ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် အသုံးပြုရန် ကားများ ဝယ်ယူရာ၌ ငွေကြေး အလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ လွှတ်တော် ဒု ဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို သြဂုတ်လ ၂၂ ရက်၌ ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ဦးစံမင်းအောင်အား ဧရာဝတီတိုင်း လွှတ်တော်က ပုဒ်မ ၄၀၉ (ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု) ဖြင့် တရားစွဲဆိုထားသည့် အမှုကို ပုသိမ်မြို့နယ် တရားရုံးတွင် သြဂုတ်လ ၂၂ ရက်က စတင် ကြားနာသည်။
စွပ်စွဲခံရသူ ဦးစံမင်းအောင်မှာ ကျန်းမာရေး မကောင်းသဖြင့် ပုသိမ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည့် အတွက် အာမခံ လျှောက်ထားခဲ့ရာ အစိုးရရှေ့နေ ဖြစ်သူက ဦးစံမင်းအောင်ကို ကုသပေးသော ဆရာဝန်များကို ခေါ်ယူစစ်ဆေးပြီးမှသာ အာမခံ ပေးသင့်ကြောင်း လျှောက်လဲခဲ့သဖြင့် ပုသိမ်မြို့နယ် တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက အာမခံ ပေး မပေးကို သြဂုတ်လ ၂၈ ရက်တွင် ဆုံးဖြတ်ရန် ပြန်လည် ချိန်းဆိုခဲ့သည်။
ထို့ကြောင့် ရုံးချိန်းအပြီးတွင် ရဲတပ်ဖွဲ့က ဦးစံမင်းအောင်ကို ပုသိမ်ထောင်သို့ ပို့ဆောင်၍ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။
ဦးစံမင်းအောင်၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဦးက“သူက အရင်ကတည်းက နှလုံးသွေးကြောကျဉ်း ရောဂါ ရှိတယ်။ တီဘီဆေးလည်း သောက်နေရတယ်။ သွေးတိုးရောဂါလည်း ရှိတယ်။ လက်ရှိကတော့ လိပ်ခေါင်း ရောဂါရှိနေ လို့ ပုသိမ်ဆေးရုံမှာ တက်ရောက်ကုသ နေရတဲ့အတွက် အာမခံလျှောက်ထားခဲ့တာပါ”ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်၌ အသုံးပြုရန်အတွက် ကား ၅ စီးဝယ်ယူရန် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည် ထောင်စု လွှတ်တော် ရန်ပုံငွေထဲမှ ကျပ်သိန်း ၁၅၈၀ ရရှိခဲ့ပြီး ကားဝယ်ယူရန် ဧရာဝတီတိုင်း လွှတ်တော်မှ ကော်မတီ ဖွဲ့စည်းကာ တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ တင်ဒါသို့ ကုမ္ပဏီ ၃ ခု လာရောက် လျှောက်ထားခဲ့ရာ ကုမ္ပဏီ ၁ ခုသာ အရည်အသွေး ပြည့်မီခဲ့ပြီး ကားများ လာရောက် ပြသရန် ချိန်းဆိုသော်လည်း လာရောက်ခြင်း မရှိသည့်အတွက် တင်ဒါဖြင့် ဝယ်ယူသည့် အစီအစဉ်ကို ဖျက် သိမ်းခဲ့ကာ ဧရာဝတီတိုင်း လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ဖြင့် ဝယ်ယူခွင့်ပြုရန် ဧရာဝတီတိုင်း အစိုးရ အဖွဲ့ထံ တင်ပြခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။
ကားဝယ်ယူရေး အတွက် ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ ခွင့်ပြုသည့်အတွက် တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှ အဖွဲ့ဝင် ၈ ဦးပါ ကားဝယ်ယူရေး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ အဆိုပါ အဖွဲ့တွင် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို အဖွဲ့ခေါင်းဆောင်၊ ဒု ညွှန်ကြားရေးမှူးချုပ် အဆင့် အရာရှိကြီးတဦးအား အတွင်းရေးမှူးအဖြစ် တာဝန် ပေးအပ်ခဲ့ပြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိများနှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ၃ ဦးတို့က အဖွဲ့ဝင်များ အဖြစ် ပါဝင်ကြသည်ဟု ဆိုသည်။
အဆိုပါ ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် တပတ်ရစ် Hi Ace အံစာတုံးကား ၃ စီး၊ လိုက်ထရပ် ၁ စီးတို့ကို ကုမ္ပဏီတခုထံမှ လည်းကောင်း၊ တိုယိုတာ Extra Cub ကားသစ် ၁ စီးတို့ကို ကုမ္ပဏီတခုထံမှ လည်းကောင်း အသီးသီး ဝယ်ယူကာ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်တွင် အသုံးပြုခဲ့ကြောင်း သိရသည်။
