ရှမ်းပြည်နယ် လားရှိုးမြို့နယ် အနီးရှိ မိုင်းယန်း ကျေးရွာတွင် သြဂုတ်လ ၂၀ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မိုင်းယန်းပြည်သူ့စစ် ခေါင်းဆောင်တဦး နှင့် ဇနီးတို့ အသတ်ခံရကြောင်း သိရသည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ညက လားရှိုးမှာ ၈ နာရီကျော်လောက်မှာ လားရှိုး၊ မိုင်းယန်းကျေးရွာကို လက်ပစ်ဗုံးတွေ၊ ၄၀ မမ တွေနဲ့ လာပစ်တယ်။ အဲဒီမှာရှိတဲ့ ပြည်သူ့ စစ်ခေါင်းဆောင်နဲ့ သူ့ဇနီး သေသွားတယ်။ နေအိမ် လည်း မီးလောင်သွားတယ်။ TNLA အဖွဲ့ရဲ့လက်ချက်လို့ သိရတယ်”ဟု ပြောပြသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်ကလည်း မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်ဆိုသူ အသတ်ခံရသည်ဟု ဖုန်းသတင်း ရရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“မိုင်းယန်း ပြည်သူ့စစ် ခေါင်းဆောင် ဦးဝင်းမောင် အသတ်ခံရတယ်။ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က လာသတ်သွားတယ်လု့ိ သတင်းပို့တယ်။ သူရော၊ သူ့ဇနီးရော ပစ်သတ်ခံရတာလို့ ပြောတယ်။ ဖြစ်စဉ် အသေးစိတ်ကတော့ မတက်သေးဘူး။ ကျနော်က ဖုန်းသတင်းပဲ ရသေးတယ်”ဟု ရဲမှူးချုပ် ဇော်ခင်အောင်က ဆိုသည်။
ယင်းနေရာသို့ သွားရောက် စစ်ဆေးရန် မဖြစ်နိုင်သေးဘဲ ယခင်က ထိုနေရာတွင် ရဲစခန်းရှိကြောင်း၊ သို့သော် နောက် ပိုင်းတွင် စခန်းကို ပြန်ရုပ်ထားလိုက်ရကြောင်း ရှင်းပြသည်။
“ကျနော်တို့က အဲဒီဘက်ကို လောလောဆယ် မသွားနိုင်သေးဘူး။ ကျနော်တို့က ရဲတပ်ဖွဲ့ဝင် အင်အားကတော့ ရှိတာ နဲ့ပဲ လုပ်နေရတာ။ လတ်တလောက်မှာ ဂုတ်တွင်းဖြစ်စဉ်မှာတော့ ရဲထိခိုက်မှု ရှိတယ်။ ဒီနောက်ပိုင်းမှာတော့ မရှိတော့ဘူး” ဟု ရဲမှူးချုပ် ဇော်ခင်အောင်က ပြောသည်။
TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်ကမူ ယင်းဖြစ်စဉ်ကို ၎င်းတို့အနေဖြင့် မသိကြောင်းနှင့် မှတ်ချက်လည်း မပေးလို ကြောင်း ဧရာဝတီသို့ ပြောသည်။
ပြည်သူ့စစ်ခေါင်းဆောင် အသတ်မခံရခင် ၂ ရက်အလို သြဂုတ်လ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်းရှိ ဌာနေ ပြည်သူ့စစ်များ အနေဖြင့် တိုက်ပွဲအတွင်း ပါဝင်ခြင်းမပြုဘဲ မိမိအဖွဲ့၊ မိသားစုများနှင့်သာ အတူနေထိုင်ကြရန်၊ မြန်မာ့ တပ်မတော်နှင့် ပူးတွဲနေထိုင်ခြင်း မပြုရန် သတိပေးချက် တစောင်ကို မြောက်ပိုင်း မဟာမိတ်များဘက်မှ ထုတ်ပြန်ထား သည်။
မြန်မာ့ တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်နေသူများ၊ ပူးတွဲ လှုပ်ရှားနေသူများကို အခြေအနေနှင့် စစ်ရေး လိုအပ်ချက်အရ စစ်ရေးကို စစ်ရေးနည်းဖြင့် တုံ့ပြန် ဆောင်ရွက်သွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် သတိပေး ထား သည်။
ယခု မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် TNLA၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့် အဖွဲ့)၊ ရက္ခိုင် တပ်မတော် (AA) တို့ ပါဝင်သည်။
