သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့ နယ်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့ တို့ရှိ တပ်ရင်းတချို့ အတိုက်ခိုက်ခံရမှုတွင် တပ်မတော်အနေဖြင့် တိကျသည့် သတင်းမျိုး ကြိုတင် မရရှိခဲ့ကြောင်း တပ်မတော်က ဆိုသည်။
တပ်မတော်သည် ရခိုင်ပြည်နယ်တွင် ရက္ခိုင့် တပ်မတော် (AA) နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အာရုံစိုက်နေစဉ် ယခုလို မြန်မာပြည် အတွင်းပိုင်းအထိ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်လာလိမ့်မည်ဟု မျှော်လင့်မထားကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီက သောကြာနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“အခု ဖြစ်သွားတဲ့နေရာကို ကြည့်ရင်တော့ Location ကို ပြန်ကြည့်ရင် ပြင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီး မြန်မနိုင်ငံရဲ့ အလယ်၊ မန္တ လေးတိုင်း ဒေသကြီးမှာ ဥပဒေ စိုးမိုးမှုနဲ့ အုပ်ချုပ်မှု အာဏာ အပြည့်အဝရှိတဲ့ နေရာလို့ ယူဆရမှာ ဖြစ်ပါတယ်။ ပြီးရင် ဘာပဋိပက္ခမှ ဖြစ်နေတဲ့နေရာ မဟုတ်ပါဘူး။ နောက်တခုက နောင်ချိုလည်း အလားတူပဲ”ဟု ၎င်းက ပြောသည်။
ယခုလို ဝင်ရောက်တိုက်ခိုက်ရအောင် တပ်မတော် အနေဖြင့် “ဘာမှားလဲ”ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက မေးခွန်းထုတ်ပြီး NLD အစိုးရ လက်ထက်တွင် အရေးပေါ် စီမံမှု အက်ဥပဒေကို ရုတ်သိမ်းခြင်း၊ နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုတ်သိမ်းခြင်း။ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ ကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေတွင် ဧည့်စာရင်း တိုင်ကြားမှုတို့ကို ဖျက်သိမ်းလိုက်ခြင်းတို့သည် မြို့ ရွာများ၏ လုံခြုံမှုကို အားနည်းစေခဲ့ကြောင်း ပြောသည်။
“ဥပဒေနဲ့အညီ နေထိုင်လိုသူများအတွက် အင်မတန်ကောင်းတဲ့ ဥပဒေတွေလို့ မြင်ပါတယ်။ ဒီမိုကရေစီ ခေတ်နဲ့မညီဘူးဆိုရင် ခေတ်နဲ့ ညီ အောင် ပြင်ဆင်လို့ ရတာပဲ။ ဒီဥပဒေတွေက ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာ ပြဌာန်းထားတာ ဖြစ်တဲ့အတွက် တော်ရုံ တန်ရုံလူ၊ ရပ်ကွက်ထဲ မဝင်ရဲဘူး။ ကျေးရွာထဲကို မဝင်ရဲဘူး။ လက်နက်ကိုင်ပြီး သောင်းကျန်းဖို့ မပြောနဲ့”ဟု ၎င်းက ပြောသည်။
NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းကမူ ယင်းဖြစ်စဉ်များသည် ဥပဒေများ ဖျက်သိမ်းမှုနှင့် လုံးဝ မ ဆိုင်ကြောင်း၊ အထက်ပါ ဥပဒေများကို ဖျက်သိမ်းမှုကြောင့် စစ်ဘက်ဆိုင်ရာ ကိစ္စများကို သွားရောက် ထိပါသည့် ဥပဒေ ပြဿနာလည်း မဟုတ်ကြောင်း၊ တပ်မတော်သည် လုံခြုံရေး တာဝန်ကို သေချာဆောင်ရွက်မည် ဆိုပါက ယခု ပြဿနာ မပေါ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“သူတို့ဘက် အားနည်းချက်တွေဟာ ကျနော်တို့ ဒီဘက် ဥပဒေ ပြဌာန်းတဲ့ ဥပဒေတွေကို ပယ်ဖျက်လိုက်တဲ့ အမှားတွေကြောင့် ဖြစ် တယ်ဆိုတဲ့ စကားကို လက်ခံနိုင်စရာ မရှိဘူး။ ဥပဒေကြောင်းပြောရင် ဖွဲ့ စည်းပုံကိုပဲ သွားပြောရမယ်။ ဖွဲ့ စည်းပုံမှာ ဘယ်သူက Oversee လုပ်ထားသလဲ။ ဘယ်သူက လွှမ်းမိုးချုပ်ကိုင်ပြီးတော့ အခွင့်အရေး ရနေသလဲ။ ဒီအပေါ်မှာပဲ စဉ်းစားရမှာ”ဟု တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သူ ဦးအောင်သိန်းက ပြောသည်။