ကားများ ဝယ်ယူရာတွင် အဖွဲ့ခေါင်းဆောင် ဦးစံမင်းအောင် အနေဖြင့် ငွေကြေးအလွဲသုံးစား လုပ်ခဲ့သည်ဟု ပုသိမ်မြို့တွင် နေထိုင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် နီးစပ်သူတဦးက ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုင်ကြားခဲ့ သည့် အတွက် NLD ပါတီဗဟိုမှ အရန်ဗဟိုကော်မတီဝင် ဦးကျော်ဟိုး ဦးဆောင်သည့် အထူးစုံစမ်းရေး အဖွဲ့ဖြင့် ပါတီတွင်း စစ်ဆေး ပြီးနောက် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဦးစံမင်းအောင်ကို ဇန်နဝါရီလ ၁၅ ရက် တွင် NLD ပါတီမှ ရာသက်ပန် ထုတ်ပယ်ခဲ့သည်။
NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့မှ ဦးစံမင်းအောင်ကို ပါတီမှထုတ်ပယ်ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော် မရှင်ထံသို့ ဆက်လက် အကြောင်းကြားခဲ့ရာ ကော်မရှင်က ယခုနှစ် ဇန်နဝါရီနှင့် ဖော်ဖော်ဝါရီလအတွင်း ဦးစံမင်းအောင် နှင့် ကားဝယ်ယူရေးတွင် ပါဝင်သူများ၊ ကားကုမ္ပဏီတို့ကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အဂတိတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးခဲ့သော်လည်း ဦးစံမင်းအောင်၏လုပ်ရပ်မှာ အဂတိလိုက်စားမှု မမြောက် ကြောင်းနှင့် တည်ဆဲဥပဒေအရ ဆက်လက် ဆောင်ရွက်ရန် ဖြစ်ကြောင်းဟု ကော်မရှင်က အကြောင်းပြန်ခဲ့သည့် အတွက် ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ဧရာဝတီတိုင်း လွှတ်တော်ရုံး ဒု ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက တရားလိုပြုလုပ်၍ ဦးစံမင်းအောင်ကို ပုသိမ်မြို့မ ရဲစခန်းတွင် ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ သည် ယုံကြည်စွာအပ်နှံမှုကို ဖောက်ဖျက်ကျူးလွန်သည့် ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်း အထိ ချမှတ်နိုင်၍ ငွေဒဏ်ပါ ပူးတွဲ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က“ဥပဒေချုပ်က ဒီစာအရဆိုရင် တည်ဆဲဥပဒေအရ ဆက်လက် ဆောင်ရွက်ရမယ် လို့ ဆုံးဖြတ်တဲ့အတွက် လွှတ်တော်ရုံးကနေ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဒီကိစ္စကို ၃ လလောက် အချိန်ယူ စစ်ဆေးပြီး တိုင်းဥပဒေချုပ်ဆီပြန်တင်၊ အဲဒီကတဆင့် ပြည်ထောင်စု ဥပဒေချုပ်အထိ တင်ပြပြီး ပြည်ထောင်စုက နေ ပြန်ဆင်းလာလို့ ရဲလုပ်ထုံးလုပ်နည်း အတိုင်း ဆက်သွားတာပါ”ဟု ပြောပြသည်။
လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်က“ကျနော့်အနေနဲ့ ဒီကိစ္စတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်လို့ ဥပဒေအတိုင်းပဲ ရင်ဆိုင်ဖြေရှင်းသွားမှာပါ။ ကျနော့်ဘက်ကတော့ ဒီအမှုနဲ့ပတ်သက်ရင် အဂတိတရား ကင်းရှင်းတယ်လို့ အာမခံပါတယ်”ဟု ယမန်နေ့ ရံုံးထုတ်ချိန်တွင် ဧရာဝတီကို ပြောသည်။
ဘိုကလေးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့် ဦးစံမင်းအောင်မှာ အသက် ၃၈ နှစ် အရွယ် ရှိသည့် အထက်တန်းရှေ့နေ တဦး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဘိုကလေးမဲဆန္ဒနယ်၌ ခိုင်လုံမဲ ၃၃၃၈၉ မဲဖြင့် အနိုင်ရကာ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၃ နှစ်ကြာ ထမ်းဆောင်ခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ဦးစံမင်းအောင်မှာ ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဘိုကလေးမြို့နယ် တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် တာဝန်ကို ဆက်လက် ထမ်းဆောင်နေသူ ဖြစ်သည်။
You may also like these stories:
ဧရာဝတီတိုင်း လွှတ်တော် ဒု ဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို အမှုဖွင့် စစ်ဆေးနေ
ဧရာဝတီတိုင်း လွှတ်တော် ဒု ဥက္ကဋ္ဌ နုတ်ထွက်
ငွေကြေး အလွဲသုံးစား မလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းလွှတ်တော် ဒု ဥက္ကဋ္ဌ ပြန်ရှင်း