တပ်မတော်၏ တဖတ်သတ် အပစ်ရပ်စဲရေးကာလသည် ယခုလကုန်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်၍ သက်တမ်းမတိုးခဲ့လျှင် အပစ်ရပ်ကာလအလွန် ငြိမ်းချမ်းရေး အခင်းအကျင်းကို ထည့်သွင်းစဉ်း စားထားရန် အရေးကြီးကြောင်း RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိပေးသွားသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ ပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) စတုတ္ထအကြိမ် အစည်းအဝေး ပထမနေ့ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောသွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီး ယွက်စစ် က “ရှေ့လုပ်ငန်းစဉ် ချမှတ်ရာမှာ NCA လက်မှတ်မရေးထိုးနိုင်သေးတဲ့ ညီနောင် EAO တွေနဲ့ ပတ်သက်တဲ့ အစီ အစဉ်တွေ ပါဝင်ဖို့ လိုပါတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ကျနော်တို့ ၁၀ ဖွဲ့တည်းနဲ့ ပြီးပြည့်စုံ လုံလောက်တယ်လို့ မယူဆနိုင်ပါဘူး။ တပ်မတော်ရဲ့ တဖက်သတ် အပစ်ရပ်ကာလက ဒီသြဂုတ်လကုန်မှာ သက်တမ်းကုန်ဆုံးမှာမို့ သက်တမ်းထပ်မတိုးခဲ့ရင် အပစ်ရပ်ကာလအလွန် ငြိမ်းချမ်းရေး အခင်းအကျင်းကို ထည့် သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။
တပ်မတော်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အ လယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှု အားလုံး ရပ်ဆိုင်းကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က ကြေညာခဲ့သည်။
ထို့နောက် ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့ထိ လည်းကောင်း၊ ဇူလိုင်လ ၁ ရက်မှ သြဂုတ်လ ၃၀ ရက်နေ့ထိ လည်းကောင်း ၃ ကြိမ် တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာထားရာ ယခုလ ၃၀ ရက်နေ့ တွင် ပြည့်မည်ဖြစ်သည်။
တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တပ်မတော် အပစ်ရပ်စဲရေး လုပ်ခြင်း မလုပ် ခြင်းသည် NCA ထိုးထားသော အဖွဲ့များနှင့်မဆိုင်ဘဲ မထိုးရသေးသည့်အဖွဲ့များဖြင့်သာ သက်ဆိုင်ကြောင်း ဆို သည်။
“အဲဒါကတော့ RCSS အနေနဲ့ကတော့ မလိုအပ်ဘူးလို့ထင်ပါတယ်။ RCSS က အပစ်အခတ်ရပ်စဲရေး လုပ် သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ NCA ထိုးထားတဲ့ အဖွဲ့ပဲ။ အဲတော့ NCA ထိုးထားတဲ့အဖွဲ့ဖြစ်တော့ သူ့အနေနဲ့ တော့ မလိုအပ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတယ်ဆိုတာက NCA မထိုးထားတဲ့အဖွဲ့တွေနဲ့ ပိုပြီးတော့ သက်ဆိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တပ်မတော်သည် တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခြင်းက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ထိုးလာနိုင်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ကြေညာခဲ့သော်လည်း ယခုအချိန်ထိ NCA ထိုးလာနိုင်သည့် အခြေအနေ မရှိသေးပေ။
တဖက်ရှိ NCA ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရ-တပ်မတော်ကြားက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နေမှုကလည်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅-၁၆ ရက်က ၁၀+၁၀ ထိပ်သီး ခေါင်း ဆောင်များ အစည်းအဝေးတွင် တခုတည်းသော တပ်မတော်လက်ခံရေးနှင့် ခွဲမထွက်ရေး အာမခံပေးရန် အဆိုပြု ချက်အပေါ် သဘောထားကွဲလွဲကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားခဲ့သည်။
အပစ်ရပ် ၁၀ ဖွဲ့ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၄ နှစ်တင်းတင်းပြည့်တော့မည်ဖြစ်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြန်သုံးသပ်လျှင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လမ်းစမှာ ဝေးဝါးနေဆဲ ဖြစ်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု ခိုင်ခိုင်မာမာ တည်ဆောက်နိုင်လောက်သည့် ဖက်ဒရယ် အခြေခံမူများကို ပြည်ထောင်စု သဘောတူစာချုပ်မှာ ချုပ်ဆိုနိုင်ရန် မိမိတို့ အားသွန်ခွန်စိုက် တစိုက် မတ်မတ် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်က “တဖက်မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့ ရပ်တန့်နေတာ တနှစ်ကျော်ပြီ ဖြစ်လို့ ပြည်သူလူထု အကျိုး၊ ပြည်ထောင်စုအကျိုး ရည်မှန်းဦးတည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွား နိုင်ရေး နှစ်ဖက် စလုံးက အမြန်ဆုံး ဆွေးနွေးညှိနှိုင်း နည်းလမ်းရှာဖို့ အရေးတကြီး လိုအပ်ပါတယ်။ မျှမျှတတနဲ့ အလျှော့အတင်း လုပ်ပြီး ဆုံမှတ်ရအောင် ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့နောက် အစိုးရက အဆိုပြုတင်ပြလာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တိုးရေး နည်းလမ်း (၄) ရပ်နှင့် ပတ် သက်၍ မိမိတို့ ဘုံသဘောထား ချမှတ်ရန်လိုအပ်ပြီး မိမိတို့ဖက်က ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားရေး အခင်းအကျင်းနှင့် သဟဇာတ ဖြစ်မဖြစ် သုံးသပ်ရန် လိုအပ်ကြောင်း၊ ၂၀၂၀ မတိုင်မီ နှင့် ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး အခင်းအကျင်းနှင့် ပတ်သက်၍ မိမိတို့ကြားမှာ တိတိကျကျ မူချမှတ်ထားရ မည်ဟုလည်း ပြောသည်။
တဖက်တွင်လည်း NCA မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များအနက် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ်(AA)တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့သည် သြဂုတ်လ ၁၅ ရက်က နောင်ချို နှင့် ပြင်ဦးလွင်မြို့များတွင် စစ်ဆင်ရေး တရပ်လုပ်လာခဲ့ခြင်းကြောင့် တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တပ်မတော်အနေဖြင့် အပစ်ရပ်စဲရေး ကာလ ကို နောက်ထပ် သက်တမ်းမတိုးပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားမှု ပိုပြင်းထန်လာနိုင် ကြောင်း၊ တရုတ်၏ စေ့စပ် ညှိနှိုင်းမှု မည်ကဲ့သို့ ဖြစ်လာမလဲဆိုတာကိုလည်း စောင့်ကြည့်ရန် လိုသေးကြောင်း ဆိုသည်။
ဦးမောင်မောင်စိုး က “ပိုတင်းမာနိုင်တယ်လို့တော့ ထင်ပါတယ်။ ဒါပေမယ့် လောလောဆယ် တရုတ်က ဝင်ညှိနေတဲ့ အချိန်မှာ ကွတ်ခိုင်လမ်းပေါ်က မြောက်ပိုင်းတပ်ဖွဲ့တချို့ဆုတ်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေတော့ အခြေအနေ တော့ စောင့်ကြည့်ရအုံးမယ် ထင်ပါတယ်။ တရုတ်အနေနဲ့ ဘယ်လောက် ဝင်ညှိပေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေလိမ့်မယ်လို့ ထင်ပါတယ်။ (အပစ်ရပ်ထပ်တိုး မတိုးကတော့) အဲဒါကတော့ တပ်မတော်ရဲ့ စဉ်းစားမှုကို စောင့်ကြည့်ရမှာပဲ အခု ပြောလို့မရသေးဘူး” ဟု ပြောသည်။
NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့များကတော့ ၎င်းတို့ စုဖွဲ့ထားသည့် PPST အစည်းအဝေးကို သြဂုတ်လ ၂၁ ရက်မှ ၂၄ ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှုကျော်လွှား ရေး ကိစ္စ၊ အစိုးရက အဆိုပြုလာသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးရေး နည်းလမ်း ၄ ရပ်ကိစ္စ၊ ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ၊ PPST စုဖွဲ့မှုနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးနေ ကြကြောင်း သိရသည်။
PPST ကို NCA လက်မှတ်ထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF) တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး မွန်ပြည် သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့က ဆက်စပ် အဖွဲ့အစည်းများအဖြစ် ပူးပေါင်း ပါဝင်လျက်ရှိသည်။