ကျောင်းသား ကျောင်းသူများ ဆန္ဒထုတ်ဖော်မည်ဆိုပါက အစိုးရနှင့် ဦးစီးဌာနတို့ထံ တင်ပြရန် အဆင့်မြင့်ပညာ ဦးစီးဌာန၏ ညွှန်ကြားချက်ကို ပြန်လည် ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း က “ပယ်ဖျက်တာက အများက သဘောမတူတော့ ပြန် ဖျက်ရတာပေါ့။ ပထမက သူတို့ကို Information ပေးတာကို ဒါမဆိုင်ဘူး၊ ဒါမလုပ်သင့်ဘူးဆိုတော့ ကျနော် ထုတ်လိုက်တဲ့ စာကိုပဲ ပယ်ဖျက်လိုက်တာ။ အရင်မူကတော့ အရင်အတိုင်းပဲ ရှိမယ်” ဟု ပြောသည်။
သြဂုတ်လ ၁၃ ရက်က ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်သည် တက္ကသိုလ်၊ ဒီကရီကောလိပ်နှင့် ကောလိပ်အသီးသီးရှိ ကျောင်းသား/သူများ အနေဖြင့် ဆန္ဒထုတ်ဖော်လိုသည့် အကြောင်းအရာ၊ နေ့ရက်၊ အချိန်၊ နေရာတို့ကို တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေးဝန်ကြီး၊ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ထံ တင်ပြ ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကြေညာပြီးသည့်နောက်တွင် ကျောင်းသား သမဂ္ဂများနှင့် ဆရာအချို့က ကန့်ကွက်ကြောင်း သြဂုတ်လ ၁၆ ရက် က ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့ရာ အဆင့်မြင့် ပညာဦးစီးဌာနက သြဂုတ်လ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစောင် ထပ်မံ ထုတ်ကာ ပြန်လည် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ကြိုတင် အကြောင်းကြားတင်ပြရန် ကန့်သတ်ချက်သည် ဒီမိုကရေစီစံနှုန်းနှင့် မညီဘဲ ကျောင်းသားများ၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာ ရောက်သဖြင့် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ)များ အဖွဲ့ချုပ်မှ မအိသီရိကျော်က ပြောသည်။
“ပညာရေးဝန်ကြီး ဌာနက ဒါကိုထုတ်သင့်လား မထုတ်သင့်လား ဆိုတာ ပိုပြီးတော့ သိသင့်တယ်။ ဒီမိုကရေစီစနစ်ကို သွား နေတဲ့ အစိုးရလက်ထက်မှာ ဒါမျိုးတွေက မရှိသင့်တော့ဘူး။ အခု သွားနေတဲ့ ဒီမိုကရေစီစနစ်မှာ ဒါမျိုး ရှိသင့်လား မရှိသင့် လား ဆိုတာ သိသင့်တယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် 7 july အခမ်းအနား အဖြစ် ရန်ကုန်တက္ကသိုလ်သို့ လမ်းလျှောက် ချီတက်ခဲ့သည့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ကျောင်းသား နှစ်ဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် လှိုင်မြို့နယ်တရားရုံး သြဂုတ်လ ၂၀ ရက် ရုံးချိန်း၌ ထောင် ဒဏ် ၇ ရက်စီ ချမှတ်ခဲ့သည်။
ထိုသို့ တရားစွဲဆိုထားမှုကို အာမခံ မယူသောကြောင့် အင်းစိန်ထောင်တွင် ထိမ်းသိမ်းခံထားရသည့် ချုပ်ရက်ကို ပြန်လည် ခံစားခွင့်ပေးသည့် အတွက် တကသ ကျောင်းသား နှစ်ဦးမှာ ယင်းနေ့တွင်ပင် ပြန်လည် လွတ်မြောက်ခဲ့သည်။
You may also like these stories:
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ အကြို လှုပ်ရှားမှုများ တနှစ်ပတ်လုံး လုပ်မည်