မြန်မာ့ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်သော မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အသင်း (MBA)ကို သြဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ဖွဲ့စည်းလိုက်သည်။
အဆိုပါ အသင်း၌ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေမှ နာယက အဖြစ် ပါဝင်ပြီး အသင်း ဥက္ကဋ္ဌ အဖြစ် တော်ဝင်မိသားစု ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေး၊ အတွင်းရေးမှူး အဖြစ် ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရ သည်။
MBA အသင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ရေထွက်ကုန်နှင့် မွေးမြူ ရေးလုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဆန်စပါးလုပ်ငန်းရှင်များနှင့် အသေး စားနှင့် အလတ်စားလုပ်ငန်းရှင် (SME) များ အစရှိသည့် ကဏ္ဍပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
စီးပွားရေး လုပ်ကိုင်ဆောင်ရွက်နေကြသော နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ အနေနှင့် တဦးနှင့် တဦး ဆက်သွယ် ပူး ပေါင်း ဆောင်ရွက်နိုင်မှုကို ယခုထက်ပို၍ လုပ်ကိုင်နိုင်ရန်၊ နိုင်ငံတော်မှ လက်ရှိ စီးပွားရေးနှင့် ပတ်သက်သော အခြေအနေ မှန်များကို သိရှိနိုင်ရန် တင်ပြပေးခြင်းနှင့် ဖြစ်နိုင်သော နည်းလမ်းများဖြင့် အကူအညီပေးခြင်း စသည့် ရည်ရွှယ်ချက်များဖြင့် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။
MBA အသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက“ဒီအသင်းက လုပ်ငန်းရှင်အချင်းချင်း ဘာတွေလုပ်မလဲဆိုတာ ညိုနှိုင်းပြီး လုပ်နိုင် အောင် စီမံဆောင်ရွက်ပေးမယ့် အသင်း ဖြစ်တယ်။ ဒါကို အဓိက ထားတယ်။ အဲဒီတော့ နိုင်ငံတော်ကနေပြီးတော့ အစိုးရ အဖွဲ့စည်းတွေမှာ လိုအပ်ချက်ရှိခဲ့ရင်လည်း ဝိုင်းဝန်း ကူညီ ဆောင်ရွက်မယ်။ ဒါမှ တိုင်းပြည်စီးပွားရေး တိုးတက်မှာ။ ဘယ်သူ့ ကိုမှ အတိုက်အခံ မလုပ်ဘူးလို့ ကြေညာထားပြီးသား ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ စီးပွားရေး လုပ်ငန်းများတွင် ငွေရေးကြေးရေး အခက်အခဲများ၊ လုပ်ငန်းနှင့်ပတ်သက်သော စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများ၊ စီးပွားရေးလုပ်ငန်းများတွင် ဆော့ဝဲလ်စနစ်များ စနစ်တကျ အသုံးချ၍ စီမံခန့်ခွဲနိုင်မှုများ အစရှိသည် တို့ကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်၍ သော်လည်းကောင်း၊ လုပ်ငန်းရှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်၍ သော်လည်းကောင်း MBA အသင်းမှ လုပ်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော်ကို သွားပြီး အင်အားနဲ့ အကျပ်ကိုင်ပြီး တောင်းမယ့် စိတ်ကူး လုံးဝမရှိပါဘူး”ဟု ဦးကိုကိုထွေးက ပြောဆိုခဲ့ သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) ကဲ့သို့ တနိုင်ငံလုံး ကိုယ်စားပြု အသင်းတခု ရှိနေသည့်အပြင် ယခု MBA ကို ထပ်မံ ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။
ထိုကဲ့သို့ တနိုင်ငံလုံး ကိုယ်စားပြု အသင်း ထပ်မံ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်း ရှင်လည်းဖြစ်သူ ဦးခင်ရွှေက “UMFCCI အောက်မှာက ဆောက်လုပ်ရေး လုပ်ငန်းရှင် မရှိဘူး။ ဟိုတယ်လုပ်ငန်းရှင်တွေ မရှိဘူး။ ကျန်တဲ့ လုပ်ငန်းရှင် တော်တော်များ မရှိဘူး။ အဲဒီလိုပဲ အန်ကယ်တို့ လို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ မရှိဘူး။ အစည်းအဝေး တလတခါလုပ်တယ်။ အန်ကယ်တို့ စီးပွားရေးလုပ်ငန်းရှင် ဘယ်နှစ်ယောက် တက်လို့လဲ။ အဓိက ဒီစီးပွားရေးလုပ်ငန်း ရှင်ကြီးတွေ မရှိတော့ အန်ကယ်တို့ အနေနဲ့ လုပ်ငန်းရှင်တွေနဲ့ ကျန်တဲ့သူတွေပေါင်းစပ်ပြီး စီးပွားရေး အိုင်ဒီယာ ယူပြီး အစိုးကို တင်ပြဖို့ပဲ”ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းပြည် တိုးတက်ချင်သောကြောင့် အသင်းကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောဆို သည်။
ဆက်လက်၍ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေကလည်း အကယ်၍ အစိုးရ၏ စီးပွားရေးနှင့် ပတ်သက် သော မူဝါဒများ လွဲနေသည်ဆိုလျှင်လည်း MBA အသင်းအနေနှင့် လွဲနေသည့် အကြောင်း များကို အကြံပေး ပြောဆိုမည်ဖြစ်ကြောင်း ပြောသည်။
MBA အသင်း ရုံးခန်းဖွင့်လှစ်မည့် နေရာနှင့် အသင်းဝင် အသင်းသားမည်မျှရှိသည်ကို ပြောဆို၍ မရ သေးသော်လည်း ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ၊ တော်ဝင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး၊ ရွှေသံလွင် မိသားစု ကုမ္ပဏီ ဥက္ကဋ္ဌ ဦကျော်ဝင်း၊ ယုဇန ဦးဋ္ဌေးမြင့်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ဦးရွှေကြိုင်၊ မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ မြသီတာ၊ SME ဘဏ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါ်စန်းစန်းရီ အစရှိသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါဝင်သည်။
အသင်းကို လာမည့် တပတ်အတွင်း တရားဝင် အသင်းအဖြစ် မှတ်ပုံတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း MBA အသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ဆိုသည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တဦးက “ဒီ MBA အသင်းကတော့ ဖွဲ့ဖို့ ကောင်းပါတယ်။ သေးသေးလေးတွေပဲ ဦးဆောင် နေမယ် ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ အကြီးတွေလုပ်တော့ အသင်းဝင်ကြေး မထည့်နဲ့၊ မတည်ငွေနဲ့ လုပ်မယ်ဆို အများကြီး အဆင်ပြေတယ်။ UMFCCI တမျိုးပေါ့။ ဒီလိုမျိုး အသင်းတွေ ပေါ်လာတာ ကောင်းပါတယ်”ဟု သုံးသပ် ပြောဆို သည်။
You may also like these stories:
မြန်မာ့စီးပွားရေး အလားအလာ အပြည့်အ၀ အကောင်အထည် ပေါ်လာမည်လော
ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စီမံကိန်း ၁၉ ခု သဘောတူ လက်မှတ် ရေးထိုး
အီတလီ ရင်းနှီးမြှုပ်နှံမှု စတင် ဝင်ရောက်