လျှပ်စစ်မီတာခ နှုန်းထား တိုးမြှင့်ကောက်ခံရခြင်းသည် အမြတ်ရရှိရန် အတွက် ကောက်ခံခြင်းမျိုး မဟုတ်ဘဲ ကောက် ခံမှုမှ ရရှိလာသည့် အမြတ်ငွေများကို ပြည်သူများအား ဝန်ဆောင်မှု အကောင်းဆုံး ပေးနိုင်ရန်အတွက် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒု အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။
ဦးစိုးမြင့်က“မီးမသုံးနိုင်သူက ၅၀ ရာခိုင်နှုန်းကျော် ကျန်သေးတယ်။ အဲဒီအတွက်လည်း လုပ်ပေးရဦးမယ်။ တိုးကောက် တာက အမြတ်ငွေရဖို့ တိုးကောက်တာ မဟုတ်ဘူး။ လိုအပ်နေတဲ့ ပြည်သူတွေ အတွက် ဖြည့်ဆည်းနိုင်ဖို့ အတွက်ပါ”ဟု လည်း ပြောဆိုသည်။
ယင်းသို့ တိုးမြှင့် ကောက်ခံမှုမှ ရရှိလာသည့် အမြတ်ငွေများသည် နှစ်စဉ် ရှုံးနေသည့် ရှုံးကြေး ကာမိရန်နှင့် ဝါယာကြိုး များ၊ ဓာတ်တိုင်များ ပြုပြင်မှုများ လုပ်ဆောင်ကာ ဝန်ဆောင်မှု ပြန်လည် ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံမှုကြောင့် လျှပ်စစ်ကဏ္ဍမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ပြီး ကျပ် ဘီလီယံ ၃၀ ကျော် အမြတ်ရရှိရန် လျှပ်စစ်နှင့်် စွမ်းအင် ဝန်ကြီးဌာနမှ ခန့်မှန်းတွက်ချက်မှု အရ သိရသည်။
ယင်းခန့်မှန်း တွက်ချက်မှုကို ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိခြင်း ဖြစ်ပြီး ပြည်သူ့ ငွေ စာရင်း ပူးပေါင်း ကော်မတီမှ ငွေကြေးဆိုင်ရာ လေ့လာတွေ့ရှိချက်များကို ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် သို့ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီမှ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင် ဟူသည့် ကဏ္ဍ ၂ ရပ်တွင် လျှပ်စစ်ကဏ္ဍအတွက် နှစ်စဉ် စိုက်ထုတ်နေရခြင်း ဖြစ်ပြီး စွမ်းအင် ကဏ္ဍမှာ အမြတ်ငွေ ရရှိနေကြောင်း၊ ဇူလိုင်လမှ စတင်ပြောင်းလဲ ကောက်ခံခဲ့သည့် လျှပ်စစ် အသုံးပြုခ နှုန်းထားများ ကြောင့် နှစ်စဉ် စိုက်ထုတ်နေရာမှ ယခု ဘဏ္ဍာနှစ်တွင် အမြတ်ငွေ ကျပ် ၃၂ ဘီလီယံ ရရှိတော့မည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်းသည်။
လျှပ်စစ်ကဏ္ဍမှ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် ငွေကျပ် ဘီလီယံ ၃၄၀၊ ၂၀၁၇- ၂၀၁၈ တွင် ၃၆၄ ဘီလီယံ ၊ ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် ကျပ် ၆၀၆ ဘီလီယံ အစိုးရ အနေဖြင့် စိုက်ထုတ် အသုံးပြုခဲ့ရပြီး ယခု ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင်မူ ၃၂ ဘီ လီယံကျပ် အမြတ်ရရှိနိုင်မှု အခြေအနေကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ သို့ ပေး ပို့သည့် စာရင်းများ အရ သိရသည်။
စွမ်းအင်ကဏ္ဍမှ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် ကျပ် ဘီလီယံ ၅၃၈၊ ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် ကျပ် ဘီလီယံ ၅၄၅၊ ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် ကျပ်ဘီလီယံ ၉၇၄ အမြတ်ငွေ ရရှိခဲ့ပြီး ယခုနှစ် ၂၀၁၉- ၂၀၂၀ ခုနှစ်တွင်လည်း ကျပ် ဘီလီယံ ၇၀၃ အမြတ်ရရှိမည်ဟု တွက်ချက်ပြီး ဖြစ်သဖြင့် လျှပ်စစ်ကဏ္ဍမှ ရရှိမှ အမြတ်ငွေ ၃၂ ဘီလီယံနှင့် စွမ်းအင်ကဏ္ဍမှ ရရှိမည့် အမြတ်ငွေ ၇၀၃ ဘီလီယံ စုစုပေါင်းမှာ ကျပ်ဘီလီယံ ၇၃၂ ဘီလီယံ ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ စာရင်းများတွင် ဖော်ပြထားသည်။
ဦးအောင်မင်း က“သာမာန်အားဖြင့် ကြည့်မယ်ဆိုရင် လျှပ်စစ်ဓာတ်အားခတွေ တိုးလို့ ဒီလောက် မြတ်တာလားလို့ တွေး ထင်စရာ ရှိပါတယ်။ ဒါကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ အမြတ်ကို ကျနော်တို့ ခွဲခြားပြီး ဖော်ပြခြင်းပဲ ဖြစ်ပါ တယ်”ဟု ဆက်လက် ပြောသည်။
ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက“အစိုးရကတော့ မြတ်နေတယ်။ ပြည်သူတွေက ဒုက္ခရောက် တယ်။ အဓိက ဝင်ငွေက နည်းတာကိုး။ လျှပ်စစ်မီတာခတင် မဟုတ်ဘူး။ ကျန်တာတွေကိုလည်း နိုင်ငံတကာ အဆင့်မီ အောင်လုပ်ချင်တာလေ။ ကျနော်တို့ ရဲ့ ဝင်ငွေကျတော့လည်း နိုင်ငံတကာ အဆင့်မီအောင် မရဘူးလေ။ အဲဒါလေးပါ စဉ်းစားဖို့ လိုပါတယ်”ဟု သုံးသပ် ပြောကြားသည်။
ယခင်က အိမ်သုံး မီတာခနှုန်းထားများကို ၁ ယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးများ အတွက် ၁ ယူနစ်ကို အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ်အထိ ကောက်ခံနေ ရာ မှ ဇူလိုင်လမှ စတင်ကာ နှုန်းထား အသစ်ဖြစ်သော ၁ ယူနစ် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ်သည့် အမျိုး အစားအတွက် ၁ ယူနစ်လျှင် ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိ အသီးသီးအပြောင်းလဲ ကောက်ခံလိုက်ခြင်းကြောင့် သာမန် အိမ်သုံး ပြည်သူများက ယခင်ကထက် ၁ ဆခွဲမှ ၂ ဆ၊ စီးပွားရေး လုပ်ငန်းများက ၂ ဆ ကျော်မှ ၃ ဆကျော်အထိ မီတာခ ပေးဆောင်ရကြောင်း သိရသည်။
ပြောင်းလဲလိုက်သည့် နှုန်းထားသစ် အရ ရိုးရိုးအိမ်သုံးနှင့် ပါဝါမီတာ၊ တလုံးတခဲတည်း (အဆောင်လုပ်ငန်း) စီးပွားရေး လုပ်ငန်း မပါသော ဘာသာ/သာသနာ အဆောက်အအုံများ အတွက် မီတာခနှုန်းထားမှာ ၁ ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်နှုန်း၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်နှုန်း၊ ၅၁ ယူနစ်မှ ၇၅ ယူနစ် အထိ ၇၀ ကျပ်နှုန်း၊ ၇၆ ယူနစ်မှ ၁၀၀ အထိ ၉၀ ကျပ်နှုန်း၊ ယူနစ် ၁၀၁ မှ ၁၅၀ အထိ ၁၁၀ နှုန်း၊ ယူနစ် ၁၅၁ မှ ၂၀၀ အထိ ၁၂၀ ကျပ်၊ ယူနစ် ၂၀၁နှင့် အထက် ၁၂၅ ကျပ် စသည်ဖြင့် ကောက်ခံလျက် ရှိသည်။
ရွှေလင်ပန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းကလည်း“လတ်တလောမှာ ဆိုရင် မှန်တာပြောရရင် ဈေးတက်သွားတာ လောက်ပဲ ကျနော်တို့အတွက် ဖြစ်နေတယ်။ ဈေးတက်ယူလိုက်တယ် ဆိုတဲ့ အသိလေးတခုပဲ ရှိနေတယ်။ ဖြစ်နိုင်ရင် မီးပြည့်ပြည့်ဝဝ ပေးတာတို့ လိုအပ်တာတွေ ဖြည့််ပေးစေချင်တာပေါ့”ဟု ပြောသည်။
ထို့ပြင် စက်မှုလုပ်ငန်း၊ စီးပွားရေး လုပ်ငန်း၊ တလုံးတခဲတည်း (ဟိုတယ်၊ မိုတယ်)၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာန အဖွဲ့အစည်းများ၊ နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ မြစ်ရေတင် လုပ်ငန်း၊ စည်ပင်သာယာ ရုံး ဌာန လုပ်ငန်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အတွက်၊ နိုင်ငံခြား သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ကို အိမ်သုံး မဟုတ်သော လုပ်ငန်း အမျိုးအစားများအဖြစ် ကောက်ခံမည် ဖြစ်ကြောင်း ကြေညာထားသည်။
ယင်းလုပ်ငန်း အမျိုးအစားများ အတွက် ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ်နှုန်း၊ ယူနစ် ၅၀၁ မှ ၅၀၀၀ အထိ ၁၃၅ ကျပ်နှုန်း၊ ယူနစ် ၅၀၀၁ မှ ၁၀၀၀၀ အထိ ၁၄၅ ကျပ်၊ ယူနစ် ၁၀၀၀၁ မှ ၂၀၀၀၀ အထိ ၁၅၅ ကျပ်၊ ယူနစ် ၂၀၀၀၁ မှ ၅၀၀၀၀ အထိ ၁၆၅ ကျပ်၊ ယူနစ် ၅၀၀၀၁ မှ ၁၀၀၀၀၀ အထိ ၁၇၅ ကျပ်၊ ယူနစ် ၁၀၀၀၀၁ နှင့် အထက်ဆို ပါက ၁၈၀ ကျပ်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရ သဖြင့် ရာခိုင်နှုန်း အရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ် ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်သာ ရှိနေဆဲ ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ဆက်စပ် ဖတ်ရှုရန်
မီတာခ နှုန်းထားသစ်ကြောင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် အကျိုးအမြတ် စရမည်ဟု ဆို