ရခိုင်ပြည်နယ် မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တဖက်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားသော နေရပ်စွန့်ခွာ ဒုက္ခ သည်များ သြဂုတ်လ ၂၂ ရက်၌ စတင်၍ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားဝင် အကြောင်းကြားစာ ပို့ထားသော်လည်း ယနေ့ (သြဂုတ် ၂၃)အထိ ပြန်ဝင်လာသူ မရှိသေးချေ။
တဖက်နိုင်ငံရောက် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် နေရပ် စွန့် ခွာ ဘင်္ဂါလီ ၃၄၅၀ ကို သြဂုတ်လ၂၂ ရက်စ၍ ပြန်လည်ပေးပို့ရန် ဘင်္ဂလားဒေ့ရှ်အစိုးရမှ တရားဝင် အကြောင်းကြားစာ ပေး ပို့ထားသည့်အတွက် ပြန်ဝင်လာမည့် အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ဒေါက်တာ ဝင်းမြတ်အေးက “ကျနော်တို့က နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးကနေ၂၂ ရက်ကို ပြန်ဝင်လာဖို့ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ ပြင်ဆင်ထားတယ်ဆိုတဲ့ စာတွေတော့ ရရှိထားတယ်။ ဒီအချိန်ထိတော့ ပြန်ဝင်လာတယ် ဆိုတာတော့ မကြား သေးဘူး။ သို့သော် လက်တွေ့ ပြန်ဝင် မဝင်တော့ စောင့်ကြည့်ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ဝင်းမြတ်အေးသည် နေရပ်စွန့်ခွာ ဘင်္ဂါလီများ ပြန်လည်ဝင်ရောက်လာမည့် ကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က တည်းက စစ်တွေမြို့သို့ ရောက်ရှိကာ အခြေအနေကို စောင့်ကြည့်လျက် ရှိကြောင်းလည်း သိရသည်။
အဆိုပါ နေရပ်စွန့်ခွာ ဘင်္ဂါလီများအရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရဘက်က ကုန်းလမ်းမှ ပြန်ဝင်လာသူများကို မောင် တောမြို့နယ် တောင်ပြိုလက်ဝဲ စခန်းတွင် လက်ခံရန် ပြင်ဆင်ထားပြီး ရေလမ်းကပြန်ဝင်လာသူများ အတွက် ငခူရစခန်း တွင် လက်ခံရန် ယခင်ကတည်းက စခန်း ၂ ခု အဆင်သင့် ဖွင့်လှစ်ထားလျက်ရှိသည်။
မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နေရပ်စွန့်ခွာသူ ဘင်္ဂါလီများ ပြန်လည် ဝင်ရောက်လာမည့် ကိစ္စနှင့်ပတ် သက်ပြီး သက်ဆိုင်ရာ ဝန်ထမ်းများနှင့် အမြဲတမ်း အဆင်သင့် ပြင်ဆင်ထား ရှိကြောင်း ပြောသည်။
ဦးစိုးအောင်က “အခုထိတော့ ဟိုဘက်က ဘာမှ မဆက်သွယ်လာဘူး ဆိုတော့ မဝင်တော့ဘူးနဲ့ တူပါတယ်ဗျာ။ သူတို့ အခုထိ မချိတ်ဆက်လာဘူး ဆိုတော့ မဝင်တော့လို့ နေမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သောနှစ် နိုဝင်ဘာလ ကတည်းက မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများ အတွက် လူနေ ဆောင်များ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် အခြေအနေများ၊ အရေးပေါ် လူနာတင်ယာဉ်များ၊ လုံခြုံရေး အစီအမံများ ကို ကြိုဆိုလက်ခံရေး စခန်းများ၌ စနစ်တကျ ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
တဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများထဲတွင် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်လည်းမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည် စခန်းတွင် ရှိနေကြောင်း သိရသည်။
