ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့ စစ်ရေး လှုပ်ရှားမှုများ ဆက်လက်ရှိနေဆဲဖြစ်၍ မကြာခဏ ထိတွေ့တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်နေသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာနှင့် တခွန်တိုင် ကျေးရွာ အကြားတွင် သြဂုတ်လ ၂၀ နေ့ နံနက်ပိုင်းက တပ်မတော် စစ်ကြောင်း သွားလာနေစဉ် မိုင်းပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်းတွင် ကုလားမတောင်ကျေးရွာ အရှေ့မြောက်ဘက် တောင်တန်းများ တွင် နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
တင်းခွန်တိုင်ကျေးရွာနေ ဦးလှစောထွန်းက “ မနေ့က မနက်ပိုင်းမှာ ကျနော်တို့ရွာနဲ့ ကုလားမတောင် ရွာ ကြားမှာ မိုင်း ပေါက် သံကို ကြားရပြီး သေနတ်သံတွေကို ကြားရပါတယ်။ အပြန်အလှန် တိုက်ပွဲ ဖြစ်ကြတာတော့ မဟုတ်ဘူး။ တပ်က လှမ်းပြီး တောင်တန်းတွေကို ပစ်တာ။ ရွာနားက လယ်ကွင်းတွေ မှာလည်း လာကျတယ်။ သေနတ်သံ ကြားရတာက တိုက်ပွဲ ဖြစ်သံ ထက်တောင် ကြောက်စရာကောင်း ပါတယ်။ ပြီးတာနဲ့ ညနေပိုင်းမှာ ကုလားမတောင်ရွာ အရှေ့မြောက်ဘက် တောင်တန်းမှာ တိုက်ပွဲ ဖြစ်သံတွေကို ကြားရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေကြောင့် အနီးဝန်းကျင် ကျေးရွာများဖြစ်သော ကုလားမ တောင်ကျေးရွာ ၊ တင်းခွန်တိုင်ကျေးရွာ၊ ဇင်ချောင်းကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
ယင်းအပြင် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် အတွင်း မြောက်ဦး ဘက်မှ စစ်တွေ သို့ လာရောက်သည့် ကျောက်ဖြူ အခြေစိုက် အမှတ် ၃၂ ရဲတပ်ရင်း ယာဉ်တန်းကို AA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်သည်။
ထိုမိုင်းဆွဲ တိုက်ခိုက်မှုတွင် ဒဏ်ရာ ရရှိခဲ့သူ ဒုရဲမှူး သောင်းလွင်မှာလည်း ဆေးရုံသို့ ယူဆောင်စဉ် သေဆုံးသွားခဲ့သလို သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော် မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စောသန်းလွင်မှာ ရေယာဉ်ဆိပ်ကမ်း၌ ရှိနေစဉ် ဓားထိုးခံရသည့် အတွက် လက်ရှိ အချိန်တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
သြဂုတ်လ ၁၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်နှင့် ဘူးသီး တောင်မြို့နယ် စသည့် မြို့နယ် ၃ ခုတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း AA ဘက်မှ သိရသည်။
AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “၁၈ ရက်နေ့က ဘူးသီးတောင်ရယ်၊ ရသေ့တောင်ရယ်၊ မြေပုံ မြို့နယ် ၃ မြို့နယ်မှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ ရသေ့တောင်မှာ ၂ နေရာဖြစ်တယ်။ ဘူးသီး တောင်မှာ ၁ နေရာ၊ မြေပုံနဲ့ အမ်းမြို့နယ် အစပ်မှာ ၁ နေရာ တိုက်ပွဲဖြစ်တယ်။ အဲဒီ မြို့နယ် ၃ ခုမှာ ဖြစ်တဲ့ တိုက်ပွဲမှာ တပ်မတော်ဘက်က ၂၅ ဦးကျဆုံးတာ ရှိပြီးတော့ ဒဏ်ရာ ရတာတွေလည်း ရှိတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ် မညင်းတောင်ရွာနှင့် ပြိန်းတောရွာ အကြား၌ လည်းကောင်း၊ အမျက်တောင် ရွာနှင့် ငစံဘော်ရွာ အကြား၌ လည်းကောင်း နှစ်နေရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ခိုင်သုခက ဆိုသည်။
အလားတူ မြေပုံမြို့နယ် ရှောက်ခြုံရွာ အနောက်ဖက်တွင် သံတွဲအခြေစိုက်၊ ခမရ ၅၆၆ တပ်ရင်း နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့ ထိတွေ့မှု ဖြစ်ပွားခဲ့သလို ဘူးသီးတောင်မြို့နယ် ဂေါင်းတိုက် မွတ်စလင် ရွာ၏ အရှေ့ဖက်တွင်လည်း နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “သြဂုတ် ၁၈ ရက်နေ့က တိုက်ပွဲ ဖြစ်တာ ရှိတယ်။ စံဂိုးတောင် အုပ်စု ဂေါင်းတိုက် ဘင်္ဂါလီ ရွာအထက် တောင်တန်းမှာ ဖြစ်တယ်လို့ ပြောတယ်။ အခုထိ အဲဒီ ရွာနားမှာ စစ်သားတွေ အပြည့် ရှိတယ်လို့ ကြားတယ်။ အဲဒီက ရွာသားတွေကတော့ အကုန်ပြေး နေကြရတယ်။ တချို့ ရွာတွေဆို ရွာပျက်တွေ ဖြစ်သွားပြီ” ဟု ပြောသည်။
လက်ရှိတွင် တိုက်ပွဲမှာ ပုံမှန်ဖြစ်နေသည့် အနေအထားတွင်သာ ရှိကြောင်း၊ ထိုးစစ်ရပ်တန့်ခြင်း မရှိဘဲ တပ်မတော်က ထိုးစစ်ကို တိုးမြင့်သည့်အတွက် ဒေသအတွင်း အချိန်မရွေး စစ်ရေးပြင်းထန်လာ နိုင်ကြောင်း၊ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်သည့် အနေအထားတွင်ရှိကြောင်း ၎င်းက သုံးသပ်သည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကမူ သြဂုတ်လ ၁၈ ရက်နေ့က ရခိုင် ပြည်နယ်တွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း ရှင်းပြသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ ၁၈ ရက်နေ့မှာ ဘယ်တိုက်ပွဲမှ မဖြစ်ဘူး။ တိုက်ပွဲ ဖြစ်တာ မရှိဘူး။ တိုက်ပွဲလျော့ကျ လာနိုင်တဲ့ အနေအထား ရှိလားဆိုတော့ တိုက်ပွဲ မဖြစ်ရင်တော့ လျော့တာပေါ့။ တိုက်ပွဲဖြစ်ရင်တော့ တိုးမှာပဲ။ အဲဒါက မှန်းလို့ မရလို့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ကျေးရွာသားများမှာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေး နေရပြီး တချို့မြို့နယ်များ၌ ကျေးရွာမှာ လူသူ ကင်းမဲ့ကာ ရွာပျက်တခုကဲ့သို့ ဖြစ်သွားပြီ ဖြစ်ကြောင်းလည်း ဒေသခံ လွတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ ရွာတွေမှာ ကျည်ဆန် လာကျတယ်။ နေအိမ်တွေ မီးလောင် တယ်။ ဖမ်းဆီးခံရတယ်။ ဒါတွေ ရှိနေတော့ လူတွေက ကြောက်ပြီးတော့ တယောက်မှ မနေရဲကြတော့ဘူး။ ကျနော်တို့ မြို့နယ်မှာဆိုရင် ရွာတော်တော်များများက ရွာပျက် တခုလို ဖြစ်သွားပြီ ” ဟု ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင်မြို့နယ်အတွင်း စံဂိုးတောင်ကျေးရွာ၊ ဥယျဉ်သာကျေးရွာ၊ နွားရုံတောင် ကျေးရွာ၊ သျှစ်ရှားတောင် ကျေးရွာ ၊ ကံပြင် ကျေးရွာ၊ စပါးထားကျေးရွာ၊ အလယ်ချောင်းရွာ စသည့် ကျေးရွာ များမှာ ရွာပျက်တခုကဲ့သို့ ဖြစ်ကာ ဒေသခံကျေး ရွာသားများမှာလည်း နီးစပ်ရာ စစ်ဘေးရှောင် စခန်း များနှင့် ဆွေမျိုးများရှိရာ အရပ် ဒေသများသို့ ထွက်ပြေး ခိုလှုံ နေရ ကြောင်း ဦးအောင်သောင်းရွှေက ဆက်လက် ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဘက်စစ်ရေးလှုပ်ရှားမှု အခြေအနေများကြောင့် လက်ရှိအချိန်တွင် စစ်ဘေးဒုက္ခသည် ၆၀၀၀၀ ကျော်အထိ တိုးလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်း အရုံး ( Rakhine Ethnic Congress ) က ထုတ်ပြန်ထားသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး ဥက္ကဌ ဦးရွှေဖော်စိန်က “ ကျနော်တို့ ကောက်ယူရရှိတဲ့ စာရင်းအရ စစ်ဘေး ရှောင် အရေအတွက်က မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တို့မှာ စစ်ဘေးရှောင် ၅၀၀၀ ကျော်လောက် တပ်တိုးလာတော့ အခုဆိုရင် အားလုံး ၆၀၀၀၀ ကျာ်သွားပြီ” ဟု ပြောသည်။
လက်ရှိအချိန်တွင် မြို့နယ် အသီးသီး ရှိ စစ်ဘေးရှောင်များစခန်းများတွင် စားသောက် နေထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်လျှက် ရှိကြောင်းလည်း ဦးရွှေဖော်စိန်က ပြောသည်။
၎င်းက “သူတို့အတွက် လိုအပ်ချက်တွေကတော့ အများကြီး ရှိပါတယ်။ အခု မိုးရာသီ ဆိုပေမယ့် နေက တအား ပူနေတော့ နေမကောင်းဖြစ်ကြတဲ့ ကလေးတွေကလည်း အများကြီး ရှိတယ်။ တချို့က ကယ်ဆယ်ရေးစခန်း တွေဆိုလည်း သွားရေး လာရေး ခက်ခဲတဲ့ အတွက် အလှူရှင်တွေ မရောက် နိုင်ကြဘူး။ တချို့ စခန်းမှာဆိုလည်း နေ့တိုင်း ၊ အာလူး ၊ ခရမ်းသီး ဒါတွေပဲ စားနေရတယ်။ ပြီးရင် သူတို့ မိသားစုအားလုံးက ဘာဝင်ငွေမှလည်း မရှိကြတော့ဘူး ဆိုတဲ့အခါ ဒုက္ခတွေက အများကြီး စုပုံသွားတာပေ့ါ ” ဟု ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အချိန်မီ လူနေအိမ် အဆောင်များ ဆောက်ပေးရန် စီစဉ်ထားပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ထားသော်လည်း မြေပြင် အခြေ အနေတွင် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ကာ ဖြစ်သလို နေထိုင်ရကြသည်။
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲကာလ အတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး၊ မြေမြုပ်မိုင်းကွဲမှုနှင့် စစ်ကျန် လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၃ ဦး၊ ပျောက်ဆုံးနေသူ ၉ ဦး ၊ ဖမ်းဆီး ခံရသူ ၁၅၆ ဦး ရှိကြောင်း ဇူလိုင်လ အတွင်းက ထုတ်ပြန်သော REC ၏ စာရင်းအရ သိရှိရသည်။
ယင်းနောက်ပိုင်းတွင်းလည်း ဒေသခံများ အနေဖြင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ဖမ်းဆီးခံရမှုများ ရှိနေသည့်အတွက် ထပ်မံတိုးလာသည့် သေဆုံးသူ၊ ထိခိုက်သူ အရေအတွက်ကို အတိအကျ စာရင်း မပြုစု နိုင်သေးကြောင်း သိရသည်။
အနောက်ဘက် စစ်မျက်နှာ ၁ ခုဖြစ်သည့် ရခိုင်မြောက်ပိုင်းတွင် တပ်မတော်က ဖိတိုက်နေသည်ဟု ဆိုကာ သြဂုတ်လ ၁၅ ရက်နေ့က စတင်ပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဖြစ်သည့် တအန်း ( ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) ၊ အမျိုး သား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ( MNDAA )၊ ရက္ခိုင့်တပ်တော် ( AA ) ၃ ဖွဲ့ ပေါင်းကာ ရှမ်းမြောက်ဒေသကို စစ်မျက်နှာ အသစ်ဖွင့်လှစ်ကာ တပ်မတော် ကို တိုက်ခိုက်လျက်ရှိသည်။
You may also like these stories:
တိုက်ပွဲရပ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ် ဖိအားပေး
တပ်မတော်၏ အပစ်ရပ်ပြီးဆုံးမည့် ကာလအတွက် ကြိုပြင်ထားရန် ဗိုလ်ချုပ်ကြီး ယွက်စစ် သတိပေး
မိုင်းယန်း ပြည်သူ့ စစ်ခေါင်းဆောင် အသတ်ခံရ
လူနာသယ်ရန် သွားသည့် ပရဟိတကားတစီး ထပ်မံအပစ်ခံရပြန်