစ်ပါတယ်။ သစ်တုံး တားထားတဲ့ နေရာနဲ့ ပေ ၃၀၀-၄၀၀ လောက်ဝေးသေးတယ် အဲမှာ လှမ်းပစ်တာ” ဟု ပြောသည်။
ဒဏ်ရာရ လူနာများမှာ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအုပ်စု၊ ဖားပင်ရွာမှ အိုက်ဆန်နှင့် ကုန်းသုံရွာမှ အိုက်လန်တို့ ၂ ဦးဖြစ်ပြီး တဦးမှာ ခြေထောက်ထိထားသကဲ့သို့ နောက်တဦးမှာ ခြေထောက်နှင့် လက် ထိထား ကြောင်းသိရသည်။
ထိုပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရခြင်း မရှိကြောင်း သို့သော်လည်း ခရီးမရောက်မီတွင်ပင် ပစ်ခတ်ခံရခြင်းကြောင့် ထိုလူနာများကို ကယ်တင်နိုင်ခြင်း မရှိခဲ့ကြောင်း ဂရုဏာလူမှုကူညီရေး အသင်းက ဆိုသည်။
ဦးသောင်းထွန်း က “သူတို့ (လူနာ) ကျည်ဆံလည်း မထုတ်ရသေးဘူးတဲ့ ခြေထောက်ကို ထိထားတဲ့ တယောက်က အရိုးထဲထိ ထိထားတယ်တဲ့ အခု အနံ့လည်း ထွက်နေပြီတဲ့ ဖြတ်ရမယ်ထင်တယ်လို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ခိုမုန်းရွာမှ ကွတ်ခိုင်မြို့နယ်ဘက်သို့ သွားမည့် လမ်းကို တပ်စွဲထားခြင်းကြောင့် သွား၍ မရဘဲ ဖြစ်နေကြောင်း၊ ထိုနေရာမှာ တိုက်ပွဲမရှိသော်လည်း အနီးအနားတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ဦးသောင်းထွန်းက “မူဆယ်ကနေ ခိုးမုန်းရွာအထိကိုတော့ သွားလို့ရပါတယ်၊ ခိုမုန်းရွာကနေ ဟိုဘက်ကို ပိတ်ထားတယ်၊ သွားလို့မရဘူး။ ပိတ်ထား တာလည်း ၄-၅ ရက် ရှိနေပါပြီ။ ကျနော်တို့ ဒီဘက်က ခရီးသွား ပြည်သူတွေရော ရပ်ရွာနေတဲ့ ပြည်သူတွေရော အကုန်လုံး အခက်အခဲတွေတော့ ဖြစ်နေပါတယ်။ တပ်ကလည်း ဒီအချိန်ထိ လာရှင်းလင်းခြင်း မရှိပါဘူး” ဟု ပြောသည်။
ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်က နောင်ချို နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ်ပြုလုပ်ခဲ့သည်။
ထို့ပြင် မူဆယ်-မန္တလေးကြား ကုန်သွယ်လျက်ရှိသော ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို မြို့ ဂုတ်တွင်းတံ တားကိုလည်း ဖောက်ခွဲ ဖျက်စီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး နှစ်ဖက် တိုက်ပွဲ များ ရင်ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့ချိန်ထိ ဖြစ်သည်။
သြဂုတ်လ ၁၇ ရက်က လားရှိုး-မူဆယ်လမ်း လားရှိုးမြို့အထွက် ၁၂ မိုင်ခန့်အကွာ နမ့်တွန်း ကျေးရွာအုပ်စု အတွင်းရှိ တိမ်ဖြူစက်သုံးဆီ ရောင်းဝယ်ရေး ဆီပန့် ပစ်ခတ်မှုဖြစ်သည့်အတွက် အကူအညီလို နေသူများကို လားရှိုး လူငယ်ကူညီ ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကယ်ဆယ်စဉ် ကားကို ပစ်ခတ်ခဲ့ခြင်း ကြောင့် ဥက္ကဋ္ဌ ဖြစ်သူ သေဆုံးခဲ့သည်။
ထို့ရက်မှာဘဲ နမ့်ဖတ်ကာအထွက်မှာ ဒဏ်ရာ ရရှိနေသော လူနာများကို သွားရောက် ကယ်ဆယ်ရန် မေတ္တာရှင် လူမှုကူညီရေးအသင်း (နမ့်ဖတ်ကာ) ကားကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရှေ့ကားမှန်များ ကွဲသွားခဲ့သည်။
လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် (ကိုးကန့်) ဒေသမှာ MNDAA နှင့် တပ်မတော်တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး အကူအညီလိုသူများကို သွားရောက် ကူညီပေးခဲ့ သော ကြက်ခြေနီကားတန်း (ကြက်ခြေနီအလံနှင့် အမှတ်တံဆိပ်ပါကား) ကို ဖေဖော်ဝါရီလ ၁၇ ရက်က ပစ်ခတ် တိုက်ခိုက်ခဲ့ရပြီး ကူညီသွားသူများ သေနတ် ထိမှန် ဒဏ်ရာများ ရခဲ့ကြသည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှာ နောက်တကြိမ် ကြက်ခြေနီကား ပစ်ခတ် တိုက်ခိုက်ခံ ခဲ့ရပြီး လူ ၄ ဦး ( ကြက်ခြေ နီဝန်ထမ်း၊ သတင်းထောက်၊ ဒုက္ခသည်၊ ကားမောင်းသမားတို့)ဒဏ်ရာ ရရှိခဲ့ကြသည်။