ဦးစိုးအောင်က “ဟိုဘက်နိုင်ငံကို ရောက်နေတဲ့ ဟိန္ဒူဘာသာဝင် အရေအတွက်ကတော့ ၄၀၀ ကျော်လောက် ရှိတယ်။ အခု ပြန်ဝင်လာမယ့် စာရင်းပို့တဲ့ အထဲမှာ သူတို့ ပါလား မပါလားဆိုတာတော့ မသိဘူးဗျ။ ဘင်္ဂလားဒေ့ရှ်က အရေအတွက် ပဲ ပို့တာ။ ဟိန္ဒူ၊ ဘင်္ဂါလီ အဲဒီလို ခွဲပြီးတော့ မပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၁၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက် လာ မည် ဆိုသည့်အတွက် မြန်မာဘက်မှ ကြိုဆိုလက်ခံရေး စခန်းများ ဖွင့်လှစ်ခဲ့သော်လည်း တဦးတယောက်မှ ပြန်ဝင်လာသူ မရှိခဲ့ပေ။
ထို့ပြင် မြန်မာအစိုးရသည် ပြန်လည် ဝင်ရောက်လာသူများ ယာယီနေထိုင်ရန် အတွက် လှဖိုးခေါင်တွင် ကြားစခန်းတခုကို လည်း ငွေကြေးများစွာ အကုန်ကျခံကာ ဆောက်လုပ်ထားသည်။
လှဖိုခေါင်းကြား စခန်းသည် မောင်တောမြို့နယ် အတွင်း လှဖိုးခေါင်ကျေးရွာ အနီး၌ တည်ရှိပြီး ယင်းစခန်းတွင် ၈ ခန်းတွဲ ယာယီ အဆောက်အအုံ ၆၂၅ လုံး၊ အခန်းပေါင်း ၅ ထောင်၊ ဆောက်လုပ်ထားရှိကာ ဆေးပေးခန်း၊ ကလေးကစားကွင်း အပါအဝင်၊ ရေ၊ မီး အစုံဖြင့် ပြည့်စုံအောင် ဆောင်ရွက်ထားကြောင်းလည်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရ သည်။
ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူ ဘင်္ဂါလီများ အနေဖြင့်တော့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးနှင့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုရေး၊ မူလနေရာတွင် ပြန်လည် နေထိုင်ခွင့် ရရှိရေး အပါအဝင် လွတ်လပ်စွာ သွားလာခွင့် ရရှိရေးတို့ကို တောင်းဆိုထားကြောင်းလည်း နိုင်ငံတကာ သတင်းမီဒီယာများ၏ ဖော်ပြထားကြသည်။
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ အနီး နှစ်နိုင်ငံနယ်စပ်မျဉ်း မြန်မာနိုင်ငံဘက်ခြမ်း၌ ယာယီတဲများဖြင့် နေထိုင်ကြ သည့် နေရပ်စွန့်ခွာ ဘင်္ဂါလီများမှာလည်း လက်ရှိအချိန်အထိ ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးဘဲ ယင်းနေရာတွင် ဆက်လက် ရှိနေသေးကြောင်း သိရသည်။
တဖက်နိုင်ငံသို့ ရောက်ရှိနေသူ ဘင်္ဂါလီများထဲတွင် နှစ်နိုင်ငံသဘော တူညီမှုဖြင့် မဟုတ်ဘဲ လှေစီပြေးသူ၊ နယ်စပ် ဖြတ်ကျော် ရောက်ရှိလာသူ စသည့်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၂၁၆ ဦး ရှိကြောင်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက်လာသူများကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီအစဉ်အတိုင်း နီးစပ်ရာ ဆွေမျိုးသားချင်းများ ရှိရာ ရွာကျေးရွာများတွင် ပြန်လည်နေရာချထားပြီး ထောက်ပံ့မှုများကိုလည်း ပေးအပ်ထားကြောင်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် မောင်တောခရိုင်အတွင်း အကြမ်းဖက်အဖွဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA)၏ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒေသခံ ရခိုင်၊ မြို ၊ ဒိုင်း နက်၊ ခမီတိုင်းရင်းသားနှင့် ဟိန္ဒူဘာသာဝင် အမြောက် အများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို သိန်းနှင့်ချီသော ဘင်္ဂါလီများ မှာလည်း တဖက်နိုင်ငံသို့ ခိုလှုံသွားခဲ့ကြောင်းလည်း နိုင်ငံတကာ အဖွဲ့အစည်းများ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
နေရပ်စွန့်ခွာသူ ၃ ထောင်ကျော် သြဂုတ်လအတွင်း စတင် လက်ခံမည်ဟု သမ္မတရုံး ပြော
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ပြန်လက်ခံရေး မြန်မာ ကတိကဝတ်ကို အာဆီယံ ထောက်ခံ
မြန်မာကို အရေးယူမည့် ICC ၏ ခြေလှမ်းအသစ် နေပြည်တော် လက်မခံ