ယင်းဒေသတွင် ပြည်သူ့စစ်များသည် ရုံးခန်းရှိသော်လည်း အင်အားများစွာ မရှိကြောင်း၊ ရပ်ရွာတိုင်းတွင် ပြည်သူ့စစ် ခေါင်းဆောင်များ ရှိတတ်ပြီး ယခုဖြစ်စဉ်တွင် နေအိမ်အတွင်းသို့ ဝင်ရောက်သတ်သွားသည်ဟု ကြားသိရကြောင်း၊ ယင်း ဒေသသို့ သွားရောက်၍ စစ်ရှောင်ဒုက္ခသည်များ၏ အခြေအနေကို ကြည့်ရှုရန် စီစဉ်လျက်ရှိကြောင်း ရှမ်းပြည် နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းက ပြောသည်။
ရှမ်းပြည်နယ်တွင် ပြည်သူ့စစ်များသည် ပုံစံ အမျိုးမျိုးဖြင့် ရပ်တည်နေပြီး တချို့အဖွဲ့များမှာ ကျေးရွာကာကွယ်ရေး အတွက် ဖွဲ့စည်းထားကြသလို တချို့မှာလည်း အင်အားတောင့်တင်းပြီး စီးပွားရေး လုပ်ငန်းများပါ ရှိသည့် ပြည်သူ့စစ် များလည်း ရှိကြောင်း၊ တချို့ ပြည်သူ့စစ်များသည် ၂၀၁၀ နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အသွင်ပြောင်းလာခြင်း ဖြစ်ကြောင်း လားရှိုး ဒေသခံများထံက သိရသည်။
သြဂုတ်လ ၁၅ ရက်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် ရှမ်းပြည်နယ် နောင် ချိုမြို့တို့ရှိ တပ်မတော် အဆောက်အအုံများကို TNLA နှင့် မဟာမိတ်အဖွဲ့တို့က စတင် တိုက်ခိုက်ပြီး နောက်ပိုင်း ယနေ့ အချိန်ထိ၂ ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့များ၏ ထိုသို့တိုက်ခိုက်မှုကြောင့် တပ်မတော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အရပ် သား ၃ ဦး သေဆုံးသွားကြပြီး ပစ္စည်းနှင့် အဆောက်အအုံတန်ဖိုးကျပ်သိန်း ၂၈၂၁ ဖိုး ဆုံးရှုံးခဲ့ရကြောင်း၊ ဂုတ်တွင်း တံတား ဖျက်ဆီးခံခဲ့ရကာ အဓိက တိုက်ခိုက်မှုမှာ ပြင်ဦးလွင်မြို့ အထွက်ရှိ မူးယစ်ဆေးဝါးဖမ်းသည့် X-Rays စက်ကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အစိုးရဘက်က ပြောဆိုထားသည်။
ယခုလို မူးယစ်ဆေးဝါး ဖမ်းစက်များကို တိုက်ခိုက်ခြင်းနှင့် ရဲစခန်းများကို တိုက်ခိုက်ခြင်းသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ရှိ ကျေးရွာတချို့တွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်နေမှုအား တပ်မတော်က ဝင်ရောက် ရှင်းလင်းခြင်းကို ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟု ပြောဆိုမှုလည်း ရှိနေသည်။
ရှမ်းပြည်နယ်မှ ရဲမှူးချုပ် ဇော်ခင်အောင်က “ဒါကလက်ခံတယ်။ မူးယစ်ဆေးဝါး နောက်ဆက်တွဲ ပြဿနာတွေကြောင့် ဒီလောက်ဖြစ်ကုန်တာ”ဟု ပြောသည်။
ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုတွင် ကျပ်ငွေ ၁၆ ဘီလီယံကျော်ဖိုး မူးယစ်ဆေးဝါးများ၊ ရိုက်သည့် စက်များ၊ ဆက်စပ်ပစ္စည်းနှင့် လက်နက်များ ပါဝင်ခဲ့သည်။
သို့သော် မြောက်ပိုင်း မဟာမိတ်အဖွဲ့များဘက်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုမှာ မူးယစ်ဆေးဝါး ကိစ္စကြောင့် တုံ့ပြန်ခြင်း မဟုတ်ကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောဆိုထားပြီး ၎င်းတို့ ဒေသတွင် တပ်မတော်က စစ်ရေးအရ ဖိအားပေး လာသဖြင့် စစ်မျက်နှာပြောင်း ပြန်ဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။
တိုက်ပွဲများ အတွင်း ၂ ဖက်စလုံး အကျအဆုံးများ ရှိနေပြီး တပ်မတော်ကမူ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် အလောင်း ၁၀ လောင်း ရရှိထားသည်ဟု ပြောဆိုသည်။