ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဆက်လုပ်ရန် ရှိကြောင်း တပ်မတော်၏ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ အတွက် ရှိတယ်။ ကျိုင်းတုံမှာ လုပ်လိမ့်မယ်” ဟု ပြောပြသည်။
သို့သော် မည်သည့်အဖွဲ့များနှင့် ဆွေးနွေးမည်ကို အသေးစိတ် မပြောနိုင်သေးကြောင်း၊ ပြောနိုင်သည်မှာ “ကျိုင်းတုံမြို့” တွင် ပြုလုပ်မည်သာ ဖြစ်ကြောင်း တပ်မတော်က ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးလှမောင်ရွှေက“ကျနော်တု့ိက အပေါ်က Instruction ရရင် သွားဖို့ပါ။ ငြိမ်းချမ်းရေး ဆွေးနွေးမယ် ဆိုရင်တော့ အနှေးနဲ့အမြန် တွေ့ဖို့ လိုပါတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး H.E.Mr.Chen Hai က လာရောက်တွေ့ဆုံခဲ့ပြီး အစိုးရ၊ တပ်မတော်တို့နှင့် မြောက်ပိုင်း မဟာမိတ် များကြား တွေ့ဆုံနိုင်ရေး ဆွေးနွေးခဲ့သည်ဟု ဧရာဝတီက စုံစမ်း သိရှိရသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် လက်ရှိ ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက် ရှုတ်ချကြောင်း တရုတ်ဘက်က ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ရပ်တည်ချက် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တိုးတက်မှု ရရှိရန်နှင့် လုပ်ဆောင် နိုင် မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
တပ်မတော်၏ ပြောဆိုချက်ကို အတည်ပြုနိုင်ရန် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် ရက္ခိုင်စစ်တပ် (AA)၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့မှ တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း မရသဖြင့် ၎င်းတို့၏ သဘောထားကို မသိရသေးပါ။
TNLA၊ AA၊ မြန်မာ အမျိုးသားဒီမို ကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ သည် သြဂုတ် ၁၅ ရက်က နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ် ပြုလုပ်ခဲ့သည်။
ထို့ပြင် မူဆယ်-မန္တလေးကြား ကုန်သွယ်လျက် ရှိသော ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နောင်ချိုမြို့ ဂုတ်တွင်းတံတား ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်နေပြီး နှစ်ဖက်တိုက်ပွဲများ ရင် ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့ အချိန်ထိ ဖြစ်သည်။
မြောက်ပိုင်း အဖွဲ့များ အပေါ်တွင် တရုတ်နိုင်ငံ၏ သြဇာမှာ အလွန်ကြီးသဖြင့် တရုတ်က ယင်းလမ်းကြောင်းပေါ်မှ နေ၍ တိုက်တွန်းမည်ဆိုပါက ဆွေးနွေးပွဲများ ဖြစ်လာနိုင်ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျူမှ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ဒေါက်တာ မင်းဇော်ဦးက“လောလောဆယ် ပြဿနာက နိုင်ငံရေး ပြဿနာထက် အပစ်အခတ် ရပ်စဲရေးဆိုတာကို ဘယ်လို လုပ်မလဲဆိုတဲ့ သဘော ဖြစ်နေတာ။ ပြဿနာကို မဖြေရှင်းနိုင်ရင် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာပဲ။ ဒီအဖွဲ့ ၄ ဖွဲ့နဲ့ စကားပြောတဲ့ ဟာတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တကယ်တမ်း အဖြေထွက်ဖို့ ဆိုရင်တော့ တပ်မတော်နဲ့ ဒီအဖွဲ့ တွေကြားမှာ၂ ဖွဲ့ချင်း ဆွေးနွေးဖို့ လိုလိမ့်မယ်”ဟု ပြောဆိုသည်။
သြဂုတ် ၂၀ ရက်ကလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန် ကော့ရှန် က “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး မှု ကော်မတီ (FPNCC) ကို တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူ၍ တိုက်ပွဲများ ရပ်တန့်ပေးရန် ဖိအားပေးခဲ့သည်။
တိုက်ပွဲများ ရပ်ရမည် ဆိုပါက ရခိုင်၊ ကိုးကန့်၊ ပလောင် တိုင်းရင်းသား ဒေသများတွင် ပြုလုပ်နေသည့် စစ်ဆင်ရေးများ ကို ရပ်ရန်လိုကြောင်း၊ တိုင်းရင်းသားဒေသများတွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန်နှင့် စစ်မှန် သည့် တွေ့ဆုံဆွေးနွေးမှု အပစ်ရပ်ရေးက အစိုးရက ဆောင်ရွက်ပေးရန် လိုကြောင်း မြောက်ပိုင်း မဟာမိတ်များ ဘက်မှ ပြန်လည် တင်ပြခဲ့သည်ဟု သိရသည်။
FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ MNDAA၊ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ TNLA နှင့် AA တို့ ပါဝင်သည်။
AA နှင့် TNLA တို့သည့် KIA နှင့် UWSA “ဝ” အဖွဲ့တို့အပေါ်တွင် မှီခိုနေရသူများ ဖြစ်သလို တရုတ်ကလည်း KIA နှင့် ဝ အဖွဲ့အပေါ် သြဇာ တစုံတရာညောင်းသဖြင့် ဆွေးနွေးပွဲများ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
အစိုးရဘက်မှ မိုင်းလားကို အဆိုပြုရာ KIA က အဆင်ပြေသော်လည်း AA၊ TNLA၊ MNDAA တို့ ၃ ဖွဲ့က အကြောင်း မပြန်ကြောင်း၊ အကြောင်းမပြန်သည့်တိုင် အစိုးရဘက်မှ အဆိုပြုထားသည့် အပစ်ရပ်စာချုပ်မူကြမ်း အပေါ်တွင် သဘောထား ပြန်ပေးပါက တွေ့သည့်အခါတွင် အဆင်ပြေနိုင်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြ ဂုတ်၂၀ ရက်က ချင်းမိုင်တွင် ပြောဆိုထားသည်။