သတင်း

တိုက်ပွဲရပ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ် ဖိအားပေး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြုလုပ်နေသည့် စစ်ဆင်ရေး ရပ်တန့်ပေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ်နိုင်ငံက ခေါ်ယူ ဖိအားပေးလျက် ရှိကြောင်း ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ (FPNCC) ကို သြဂုတ် ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူ၍ ဖိအားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က “ကျနော်တို့ ၃ ဖွဲ့ ကို တရုတ် ကိုယ်စားလှယ် ဆွန်ကော့ရှန်က ခေါ်တွေ့တယ်။ ယူနန်ပြည်နယ် ရဲမှူးလည်း ပါတယ်။ တရုတ်ဘက်က ပြောတာက ကျနော်တို့ တိုက်နေတဲ့စစ်ပွဲကို ရပ်ဖို့ သူတို့ဘက်က ဒီဟာလက်မခံဘူးတဲ့။ သူတို့ဘက်က ဒီဟာကို သဘောမကျဘူး။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဒီဟာကို ရပ်ဖို့ပြောတယ်။ ကျနော်တို့ကို ဖိအားပေးတာပေါ့”ဟု ပြောသည်။

FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ပါဝင်သည်။

တိုက်ပွဲများ ရပ်ရမည် ဆိုပါက ရခိုင်၊ ကိုးကန့်၊ ပလောင် တိုင်းရင်းသားဒေသများတွင် ပြုလုပ်နေသည့် စစ်ဆင်ရေးများကို ရပ်ရန် လိုကြောင်း၊ တိုင်းရင်းသားဒေသများတွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန်နှင့် စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးမှု အပစ်ရပ်ရေး ကိစ္စက အစိုးရက ဆောင်ရွက်ပေးရန် လိုကြောင်း ပြန်လည် တင်ပြခဲ့သည်ဟု TNLA က ပြောသည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ဒီတောင်းဆိုချက် ဖြစ်မြောက်ရင် တိုက်ပွဲက ရပ်သွားမှာပဲ။ တရုတ်ဘက်က တင်ပြတဲ့ တွေ့ဆုံ ဆွေးနွေဖို့ ကိစ္စက ကျနော်တို့ သဘောတူပါတယ်။ အခုတွေ့လည်း တွေ့ နိုင်ပါတယ်။ နေရာကိစ္စပဲ အခက်အခဲ ဖြစ်နေတယ်။ မြန်မာ့ တပ်မတော်က နေပြည်တော် လားရိူး လာဖို့ ပြောတယ်။ ကျနော်တို့ဘက်က တိုက်ပွဲဖြစ်နေတော့ မလာနိုင်ဘူးလို့ ပြောတယ်။ ကျနော်တို့ တွေ့ချင်တာ က “ဝ” ဒေသ သို့မဟုတ် မိုင်းလားမှာ တွေ့ချင်တယ်”ဟု ပြောသည်။

အစိုးရဘက်မှ မိုင်းလားကို အဆိုပြုရာ KIA က အဆင်ပြေသော်လည်း AA ၊ TNLA ၊ MNDAA တို့ ၃ ဖွဲ့က အကြောင်း မပြန်ကြောင်း၊ အကြောင်း မပြန်သည့်တိုင် အစိုးရဘက်မှ အဆိုပြုထားသည့် အပစ်ရပ်စာချုပ် မူကြမ်းအပေါ်တွင် သဘောထား ပြန်ပေးပါက တွေ့သည့်အခါတွင် အဆင်ပြေနိုင်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ် ၂၀ ရက်နေ့က ချင်းမိုင်တွင် သတင်းထောက်များကို ပြောသည်။

