ကယားပြည်နယ် (ကရင်နီ ပြည်နယ်) တွင် လက်ရှိ အချိန်အထိ တပ်မတော်၊ အစိုးရ ဌာနနှင့် စီးပွားရေး လုပ်ငန်းရှင်များ က ဒေသခံများ၏ မြေများကို သိမ်းယူထားသည်မှာ အရပ်သား အစိုးရ တက်လာသည့် ၂ဝ၁၀ နောက်ပိုင်း မြေဧက ၅ သောင်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ကရင်နီပြည်နယ် တောင်သူလယ်သမား သမဂ္ဂ (KSFU) က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီး နောက်ပိုင်းတွင်ပင် စီမံကိန်းနယ်မြေ အဖြစ် ဧက ၁၀၀၀ နီးပါး ထပ်မံ သိမ်းယူခြင်း ခံခဲ့ရကြောင်း၊ အဆိုပါ မြေသိမ်းမှုများအပြင် တချို့စီးပွားရေး လုပ်ငန်းရှင်များက မြေလွတ် မြေရိုင်း ဥပဒေအရ ၎င်းတို့၏ ကိုယ်ပိုင်အမည်များဖြင့် လျှောက်ထားမှုများပင် ရှိနေကြောင်း KSFU ဥက္ကဌ ခူးတူရယ်က ပြောဆိုသည်။
အရပ်သား အစိုးရ ၂ ဆက်အတွင်း သိမ်းယူခဲ့သည့် မြေများတွင် တပ်နယ်မြေ ချဲ့ထွင်မှုနှင့် တပ်လုံခြုံရေးအရ မြေသိမ်း မှုများက အများဆုံးဖြစ်သည်ဟု သူက ဆက်ပြောသည်။
ခူးတူရယ်က”သတ္တုသန့်စင်စက်ရံုံဆိုရင် ခန့်မှန်းရတာ ဧက ၁၃၀ ကျော်အထိ ဒီအစိုးရသစ် လက်ထက်မှာ သိမ်းထား တယ်။ တချို့စီးပွားရေး လုပ်ငန်းရှင်တွေဆိုရင် သူတို့နာမည်နဲ့ မြေလွတ်မြေရိုင်းဥပဒေ အရဆိုပြီး လျှောက်ထားတာကို ဒေသခံတွေ ကန့်ကွက်လို့သာ ပြန်ဆုတ်သွားကြတာ။ ဒီမြေတွေဟာ ကျနော်တို့ ကရင်နီဒေသမှာ ဟိုး ဘိုးစဉ် ဘောင် ဆက် ထဲက ရိုးရာဓလေ့ မြေစတင် စီမံခန့်ခွဲပြီးခဲ့တဲ့ မြေတွေ။ ဒါကို လက်ဦးမှုရအောင် လုပ်တဲ့ သဘော သက်ရောက် နေ တယ်”ဟုလည်း ပြောဆိုသည်။
အစိုးရက မြေလွတ်မြေလပ်နှင့် မြေရိုင်းဥပဒေကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှစပြီး ၂၀၁၉ ခုနှစ် မတ်လအတွင်း မိမိ တို့ အသုံးပြုနေသည့် မြေများကို သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲရေး ကော်မတီထံသို့ လျှောက်ထားရမည်၊ ထိုသို့မပြု လုပ် လျှင် သိမ်းယူခြင်း၊ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ ပြုလုပ်နိုင်သည်ဟု ကြေညာပြီးသည့်နောက် တိုင်းရင်းသား ဒေသ အများအပြားတွင် ကန့်ကွက် ဆန့်ကျင်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ထို့အတွက် ဌာနေတိုင်းရင်းသားများ ရင်ဆိုင်နေရသည့် မြေနှင့် အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများ ချိုးဖောက်ခံရမှု များ ကို ဦးစားပေး ဖြေရှင်းပေးရန်၊ ဌာနေတိုင်းရင်းသားများ၏ မြေနှင့်အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများကို အသိ အမှတ်ပြု လေးစားလိုက်နာရန်နှင့် အကာအကွယ်ပေးရန် အကြံပြုတိုက်တွန်းကြောင်း အစီရင်ခံစာကို ထုတ်ပြန်လိုက် သည်။