ယင်းဒေသကိုလည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်လာလမှ စတင်၍ အပစ်ရပ်ပေးခဲ့ကြောင်း၊ အတိုက်မခံရမီ တရက်အလို သြဂုတ်လ ၁၄ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို တိုးတက်အောင် ဆောင်ရွက်ကြရန် ကြေညာချက်တခု ထုတ်ပြန်ခဲ့သေးကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီ ပြောဆိုချက်အရ သိရသည်။
သြဂုတ်လ ၁၅ ရက်နေ့ မတိုင်မီ သြဂုတ်လ ၁၂ ရက်နေ့က ချင်းရွှေဟော်နှင့် လောက်ကိုင်ကြားတွင် လောက်ကိုင်မြို့ မှ တာဝန်ပြီး ဆုံး၍ နောက်တန်း ဌာနချုပ်သို့ပြန်လာသည့် ယာဉ်တန်းကို MNDAA သောင်းကျန်သူများက ခြုံခို တိုက်ခိုက်မှုတခုဖြင့် သွေးတိုး စမ်းခဲ့သေးသည်ဟု သိရသည်။
ယခုလိုမျိုး အတွင်းပိုင်းထိ ဝင်ရောက် အတိုက်ခံရမည်မှာ ဖြစ်နိုင်ချေ အလွန်နည်းပြီး ယခင်က နယ်မြေအလိုက် လုံခြုံရေး စီမံချက်များ ရှိခဲ့ကြောင်း၊ တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးဌာနများကြား သတင်းညှိနှိုင်း အစည်းအဝေများ အပတ်စဉ် ပုံမှန်ရှိခဲ့၍ ယခုလို ဖြစ်စဉ်မျိုး အလွန် နည်းခဲ့ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
သို့သော် သီပေါမြို့နယ် လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးရဲထွန်း၏ အမြင်က စိတ်ဝင်စားဖွယ်ရာ တမျိုးဖြစ်သည်။ ယခု ကိစ္စသည် သတင်းများ ကြိုတင် ရရှိမှု မရှိခြင်း၊ ထောက်လှမ်းရေး အဖွဲ့ တို့၏ စွမ်းဆောင်ရည်တို့နှင့် မဆိုင်သလို NLD အစိုးရ ဥပဒေများ ဖျက်သိမ်းခြင်းနှင့်လည်း မပတ်သက်ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ယင်းလမ်းကြောင်းကို ငြိမ်းချမ်းပြီဟု မှတ်ယူပြီး လမ်းရှိ အတားအဆီးများ၊ လုံခြုံရေးဂိတ်များကို ဖယ်ရှားလိုက်ခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။
“ကျနေ်ာတို့ လွှတ်တော်ကိုယ်စားလှယ်တွေက စတာပဲ။ ကျနေ်ာတု့ိကိုယ်တိုင် အဲဒီမှာ သွားလာနေတဲ့အခါကျတော့ အဲဒီ ဂိတ်တွေ အများကြီး မလိုဘူး။ မူဆယ်-၁၀၅ မိုင်မှာ ဂိတ်ရှိပြီးလို့ ရှိရင် ကျနေ်ာတို့ ပြည်တွင်းမှာတော့ လွတ်လွတ်လပ်လပ် သွားလို့ ရရမယ်ပေါ့။ ကိုးကန့်ဘက်ထွက်ရင်လည်း ကွမ်လုံလောက် တဂိတ်လောက်ရှိရင် ရပြီပေါ့ဗျာ။ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း လားရှိုးကနေ ဒုသမ္မတ ဖြစ်တာဆိုတော့ အဲဒီကိစ္စတွေ ဆောင်ရွက်ပေးတယ်”ဟု ပြောသည်။
ယခင်က ထိုလမ်းကြောင်းများရှိ တံတားများဆိုလျှင် ညဘက်တွင် လုံးဝ ပေးမဖြတ်ဘဲ နေ့ဘက်တွင် ခရီးသည်များ လမ်းဆင်း လျှောက်ရကြောင်း၊ နောက်ပိုင်းတွင် ငြိမ်းချမ်းပြီ ဆိုသော ခံစားချက်များဖြင့် ဂိတ်များကိုပင် တပ်မစောင့်တော့ဘဲ ရဲများဖြင့် အစားထိုးလိုက်ကြောင်း ဆိုသည်။