ဦးဇော်ဌေးက “သို့သော် No Response ။ No Remark မလာဘူး။ အဲဒီကြားကာလမှာ ၁၅ ရက်နေ့မှာ ဖြစ်စဉ် ဖြစ်သွားတော့ ကျနော်တို့ ဆွေးနွေးနေတဲ့ အနေအထားကို စဉ်းစားကြည့်ပေါ့။ ဆွန်ကော်ရှန်နဲ့လည်း ကျနေ်ာတို့ တွေ့ ပါတယ်။ ငြိမ်းချမ်းရေး ကော်မရှင်နဲ့လည်း တွေ့ တယ်။ တွေ့တဲ့အခါမှာ တချို့ ကျနော်တို့ လိုလားချက်တွေ၊ တိုက်တွန်းချက်တွေ ပြောလိုက်ပါတယ်”ဟု ပြောသည်။

မြန်မာ အစိုးရက ငြိမ်းချမ်းရေး အကျိုးဆောင်တဦး အနေဖြင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို အလေးထားကြောင်း၊ တရုတ်ကို ကြားခံ၍ ၂ ဖက် ပြောဆိုနေသော်လည်း လက်တွေ့ တွင် ကိုယ့်နိုင်ငံသားချင်းသာ ဆွေးနွေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မနေ့က တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်၊ ကူးမင်းမြို့တွင် တွေ့ ဆုံပွဲသို့ FPNCC မှ အဆုံးအဖြတ် ပေးနိုင်သည့် ခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

AA မှ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခ က “ဖိတ်တာကတော့ FPNCC ၇ ဖွဲ့ကို ဖိတ်တာ။ ကျနော်တို့ဆီက ခေါင်းဆောင်တွေ အစည်း အဝေး သွားတက်တယ်။ အခုလမ်းမှာ ပြန်လာတုန်းပဲဆိုတော့ ဘာတွေ ဆွေးနွေးလဲဆိုတာ ကျနော် မသိရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

တရုတ်နိုင်ငံ၏ ခေါ်ယူတွေ့ ဆုံမှုမှာ တိုက်ပွဲရပ်စေချင်၍ ဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ပွင့်စေလိုသည့် သဘော ရှိ ကြောင်း၊ ၂ ဖက်စလုံး၏ လိုအပ်ချက်များအပေါ်တွင် ပြတ်ပြတ်သားသား ညှိနှိုင်းစေချင်သည့် ပုံစံမျိုး တွေ့ ရကြောင်း နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုး က ပြောသည်။

ဦးမောင်မောင်စိုး က “နှစ်စဉ် ကုန်သွယ်မှု တန်ဖိုးက သန်းနှင့်ချီနေတော့ သူတို့လည်း ထိခိုက်မှာပဲလေ။ ကုန်သွယ်ရေး လမ်းကြောင်း ပေါ်မှာပဲ ဖြစ်နေ တော့ အဲဒါကိုပဲ အဓိကထား စဉ်းစားမယ်လို့ ထင်ပါတယ်။ သူ့အကျိုးစီးပွားပေါ်မှာလည်း အခြေခံတာပေါ့။ တဖက်ကလည်း မြန် မာပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ သူတို့ အပြုသဘော ဆက်ပါမယ်ဆိုတာကြောင့် ဒီလို ခေါ်တွေ့ တာပေါ့”ဟု ရှင်းပြသည်။

FPNCC အဖွဲ့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပြင်ပကနေ၍ နိုင်ငံရေး ဆွေးနွေးရန် တောင်းဆိုထားသည့် အဖွဲ့ တခု ဖြစ်ပြီး ယင်းအဖွဲ့ အတွင်း “ဝ” နှင့် KIA တို့ကြားတွင်လည်း အားပြိုင်မှုများ ရှိနေသည်ဟု သုံးသပ်ကြသည်။

ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်က နောင်ချို နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ်ပြုလုပ်ခဲ့သည်။

ထို့ပြင် မူဆယ်-မန္တလေးကြား ကုန်သွယ်လျက်ရှိသော ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို မြို့ ဂုတ်တွင်းတံ တားကိုလည်း ဖောက်ခွဲ ဖျက်စီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး နှစ်ဖက် တိုက်ပွဲ များ ရင်ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့ချိန်ထိ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading