လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဟန်ပြမလုပ်ဘဲ၊ စံပြဖြစ်အောင်ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်( UEC) ဥက္ကဌ ဦးလှသိန်းက ကတိပေး ပြောကြားလိုက်သည်။
ယနေ့ သြဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော် UEC ရှိ အစည်းအဝေးခန်းမတွင် ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီ ၈၄ ပါတီတို့ တွေ့ဆုံပြီး၊ ယင်းပါတီများမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထို အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ကော်မရှင် ဥက္ကဌ ဦးလှသိန်းက “ကျနော်တို့က ဟန်ပြရွေးကောက်ပွဲ မဟုတ်ဘူး။ စံပြ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်မှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
စံပြရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များကိုလည်း ဖိတ်ကြားသွားမည် ဖြစ် ကြောင်း သိရသည်။
ထိုပြောကြားချက်သည် အလွန် ကောင်းမွန်ကြောင်း၊ ကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေမှာလည်း အလွန်ကောင်းမွန်ကြောင်း၊ အချို့ လိုအပ်ချက်များကို ပြုပြင် မည်ဆိုပါက လက်ရှိအစိုးရ၏ ပယောဂ မပါဝင်ပဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီမှ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင် ဦးလှသိန်းက သုံးသပ်သည်။
၎င်းက “လက်ရှိ ရှိနေတဲ့ အစိုးရရဲ့ပယောဂလေးတွေ ကင်းကင်းနဲ့ တရားဥပဒေကို တရားဥပဒေ အတိုင်း လုပ်သွားမယ်ဆိုရင်တော့ သူပြောတဲ့ ပြည်သူနဲ့ တထပ်တည်းကျတဲ့ ရွေးကောက်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုဆက်ပြောသည်။
ယနေ့ တက်ရောက်လာသည့် နိုင်ငံရေး ပါတီ ၈၄ ပါတီ၏ ဆွေးနွေးချက်များမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ပြည့်စုံလုံလောက်ပါက ဝင်ရောက်ဆွေးနွေးခြင်း မပြုတော့ဘဲ၊ လိုအပ်ချက်များ ရှိမှသာလျှင် ဝင်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်း အာဏာရ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။
၎င်းက ” နယ်မြေ အသီးသီးက ကိုယ့်ရဲ့ ရှိတဲ့ အခြေအနေကို ဆွေးနွေးနေကြတာ။ အခုက ၅ ပါတီလောက်ပဲ ဆွေးနွေးနေကြတာ။ မပြီးသေးဘူး” ဟု ဆက်ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဌ ဦးဟန်ရွှေကလည်း ” တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့နေရာမှာ မဲဆန္ဒရှင်တွေဟာ တကယ် လွတ်လွတ်လပ်လပ်နဲ့ သူတို့ ဆန္ဒ တကယ် ဖော်ထုတ်နိုင်ရဲ့လား။ တကယ်ရော လွတ်လွတ်လပ်လပ် မဲပေးနိုင်ပါရဲ့လား။ အလေးအနက် စဉ်းစားသင့်ပါတယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်” ဟု အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောသည်။
ကော်မရှင် ဥက္ကဌပြောသွားသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကော်မရှင် အနေဖြင့် ဟန်ပြ မဟုတ်ဘဲ စံပြ လုပ်မည် ဆိုသည်ကို ဆုံးဖြတ်ချက် ချထားပါက ပြည်သူတရပ်လုံး အတွက် ဝမ်းသာစရာ စကားဖြစ်ကြောင်းလည်း ပြည်သူ့ပါတီမှ အတွင်းရေးမှူး ဦးရဲနိုင်အောင်ကလည်း ဆိုသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေး ပါတီများမှ အချို့သော မြို့နယ် ရပ်ကျေးအဆင့်ရှိ ကော်မရှင်များတွင် နိုင်ငံရေး ပါတီများနှင့် မကင်းရှင်းသည့် ပုဂ္ဂိုလ် များရှိနေကြောင်း ၊ ဥပဒေ ပြဌာန်းချက်များအရ နိုင်ငံရေး ပါတီကင်းရှင်းရမည်ဟု ဖော်ပြထားကြောင်း အစရှိသည်များကို ထောက်ပြဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယခုပြုလုပ်နေသည့် အစည်းအဝေးတွင် နိုင်ငံရေးပါတီများ အနေဖြင့် ၎င်းတို့၏ အမြင်များကို တင်ပြဆွေးနွေးနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုထားသည်ဟုလည်း တက်ရောက်လာကြသည့် နိုင်ငံရေး ပါတီဝင်များ၏ ပြောပြချက်အရ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင် သက်တမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်းမှာ ယခုတကြိမ်အပါအဝင် ၄ ကြိမ်မြောက်တွေ့ဆုံမှု ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၌ တည်ဆဲနိုင်ငံရေးပါတီ ၉၅ ပါတီ ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်စာရင်းများ အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပြည်သူ့ဆန္ဒနှင့် တထပ်တည်း ကျစေရမည်ဟု ကော်မရှင်ပြော
ရွေးကောက်ပွဲ ကော်မရှင် စီရင်ချက် ဥပဒေနှင့် မညီဟု SNLD ပြော
မဲစာရင်း မှားယွင်းမှု UEC တခုတည်း တာဝန် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြော