ရှမ်းပြည် မြောက်ပိုင်း၌ စစ်ဘေးရှောင်နေရသည့် ပြည်သူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်ရှိ ဖြစ်ပွား နေသည့် တိုက်ပွဲများ ရပ်တန့်စေပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရန် မေတ္တာရပ်ခံလိုက်သည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ တိုက်ခိုက်မှုများ အပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လားရှိူး မြို့နယ်ရှိ ကယ် ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများကို ဧရာဝတီက မေးမြန်းရာတွင် ယင်းသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။
လားရှိူးမြို့နယ် မချိနူ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ပန်စိမ်းရွာမှ ၁၀တန်းကျောင်းသူ နန်းခမ်းဟွမ် က “စစ်ပွဲတွေ မလိုချင်ဘူး။ ပြည်သူတွေလည်း ဒုက္ခရောက်တယ်။ ကောင်းကောင်းလည်း မနေရဘူး။ ရွာက ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန်နဲ့ ကျောင်းတက်စေချင်တယ်။ ရွာကို လည်း အေးအေးချမ်းချမ်း ဖြစ်စေချင်တယ် စစ်ပွဲမဖြစ်စေချင်ဘူး” ဟု သူက ဧရာဝတီသို့ ရှင်းပြသည်။
ယခုလ ၁၇ ရက်နေ့က ၎င်းတို့ရွာအနီးတွင် လက်နက်ကြီး ပေါက်ကွဲသံများ၊ လက်နက်ငယ် ပစ်ခတ် ပေါက်ကွဲသံများ ကြားပြီးနောက် အသက်အန္တရာယ်စိုးရိမ်သဖြင့် ရွာသူရွာသားများမှာ မချိနူဘုန်းကြီး ကျောင်းတွင် လာရောက်ခိုလှုံ ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်က နောင်ချို နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ်ပြုလုပ်ခဲ့သည်။
ထို့ပြင် မူဆယ်-မန္တလေးကြား ကုန်သွယ်လျက်ရှိသော ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နောင်ချိုမြို့ ဂုတ်တွင်း တံတားကိုလည်း ဖောက်ခွဲ ဖျက်စီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ရာ နှစ်ဖက်တိုက်ပွဲများ ရင်ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့ချိန်ထိ ဖြစ်သည်။
ထိုတိုက်ပွဲများကြောင့် လားရှိူးမြို့နယ် တခုတည်းတွင်ပင် မြို့ပေါ်ရှိ မန်ဆူ ဘုန်းကြီးကျောင်း၊ မြို့ပြင်ရှိ မိုင်းတိန် ဘုန်းကြီးကျောင်း၊ တာယော် ဘုန်းကြီးကျောင်းနှင့် မချိနူ ဘုန်းကြီးကျောင်းတို့တွင် ထောင်နှင့်ချီသော ဒေသခံများ အိုးအိမ်များကို စွန့်ခွာ၍ လာရောက် ခိုလှုံနေကြသည်။
ထိုအထဲတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို အများဆုံးတွေ့မြင်ရပြီး ၎င်းတို့ ကိုယ်တိုင်က နေရပ်ရင်းတွင်သာ နေလိုပြီး တိုက်ပွဲများ မလိုလားကြောင်း ဧရာဝတီသို့ ပြောသည်။
မချိနူရွာသူ နန်းအေးငေး က “ဒီလိုမျိုး စစ်ဘေးဒဏ်ကို မိန်းကလေးတွေ၊ ကလေးငယ်တွေ စစ်ဘေး ဒုက္ခထဲ မရောက်အောင်၊ ပြီးတော့ ပညာရေးလည်း ဆက်ပြီးသင်ရအောင် ကျမတို့ စိတ်ထဲမှာ ဒီတိုက်ပွဲ တွေ မြန်မြန် ရပ်တန့်ပြီးတော့မှ အိမ်မှာ ကောင်းကောင်းလေး အဆင်ပြေပြေ ဖြစ်စေချင်ပါတယ်” ဟု ပြောသည်။
ဟိုနန့် ရွာသူ နန်းခမ်းနွမ် ကလည်း “ကိုယ့်အိမ်နဲ့ ကိုယ့်ရွာဝေးရတယ်ဆိုတော့ အစားအသောက်တွေ လည်း အဆင်မပြေ ဘူး။ သူများရွာမှာ သွားနေရတယ်။ သွားမှီခိုရတယ်ဆိုတော့ အားလည်း အားနာပါ တယ်။ စိတ်ထဲမှာတော့ ငြိမ်းငြိမ်းချမ်းချမ်း အေးချမ်းသာယာကိုယ့်ရပ် ကိုယ့်ရွာမှာ နေချင်တာပေါ့” ဟု ရှင်းပြသည်။
နန်းခမ်းနွမ်သည် ၎င်းတို့ရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အသက်အန္တရာယ် စိုးရိမ်၍ မိသားစု ၄ ဦးနှင့်အတူ မိုင်းတိန် ဘုန်းကြီးကျောင်းတွင် ရွာသူရွာသားများနှင့် အတူ လာရောက် ခိုလှုံနေခြင်းဖြစ်သည်။
စစ်ဘေးရှောင်ပြေးလာသူများထဲတွင် အလွှာစုံရှိပြီး ဒေသခံတချို့ ၎င်းတို့ ကျေးရွာ အတွင်း တိုက်ပွဲများ ဖြစ်ပွား၍ လာရောက်ခိုလှုံနေကြသူများ ဖြစ်သလို အချို့မှာ လက်နက်ကြီး၊ လက်နက်ငယ် သံများ ကြောင့် စိုးရိမ်၍ လာရောက် ခိုလှုံကြသူများ ဖြစ်ကြောင်း အဆိုပါ ဒုက္ခသည်စခန်းများကို ကူညီဆောင် ရွက်ပေးနေသည့် ရှမ်းလူငယ်အဖွဲ့ (TYO) ၏ မြောက်ပိုင်း တာဝန်ခံ စိုင်းဟန် က ပြောသည်။
စိုင်းဟန် က “ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကပဲ ကြောက်နေရသလားဆိုတော့ မဟုတ်ဘူးဗျ။ လားရှိူးမြို့ပေါ်မှာ နေနေတဲ့သူတွေကလည်း ကျီးလန့်စာစားနေရတယ်။ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး။ အခုဟာ တိုက်ပွဲတွေက မြို့ရဲ့ ပတ်ပတ်လည်မှာ ဖြစ်နေတော့ လက်နက်ကြီး ကိုယ့်အိမ် ဘယ်အချိန် ကျမလာဘူးဆိုတာ ပြောလို့မရဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “ဖြစ်လာခဲ့ပြီဆိုလည်း ဘယ်သူ့လက်နက် ဘယ်သူ့ကျည်ဆံ၊ ဘယ်သူ ပစ်လိုက်မှန်း လည်း ကျနော်တို့ ပြည်သူတွေအနေနဲ့ မသိနိုင်ဘူး။ ကျပြီး သေမှသာ သေမှန်း သိတော့တယ်” ဟုဆိုသည်။
ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အဆိုပါ တိုက်ပွဲများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် အတွက် ဖော်ဆောင်ပေးကြရန် တိုက်တွန်းကြောင်း စိုင်းဟန် ကပြောသည်။
ဆက်စပ်ဖတ်ရှု့ရန်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျိုင်းတုံမြို့တွင် ဆက်လုပ်မည်ဟု တပ်မတော်ပြော
ရှမ်းမြောက် တိုက်ပွဲအတွင်း ပိတ်မိသူများ ကယ်ဆယ်ရေး အရပ်ဖက်အဖွဲ့များ တောင်းဆို
တိုက်ပွဲရပ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ် ဖိအားပေး
လူနာသယ်ရန် သွားသည့် ပရဟိတကားတစီး ထပ်မံအပစ်ခံရပြန်
လာရှိုးနှင့် ကွတ်ခိုင်မြို့တို့ကို လက်နက်ကိုင် ၂၀၀ ခန့် လာရောက် တိုက်ခိုက်ဟုဆို
ကျောက်မဲ အခြေစိုက် တပ်မတော် တပ်ရင်းဌာနချုပ်တခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်