သတင်း

မြန်မာ Page၊ Group၊ Account ၂ ရာကျော်ကို Facebook ပိတ်

မြန်မာနိုင်ငံရှိ အများပြည်သူ ဆွေးနွေးငြင်းခုံမှု ပျက်ပြားစေရန် (သို့မဟုတ်) ချုပ်ကိုင်ရန် ကြိုးနေသည့်၊ စစ်တပ်နှင့် ဆက်နွယ်မှု ရှိသည့် လူမှုကွန်ရက်မီဒီယာ Page ၊ Group ၊ Account ပေါင်း ၂၁၆ ခုကို Facebook ကုမ္ပဏီက ကြာသပတေးနေ့တွင် ပိတ်ခဲ့ကြောင်း ရိုက်တာသတင်းတပုဒ်က ရေးသည်။

၎င်းကုမ္ပဏီသည် ဖေ့စ်ဘွတ် Account ၈၉ ခု၊ Page ၁၀၇ ခု၊ Group ၁၅ ခုနှင့် အင်စတာဂရမ် ၅ ခုတို့ကို ပိတ်ခဲ့ကြောင်း၊ တချို့ဆိုလျှင် ပုံမှန်ကြည့်ရှု အားပေးသူ Follower သိန်းနှင့်ချီ၍ ရှိနေကြောင်း Facebook ဘလော့တွင် ရေးသားဖော်ပြထားကြောင်း သတင်းက ဆိုသည်။

မြန်မာနိုင်ငံတွင်း မွတ်စလင်နှင့် လူနည်းစုများအပေါ် အမုန်းစကား ပြောခွင့်ပြုထားခြင်းကို အရေးယူရန် ပျက်ကွက်သည်ဟု ဝေဖန်ခံရပြီးနောက် လူမှုကွန်ရက် ဘီလူးကြီးဖြစ်သည့် Facebook သည် ယခင်ကပင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ရာနှင့်ချီသော Account များကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။

ယခုနောက်ဆုံး ပယ်ဖျက်ခံရသော အကောင့်များ၏ နောက်ကွယ်ရှိသူများမှာ ရာဇဝတ်မှု၊ တိုင်းရင်းသား အရေး၊ နာမည်ကျော်ကြား အနုပညာရှင်များနှင့် တပ်မတော် အပါအဝင် နိုင်ငံရေးနှင့် ပြည်တွင်းဖြစ် အခြားရေးရာများနှင့် ပတ်သက်သည်များအား ရည်ရွယ်ချက် ရှိရှိဖြင့် လက်သင့်မခံနိုင်အောင် ရေးသားထားသူများ ဖြစ်ကြောင်း Facebook က ဆိုသည်။

“ဒီလူတွေက သူတို့ လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်၊ သူတို့ပင်ကိုယ် သရုပ်လက္ခဏာကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ ပေမယ့် ကျနော်တို့ စုံစမ်းစစ်ဆေးချက်အရ တချို့ လှုပ်ရှားမှုတွေဟာ မြန်မာစစ်တပ်နဲ့ တဦးချင်း ပတ်သက် ဆက်နွှယ်နေတာ တွေ့ရပါတယ်” ဟု ဘလော့ဂ်တွင် ရေးထားကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

လူမှုကွန်ရက်အသုံးချ နိုင်ငံရေးအမြတ်ထုတ်မှုများ ၂၀၂၀ တွင် ပိုမို ဖြစ်ပွားလာနိုင်

အွန်လိုင်းပေါ်က အနိုင်ကျင့်မှုတွေကို ပြန်တုံ့ပြန်ကြရအောင်

၃ နှစ် အတွင်း ဆိုက်ဘာမှုခင်း တိုင်ကြားမှု ၂ ထောင်ခန့် ရှိဟု ဆို

Loading