ရှမ်းပြည် မြောက်ပိုင်းတိုက်ပွဲများ အကြား ပိတ်မိနေသူများ၊ ဒဏ်ရာရသူများအား ကယ်ဆယ် နိုင်ရေး လမ်းကြောင်းဖွင့် ကူညီရန် တအောင်း (ပလောင်) နှင့် ရှမ်းအရပ်ဖက်အဖွဲ့အစည်းများက တပ်မတော် နှင့် လက်နက်ကိုင် အဖွဲ့များအား ယမန်နေ့က တောင်းဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) အပါအဝင် နေရာ ၅ နေရာကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (TNLA၊ AA၊ MNDAA)မှ တိုက်ခိုက်ခဲ့ပြီး နောက် ကျောက်မဲ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ကွမ်းလုံ စသည့် လမ်းတလျှောက်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
တိုက်ပွဲကြောင့် ၄၈၆၂ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အရေးပေါ် ကူညီမှု လိုအပ်သဖြင့် အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ INGOs/NGOs အဖွဲ့အစည်းများ ကူညီပေးကြပါရန်နှင့် လွယ်ကူစွာ ကူညီထောက်ပံ့ ပေးနိုင်သော လမ်းကြောင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းတို့မှ အကူအညီပေးရန် တအောင်းအရပ်ဖက်အဖွဲ့အစည်း ၃ ဖွဲ့ ပူးပေါင်း၍ သြဂုတ် ၂၁ ရက်က ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
တအောင်းအမျိုးသမီးအဖွဲ့အစည်း(TWO)မှ လွေးချှီဆငါးက “အကူအညီလိုတာက လောလောဆယ် ဒုက္ခသည်တွေ ရောက်နေတာ၊ ကွတ်ခိုင်ဘက်၊ လားရှိုးဘက်၊ နမ့်ဖတ်ကာဘက် ရှိမယ်။ လားရှိုးမှာ တော့ သွားရတာ နည်းနည်း အဆင်ပြေတယ်၊ အထူးသဖြင့် ကွတ်ခိုင်ဘက်မှာ ဆိုရင် သိပ်ပြီး အခြေ အနေ မကောင်းတဲ့ အနေအထား၊ ပိုပြီးအကူအညီ လိုအပ်မယ်၊ တချို့ဆိုရင် ပိတ်မိတဲ့ အနေအထား ဆိုတော့ အကူအညီ မရောက်သေးဘူး။ အဲဒီဘက်ပိုင်းကို ပြောချင်တာ”ဟု ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း အရပ်ဖက်အဖွဲ့အစည်းများ ကော်မတီ၏ ပြောခွင့်ရ နန်းစံပယ်ကလည်း နိုင်ငံတော်အစိုးရ အပါအဝင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ အပေါ် အကူအညီပေး စေချင်ကြောင်း တောင်းဆိုသည်။
“ပိတ်ထားတယ် ဆိုတာထက် သွားလို့မရ ကယ်လို့ မရ ခေါ်လို့မရ ဖြစ်နေတာပေါ့။ မနေ့ညက ရောက် လာတယ် တချို့ လောလောဆယ် နမ့်ခမ်းဘက်မှာ ဖြစ်နေတယ်။ကူညီ ကယ်ဆယ်ရေးဆိုတာ အားလုံး ကို ပြောတာ နိုင်ငံတော်အဆင့် အစိုးရရော၊ တပ်မတော်ရော၊ လက်နက်ကိုင်ရော ပေါ့နော်။ အခုက အားလုံးက ပူးပေါင်းဆောင်ရွက် မပေးသေးဘူး၊ တပ်မတော်ပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင် ပဲ ဖြစ်ဖြစ် ကူညီလုပ်ပေးစေချင်တာမျိုးတွေ”ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရပ်ဖက် အဖွဲ့အစည်း ၁၁ ဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက် နစ်နာ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှုများကို ရှေးရှု့ကာ လက်ရှိဖြစ်ပွား နေသော စစ်ပွဲများအား အမြန်ဆုံး ရပ်တန့်စေပြီး တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် စစ်ပွဲတွင်း ပိတ်မိ ပြည်သူများအတွက် နှစ်ဘက် တပ်များ အမြန်ဆုံး ညှိနှိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုနေ ကြခြင်း ဖြစ်သည်။
