မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် အာရှနိုင်ငံများမှ ခရီးသွားများအတွက် ဗီဇာ ကင်းလွတ်ခွင့် (Visa Exemption) နှင့် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Visa on Arrival (Tourist) စမ်းသပ်ခွင့်ပြုမှုအား ၁ နှစ်တိုးမြှင့် သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သိရသည်။
ဂျပန်၊ တောင်ကိုးရီးယား၊ ဟောင်ကောင်၊ မကာအို ခရီးသွားများ အတွက် ဗီဇာ ကင်းလွတ်ခွင့်နှင့် လေကြောင်းမှ လာ ရောက်သော တရုတ်နိုင်ငံသား ခရီးသည်များ အတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ခွင့်ပြုထားမှုကို ယခင်က ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက် အထိ ခွင့်ပြုထားခြင်း ဖြစ်သည်။
အဆိုပါ စမ်းသပ် ခွင့်ပြုထားမှုကို ယခုအခါ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက် အထိ တိုးမြှင့်လိုက်ပြီး လေကြောင်းနှင့် လာရောက်လည်ပတ်သော အိန္ဒိယနိုင်ငံသား ခရီးသည်များအတွက် လည်း ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက် မှ ၂၀၂၀ နိုဝင်ဘာလ ၃၀ ရက် အထိ စမ်းသပ် ကာလ ၁ နှစ်စီ ထပ်မံ သက်တမ်းတိုး ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုရခြင်းမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ထက် ယခု ၂၀၁၉ ခုနှစ်တွင် အထက်ပါ နိုင်ငံများက ခရီးသွား ဝင်ရောက် မှုမှာ ၂၆ ရာခိုင်နှုန်းခန့် တိုးတက်လာသောကြောင့် ထပ်မံ၍ ၁ နှစ်တိုးပေးလိုက်ခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာန (ရန်ကုန်တိုင်း ဒေသကြီး) ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။
သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ နိုင်ငံတကာ ခရီးသွားပြပွဲ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောခြင်းဖြစ်သည်။
ဦးနိုင်ဝင်းက“အဓိကတော့ ပြီးခဲ့တဲ့နှစ်က ဗီဇာဖြေလျှော့ပေးတဲ့ တရုတ်၊ တောင်ကိုရီးယား ဂျပန်တို့က တက်လာတယ်။ ဒီလို အရှိန်ရလာတဲ့အတွက် ၁ နှစ် ထပ်တိုးပေးတာပါ။ ဒါက နိုင်ငံအတွက်လည်း အကျိုးရှိပါတယ်”ဟု ဆိုသည်။
ထို့ပြင် လာမည့် အောက်တိုဘာလ ၁ ရက်မှ စ၍ အနောက်နိုင်ငံများ ဖြစ်သော စပိန်၊ သြစတြေးလျ၊ ချက် နိုင်ငံ အပါ အဝင် နိုင်ငံပေါင်း ၆ နိုင်ငံကိုလည်း ဗီဇာ ကင်းလွတ်ခွင့်များ ဖြေလျှော့ပေးရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ဦးနိုင်ဝင်းက“ပထမအဆင့် အောင်မြင်သွားရင် ဒုတိယအဆင့်နိုင်ငံတွေကိုလည်း ထပ်ပြီးတော့ ဖြေလျှော့ ဖို့ အစီအစဉ်ရှိပါတယ်။ လောလောဆယ် ပထမအဆင့်ကိုတော့ နိုင်ငံတော်အကြီးအကဲတွေကို ကျနော်တို့ ဝန်ကြီးဌာနကနေ တင်ပြပြီးတော့ ဆောင်ရွက်နေတာ ရှိတယ်။ မကြာခင်မှာ သတင်း ထုတ်ပြန်ပါမယ်”ဟု ပြောဆိုသည်။
ဗီဇာကင်းလွတ်ခွင့် (Visa Exemption) မှာ ဗီဇာကြေး သွင်းစရာမလိုဘဲ နိုင်ငံသို့ ဝင်ရောက် လည်ပတ်နိုင်ပြီး ဆိုက်ရောက် ဗီဇာ (Visa on Arrival) မှာမူ မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုပါက သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး တွင် ဗီဇာကြိုတင် လျှောက်ထားစရာမလိုဘဲ မြန်မာပြည် လေဆိပ်ရောက်မှသာ လျှောက်ထားနိုင်ပြီး ဗီဇာကြေး အဖြစ် အမေရိကန် ဒေါ်လာ ၅၀ ပေးသွင်း၍ ရက်ပေါင်း ၃၀ နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။
ထို့ပြင် ပြည်ဝင်ခွင့်ဗီဇာ ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက် ဖြေလျှော့သွားမည် ဟုလည်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ယခုနှစ် ခရီးသွား ဝင်ရောက်မှုမှာ ယခင်နှစ်ထက် တိုးလာသော်လည်း အနောက်နိုင်ငံဘက်မှ ခရီးသွား ကျဆင်းခဲ့ ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောသည်။
“ဒီနှစ်မှာတော့ ဘာတွေ့ရလဲဆိုရင် ကြိုတင် ဘွတ်ကင် (Booking)တွေ စတင် လက်ခံရရှိနေပြီ ဆိုတော့ တိုးတက်လာ နိုင်တဲ့ အနေထားပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကတော့ အာရှနိုင်ငံတွေက ဝင်တာများတယ်။ စုစုပေါင်းဆိုတော့ တက်သွား တဲ့ သဘောဖြစ်တာပေါ့။ အဓိကတော့ တရုတ်ကဝင်တာပေါ့။ လာမယ့်နှစ်အတွက်လည်း အခုဘွတ်ကင်တွေ ရလာပြီ ဖြစ်တဲ့အတွက် ပိုတိုးလာဖို့ မျှော်လင့်ထားတယ်။ ဒါကြောင့် လာမယ့်နှစ်မှာတော့ အနောက်နိုင်ငံရဲ့ ခရီးသွား ဝင်ရောက်မှု တွေ များလာနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။
ထို့ကြောင့် လက်ရှိတွင် ဗီဇာကင်းလွတ်ခွင့် ထပ်မံ ခွင့်ပြုမည့် အနောက်နိုင်ငံများ၏ ခရီးသွား ဧည့်သည့်များထံမှ Booking များ စတင် လက်ခံရရှိနေပြီ ဖြစ်သောကြောင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု ပိုမိုတိုးတက် လာမည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက သိရသည်။
ယခုနှစ် ဇန်နဝါရီမှ ဇွန်လ အထိ ၆ လအတွင်း လာရောက် လည်ပတ်သည့် တရုတ် ခရီးသွားဦးရေ ၃ သိန်း ၂ သောင်း ကျော် (၃၂၀,၈၈၂) အထိ ရှိပြီး ယခင်နှစ်ထက် ၁ သိန်း ၈ သောင်းကျော် တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက်လည်ပတ်သော အမေရိကန်၊ ဥရောပ၊ အာရှနိုင်ငံများ အပါ အဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ကမ္ဘာ့လှည့် ခရီးသွားဧည့်သည်ပေါင်း ၉ သိန်းကျော် လာရောက်ခဲ့သည်ဟု ဆိုသည်။
ဆက်စပ် ဖတ်ရှုရန် –
ဥရောပ ၆ နိုင်ငံ ခရီးသွားများကို ဆိုက်ရောက် ဗီဇာပေးမည်
အိန္ဒိယ နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာ ယနေ့စတင်ခွင့်ပြု