မြေသိမ်းခံရသူများ ဖွဲ့စည်းထားသည့် အစီရင်ခံစာ ထုတ်ပြန်ရေး အဖွဲ့က”ဖက်ဒရယ် မြေအုပ်ချုပ် စီမံမှုသို့ အလှမ်း ဝေးနေသေးသည့် နိုင်ငံ၏ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အစီရင်ခံစာ”ကို သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန် မြို့ Orchid ဟိုတယ်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစီရင်ခံစာ ထုတ်ပြန်သည့် အဖွဲ့၏ ဒါရိုက်တာဖြစ်သူ စောအယ်စေးက“အခုက ပြဌာန်းလိုက်တဲ့ ဥပဒေတွေ ကိုယ်တိုင်က ကျနော်တို့ ဖက်ဒရယ်စနစ်နဲ့ ဆန့်ကျင်နေတယ်။ ဒီ မြေလွတ်မြေရိုင်း ဥပဒေကို ၂ဝ၁၉ ခုနှစ်မှာ ပြန် ပြင် ဆင် လိုက်တာမှာ တိုင်းရင်းသားတွေရဲ့ဓလေ့ရိုးရာကို အသိအမှတ်ပြုရမယ် ဆိုတာ ပါနေပေမယ့် တကယ် ဆန့်ကျင် ဘက်တွေ ဖြစ်နေတာ။ အခုသူတို့က မြေလွတ်မြေရိုင်းနဲ့နယ်နိမိတ် သတ်မှတ်လိုက်တဲ့ တိုင်တွေကိုတောင် မူရင်းဒေသ ခံ တွေက သွားနှုတ်လို့မရတော့ဘူး။ လုပ်တာနဲ့ တရားစွဲခံရရော”ဟု ဆိုသည်။
၎င်းတို့၏ အစီရင်ခံစာတွင် ကရင်နီဒေသရှိ ဌာနေတိုင်းရင်းသားများ၏ မြေများကို သိမ်းယူခြင်း၊ ဒေသခံများကို အဓမ္မ ဖမ်းဆီးခြင်း၊ တရားစွဲခြင်းများကြောင့် ၎င်းတို့၏ ဘဝ လုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေပြီး တရားစွဲ ဖမ်းဆီးမှုများ ရပ်တန့်ပေးရန် ပါဝင်သည်။
ထို့ပြင် ရိုးရာဓလေ့များ ဆွေးနွေးရာတွင် တားဆီးပိတ်ပင်ကန့်သတ်မှုများ မပြုလုပ်ရန်၊ ဌာနေတိုင်းရင်းသားတို့၏ မြေ၊ အရင်းမြစ်နှင့် နယ်နိမိတ်များ ထိခိုက်စေမည့် ဆုံးဖြတ်ချက်နှင့် လုပ်ပိုင်ခွင့်များ မပြုလုပ်ရန်တို့ကို တောင်း ဆိုခဲ့သည်။
ဌာနေ တိုင်းရင်းသားများ၏ မြေ၊ အရင်းအမြစ်နှင့် နယ်နိမိတ်များကို အကာကွယ်ပေးနိုင်မည့် စစ်မှန်သော ဖက်ဒရယ် မြေဥပဒေသစ် သို့မဟုတ် ပြည်ထောင်စု မြေဥပဒေသစ်တရပ် မပေါ်ထွန်းမီ ဌာနေတိုင်းရင်းသားတို့၏ မြေနှင့် အရင်း အမြစ် များကို ထိခိုက်ပျက်စီးစေမည့် ဥပဒေများ ပြဌာန်းခြင်း၊ ရင်းနှီးမြုပ်နှံခြင်းများ၊ သဘောတူညီမှုများနှင့် မြေလုပ်ပိုင် ခွင့် ချထားခြင်း မပြုရန်လည်း ၎င်းတို့အဖွဲ့က တောင်းဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကယားပြည်နယ်အတွင်း တပ်မတော်က သိမ်းယူထားသည့် မြေများကို ပြန်လည် ရယူ မှုဖြင့် ဒေသခံများအား တရားစွဲဆိုခြင်းများ ရှိခဲ့သည်။
ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁) ဖြင့် ဒေသခံတောင်သူ ၂ ဦး အချုပ်ဖြင့် တရား ရင်ဆိုင်နေရခြင်း၊ ၄ ဦးမှာ ဖမ်းဝရမ်း ထုတ်ခံရခြင်းများ ရှိခဲ့သလို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် ဒေသခံတောင်သူ ၁၅ ဦးကို တရားစွဲထား ခြင်းများ ရှိသည်။
ထို့ပြင် ဒေသခံ သတင်းထောက် ၂ ဦးအပါအဝင် တောင်သူ ၅၀ ခန့်ကိုလည်း ဝတ္တရား နှောင့်ယှက်မှုဖြင့် လွိုင်ကော် မြို့နယ် တရားရုံးသို့ တပ်မတော်က ဦးတိုက်လျှောက်ထားသည့် အမှုလည်း ရှိနေသေးသည်။