လက်ရှိတွင် ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲမြို့အနီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲ ဖြစ်ပွားနေသလို သြဂုတ်လ ၂၂ ရက် မနက် ၁၀ နာရီဝန်းကျင်က နမ့်ခမ်းမြို့အနီးမှာလည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တအောင်းနှင့် ရှမ်းအရပ်ဖက် အဖွဲ့အစည်းများက ထံမှ သိရသည်။
နှစ်ဖက် တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှ မူဆယ်သွား ပြည်ထောင်စု လမ်းမ ကြီးပေါ်တွင် လှုပ်ရှား သွားလာနေခြင်းကြောင့် ကူညီကယ်ဆယ်ရေး လုပ်ပေးလိုသော အဖွဲ့အစည်း များမှာ သွားလာရန် အခက်အခဲများ ရှိနေကြသည်။
သြဂုတ်လ ၂၀ ရက်က မူဆယ်မြို့အခြေစိုက် ဂရုဏာ လူမှုကူညီရေးအသင်းမှ ကား ၃ စီးသည် အလံဖြူ ထောင်၍ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာအုပ်စု၊ ဖားပင်ရွာနှင့် ကုန်းသုံရွာတွင် သေနတ်ဒဏ် ရာများ ရရှိထားသည့် အရပ်သား ၂ ဦး ကို ကယ်ထုတ်ရန် သွားရောက်စဉ် ဟန်ကံရွာအဝင် နားမှာ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က သေနတ်ဖြင့် အချက် ၃၀ ပစ်ခတ်ခဲ့ခြင်းကြောင့် ကူညီကယ်ဆယ်ရေး မလုပ်နိုင်ဘဲ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။
အလားတူ သြဂုတ်လ ၁၇ ရက်က လားရှိုးမြို့အထွက် ၁၂ မိုင်အကွာရှိ တိမ်ဖြူစက်သုံးဆီ အရောင်း ဆိုင်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိနေသူများကို ကယ်ဆယ်ရန် လားရှိုးလူငယ် လူမှုကူညီရေး အသင်းက သွားရောက်စဉ် လက်နက်ကိုင်များမှ ဆီးကြိုပစ်ခတ်မှုကြောင့် ကူညီကယ် ဆယ်မည့် ကားလမ်းဘေးသို့ တိမ်းမှောက်သွားပြီး အသင်း ဥက္ကဌ သေဆုံးကာ လူ ၂ ဦးထက်မနည်း ဒဏ်ရာများ ရရှိသွားခဲ့သည်။
ထိုရက်မှာပင် နမ့်ဖတ်ကာအထွက်တွင် ဒဏ်ရာ ရရှိနေသော လူနာများကို သွားရောက် ကယ်ဆယ်ရန် မေတ္တာရှင် လူမှုကူညီရေးအသင်း (နမ့်ဖတ်ကာ) ကားကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရှေ့ကား မှန်များ ကွဲသွားခဲ့သည် ဟု သိရသည်။
အစိုးရသည် ရှမ်းမြောက်ဒေသ တိုက်ပွဲများ အကြား ပိတ်မိနေသည့် နိုင်ငံခြားသား ၂၈ ဦးကို ယနေ့ တွင် ကွတ်ခိုင်မှ လားရှိုးသို့ လည်းကောင်း၊ ယင်းမှ တဆင့် ရန်ကုန်သို့ တပ်မတော်လေယာဉ်ဖြင့် ခေါ်ထုတ် ပို့ဆောင်ခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန်
တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်
ကျောက်မဲ အခြေစိုက် တပ်မတော် တပ်ရင်းဌာနချုပ်တခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
လာရှိုးနှင့် ကွတ်ခိုင်မြို့တို့ကို လက်နက်ကိုင် ၂၀၀ ခန့် လာရောက် တိုက်ခိုက်ဟုဆို
လူနာသယ်ရန် သွားသည့် ပရဟိတကားတစီး ထပ်မံအပစ်ခံရပြန်
တိုက်ပွဲရပ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ် ဖိအားပေး