သတင်း

နိုင်ငံတော်အတိုင်ပင်ခံ၏ ညွှန်ကြားချက်ဖြင့် သူနာပြု အကူသင်တန်းများ ဖွင့်မည်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာကြားချက် အရ သူနာပြု အကူသင်တန်းများ ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ မီဒီယာများကို ပြောကြားသည်။

အဆိုပါ သင်တန်း ဖွင့်လှစ်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံများ၌ ယခုနှစ်မှ စ၍ ၉ လ သင်တန်း စတင် ပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်လိုသည့် သူများမှာ အထက်တန်းပညာ အရည် အချင်း ရှိရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက “မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တင် မဟုတ်ဘူး။ နယ်က လာတက်လို့ ရ တယ်။ သေချာလုပ်မယ်။ နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် သေချာလုပ်ခိုင်းတာ” ဟု ယနေ့ နေပြည်တော် လွှတ်တော် အစည်းအဝေး တခု အပြီး ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သင်တန်း တက်ရောက်နိုင်ရန် အတွက် နိုင်ငံပိုင် သတင်းစာများတွင် လာမည့် အောက်တိုဘာလတွင် စတင် ကြေညာသွား မည်ဖြစ်ပြီး၊ ပထမ အသုတ်အနေဖြင့် ဆေးရုံ ၁ ရုံကို သင်တန်းသူ ၁၀၀ ခန့် သင်ကြားပေးမည် ဖြစ်ပြီး နောက်ပိုင်း ထပ်တိုး ရန် ရှိသည်ဟုလည်း ဒေါက်တာမြင့်ထွေးက ဆိုသည်။

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ တာဝန်ရှိသူ တဦးက “ သူနာပြု လိုအပ်ချက်တွေကတော့ ရှိနေပါတယ်။ ဒီလို သူနာ ပြု အကူတွေ ပေါ်ပေါက်လာမယ် ဆိုရင် လူနာတွေကို ပြုစုတဲ့ အခါမှာ ပိုပြီးတော့ အားဖြည့် ဆောင်ရွက်နိုင်မယ်။ လူနာတွေကို အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ မြင့်ထွေးက “နောက်ပိုင်း ဆေးရုံကြီးတွေ မကွေးလိုပေါ့။ ခုတင် ၅၀၀ တွေမှာ ခေါ်ဖို့ ရှိတယ်။ နိုင်ငံက လိုတာ အရမ်းများတယ်။ ပထမ အပတ်က စမ်းသပ်တဲ့ အနေနဲ့ ဒီလောက်ခေါ်တယ်။ ဒုတိယ အနေနဲ့ တပြည်လုံး ခေါ်မှာ ဖြစ်ပါ တယ်” ပြောသည်။

ထိုကဲ့သို့ ဆေးရုံကြီးများ ရွေးချယ်ရခြင်းမှာ သင်ကြားမှု အပိုင်းတွင်  ပစ္စည်းအစုံအလင် ရှိသည့် အပြင် လူနာများလည်း အစုံ ရှိကြောင်း၊ ဆရာဝန်ကြီးများစွာလည်း ရှိသဖြင့်  အရည်အသွေးပိုင်းတွင်လည်း ညံ့မည်ကို စိုးရိမ်စရာ မလိုတော့ဟု ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက ဆိုကြသည်။

ထို့ပြင် ယခု သင်တန်း တက်ရောက်ပြီးပါက သက်ဆိုင်ရာ ဆေးရုံများတွင် အလုပ်ခန့်သွားမည် ဖြစ်ပြီး အမြဲတမ်းဝန်ထမ်း အဖြစ် ဖြစ်နိုင်သည့် အခွင်အလမ်းများလည်း ရှိကြောင်း သိရသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က “ဒီအတိုင်း သူနာပြုတွေကြည့် မနိုင် မနင်း အလုပ်လုပ်နေရတာထက်စာရင် အဲဒီလို ကလေးတွေ ဝင်လာတာ ကောင်းပါတယ်။ သူနာပြုတွေ လုပ်နေရတဲ့ အလုပ်တွေ လျော့သွားမှာတော့ အမှန်ပဲလို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

တနိုင်ငံလုံး အနေဖြင့် သူနာပြု လိုအပ်ချက် ၄ သောင်း လိုအပ်သော်လည်း ၂ သောင်းနီးပါးသာ ခန့်အပ်နိုင်သေးကြောင်း၊ သားဖွားလိုအပ်ချက် ၇၀ ရားခိုင်နှုန်း ခန့်အပ်ထားပြီး ဖြစ်ကြောင်း၊ ယခုကဲ့သို့ သူနာပြု အကူများ ခန့်အပ်ခြင်းဖြင့် ဝန်ထမ်း များ၏ ဝန်ထုပ်ဝန်ပိုးများ လျော့ချနိုင်ပြီး ပိုကောင်းသည့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုပေးနိုင်မည် ဖြစ်ကြောင်း မြောင်း မြ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူ က သုံးသပ်ပြောကြားသည်။

၎င်းက “ကျန်းမာရေး ဝန်ထမ်း လိုအပ်ချက်က ထက်ဝက်တောင် မနည်း ဖြည့်နေရတယ်။ အဲဒီလို အပြည့်အဝ မခန့်နိုင် တော့ ဝန်ထမ်းတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ အလုပ်အကိုင်မှာ ဖိစီးမှုတွေ ဖြစ်လာတယ်။ အခုလို ဝန်ကြီးကနေပြီး တော့ သူနာပြု အကူတွေ ခေါ်မယ်ဆိုရင်  ကျန်းမာရေး ဝန်ထမ်းတွေ အတွက် ကောင်းပါတယ်” ဟု ဆက်လက် ပြောသည်။

တနိုင်ငံလုံးရှိ ဆေးရုံပေါင်း တသောင်းကျော်တွင် သားဖွား ဆရာမများ အပါအဝင် သူနာပြု ၃၈၀၀၀ ကျော် ဦးရေသာ ရှိ သည့် အတွက် ဆေးရုံများတွင်  သားဖွား၊ သူနာပြု ဆရာမများ လိုအပ်ချက်များ ရှိနေသည်ကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက သိရသည်။

၂၀၀၃ – ၂၀၀၄ ခုနှစ်ခန့်က ယခုကဲ့သို့ ပြည်သူ့ဆေးရုံကြီးများတွင် သူနာပြု အကူသင်တန်းများ ပေးခဲ့ဖူးကြောင်း၊ ယင်း သင်တန်းများ မပို့ချတော့ဘဲ ရပ်တန့်ခဲ့ သဖြင့် ယခုအခါမှာ ပြန်လည် ပို့ချမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်နှင့် ရန်ကုန်ရှိ ပြင်ပ သူနာပြုများ၏ လစာသည် ကျပ် ၃ သိန်းကျော်မှ ၅ သိန်းထိ ရှိပြီး ခွဲစိတ်ခန်းတွင် ဝင်ကူ ပေးနိုင်သည့် ဆရာမများ အနေဖြင့်ဘောက်ဆူးရ ငွေများ အပါအဝင် လစဉ်ကျပ် ၁၀ သိန်းခန့် ရရှိလျက်ရှိကြောင်း ပုဂ္ဂလိက သူနာပြု အသိုင်းအဝိုင်းကသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading