ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယင်းနေရာများတွင် ပိတ်မိနေသည့် နိုင်ငံခြားသား ၂၈ ဦးကို ယနေ့ နံနက်ပိုင်းက တပ်မတော် ရဟတ်ယာဉ်ဖြင့် လားရှိုး မြို့သို့ ပို့ဆောင်လိုက်ပြီး ယင်းမှ တဆင့် ရန်ကုန်သို့ ပို့ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“ကွတ်ခိုင်မှာ တိုက်ပွဲဖြစ်လို့ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂၈ ယောက် ရှိတယ်။ အဲဒီလူတွေကို အစိုးရက ကူညီပေးတဲ့ အနေနဲ့ တပ်မတော် ရဟတ်ယာဉ်နဲ့ ကွတ်ခိုင်ကနေ လားရှိုးကို ပို့ဆောင်ပေးဖို့ စီစဉ် နေတယ်။ လာရှိုးကနေ ရန်ကုန်ကို တပ်မတော် လေယာဉ်နဲ့ပဲ ဆက်ပို့ဆောင်ပေးမယ်။ မင်္ဂလာဒုံ လေဆိပ်မှာပဲ ဆိုက်မယ်”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံခြားသားများတွင် အမေရိကန် နိုင်ငံသား ထိုင်ဝမ်လူမျိုး ၉ ဦး၊ ကနေဒါ နိုင်ငံသား ၁ ဦးနှင့် ကျန်သူများမှာ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံသားများ ဖြစ်ကြောင်း တပ်မတော်မှ တာဝန်ရှိသူများထံမှ သိရသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် ရှိနေသည့် နိုင်ငံခြားသားများကို လုံခြုံရေး အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် ပေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင် က ပြောသည်။
“အမေရိကန်တွေက ကွတ်ခိုင်ဒေသမှာ ဒေသခံ ကလေးတွေကို စာလာသင်ပေးနေတာလို့ သိရတယ်။ ကျနော်တို့ သူတို့ကို လမ်းကြောင်း လုံခြုံရေးနဲ့ ပြန်ပို့တာပါ။ နောက်ပြီး အော်ရီဒူးကုမ္ပဏီက ဘင်္ဂလား နိုင်ငံသား ၂ ယောက်လည်း ကားလမ်းကနေ ပြန်သွားပြီ။ သူတို့ကို လားရှိုးအထိ လိုက်ပို့ပေးလိုက် တယ်”ဟု ရဲမှူးချုပ် ဇော်ခင်အောင်က ရှင်းပြသည်။
၎င်းက ဆက်၍ “အခု ပြန်ပို့ပေးနေတာ ကွတ်ခိုင်ဘက် လမ်းကြောင်းမှာပဲ ရှိသေးတယ်။ လောလော ဆယ် အနေအထားအရ မတည်ငြိမ်သေးဘူးလေ။ သီပေါနဲ့ လာရှိုးဘက်က အဖွဲ့တွေကတော့ သူတို့ အစီအစဉ်နဲ့ သူတို့ ပြန် သွားပြီ။ ကွတ်ခိုင်က အဖွဲ့တွေကတော့ တပ်မတော် ရဟတ်ယာဉ်နဲ့ ပို့ပေး လိုက်တယ်လို့ ကြားပါတယ်”ဟု ပြောသည်။
သြဂုတ်လ ၁၅ ရက်နေ့က မြန်မာ့ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှု ခံရသည့် ရှမ်းပြည်နယ်တွင် လမ်းကြောင်း များ ပိတ်သွားသဖြင့် နိုင်ငံခြားသား ခရီးသွားများသည် ရန်ကုန်သို့ ပြန်ရန် အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်။
တိုက်ပွဲများ ဖြစ်ပွားပြီး နောက်ပိုင်း သီပေါမြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားသား ခရီးသွား ၅၀ ကျော်မှာ ရန်ကုန်သို့ ပြန်ဆင်းရန် အခက်အခဲများ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းတွင် ကားလမ်းများ အဆင်မပြေသဖြင့် ရထားလမ်းဖြင့် ပြန်ခဲ့ကြရသည်။
လတ်တလောတွင် ရှမ်းပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံခြားသား ခရီးသွားများကို လိုအပ်သည့် အကူအညီများ ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်း၊ ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနတို့ကြား ဆွေးနွေးလျက် ရှိသည်ဟု သိရသည်။
ယနေ့ ဖြစ်စဉ်နှင့် ရှမ်းပြည်နယ်ရှိ နိုင်ငံခြားသား ခရီးသွားများအတွက် မည်ကဲ့သို့ ကူညီပေးမည် ဆိုသည်ကို သိရှိနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရှိ တာဝန်ရှိသူများထံ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ရှမ်းပြည်နယ်ရှိ နိုင်ငံခြားသားများ လာရောက်မှုများသည့် ခရီးစဉ် ဒေသများတွင် ယခုလိုမျိုး မငြိမ်မသက်မှုများ ဖြစ်ပေါ်နေပါက ခရီးသွားကဏ္ဍအတွက် ထိခိုက်မှုများ ရှိလာနိုင်သည်ဟု သုံးသပ်မှုများ ရှိသည့်အပြင် နယ်စပ်ကုန်သွယ်ရေးကိုပါ များစွာ ထိခိုက်လျက် ရှိသည်။