“အဲဒါကြောင့် ပြင်ဦးလွင် မပြောနဲ့ မန္တလေးနန်းတွင်းတောင် ဝင်တိုက်လို့ရတယ်။ မန္တလေးနန်းတွင်းကို တိုက်ပြီးရင် ပြန်ပြေးတဲ့အခါ ခက်မှာ စိုးလို့သာ။ သီပေါ-မန္တလေး မိုင် ၁၃၀ က အခုဆိုရင် လမ်းအရမ်းကောင်းတော့ ခနလေးနဲ့ ရောက်တယ်။ ၄ နာရီလောက်ဆို ရောက်ပြီ။ ပြန်ဆုတ်ရင် ဂုတ်တွင်းလေးတချက်ပဲ ကြည့်ရမှာ”ဟု ဦးရဲထွန်းက ပြောသည်။
သို့သော် ယခုတခေါက်တွင် တပ်မတော်သည် Quick to Response ဟု ခေါ်သည့် ပြန်တုန့်ပြန်သည့် နေရာတွင်လည်း အားနည်းကြောင်း၊ ဗမာပြည် ကွန်မြူနစ်ပါတီ အားကောင်းစဉ်က လားရှိုးမြို့ကို လာတိုက်သည့် ဗကပသည် အပြန်တွင် တပ်မတော်၏ ချေမှုန်းမှုကို အကြီးအကျယ် ခံရပြီး အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ရဖူးကြောင်း ၎င်းက ပြန်ပြောင်း ပြောပြသည်။
“ဒီလမ်းက ဧည့်စာရင်း မတိုင်တာတို့ ဘာတို့နဲ့တော့ သိပ်မဆိုင်လှဘူး။ ဧည့်စာရင်းတိုင်ပြီးတော့ ဒီကောင်တွေက အောင်းနေတာ မဟုတ်ဘူး။ နာရီပိုင်းနဲ့ လာချသွားတာ”ဟု ၎င်းက ဆိုသည်။
ထို့ပြင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့ မျိုးက ပြည်မထဲအထိ လာရောက်ပြီး တိုက်ခိုက်ရုံ သာမက အနည်းဆုံး နေရာ ၆ ခုတွင် စနစ်တကျ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယင်းအဖွဲ့ ၏ နောက်ကွယ်တွင် အင်အားကောင်း သည့် အဖွဲ့ မျိုး ရှိနိုင်မည်ဟု သုံးသပ်မှုများ ရှိရာ ယင်းကိစ္စများကိုမူ သတင်း အတည်ပြုဆဲသာ ဖြစ်သည်ဟု တပ်မတော် တာဝန်ရှိသူ များက ပြောသည်။
မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် TNLA အဖွဲ့ ထဲ၌ UWSA “ဝ” တပ်သားများ၊ တ ရုတ် ကြေးစား စစ်သားများ ပါနေသည်ဟု သိရကြောင်း သတင်းထောက်တဦး၏ မေးမြန်းမှုလည်း ရှိခဲ့သည်။
ယင်းမေးခွန်းကို တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စိုးနိုင်ဦးက “ပြည်တွင်းကိစ္စကို ပြည်တွင်းမှာပဲ ဖြေရှင်းတာ ကောင်းတယ်။ ဒီပြဿနာကို နိုင်ငံတကာ ပြဿနာ ဖြစ်အောင် ဖန်တီးခဲ့ရင် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ အပါအဝင် ကျန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာနိုင်တယ်”ဟု ပြန်လည် ဖြေဆိုခဲ့သည်။
ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်က နောင်ချို နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ် ပြုလုပ်ခဲ့သည်။
ထို့ပြင် မူဆယ်-မန္တလေးကြား ကုန်သွယ်လျက်ရှိသော ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချိုမြို့ ဂုတ်တွင်း တံတားကိုလည်း ဖောက်ခွဲ ဖျက်စီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး နှစ်ဖက် တိုက်ပွဲများ ရင်ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့ချိန်ထိ ဖြစ်သည်။
တရုတ်၏ ကြားဝင် ညှိနှိုင်းမှုအရ တိုက်ပွဲများ ရပ်ရမည် ဆိုပါက ရခိုင်၊ ကိုးကန့်၊ ပလောင် တိုင်းရင်းသားဒေသများတွင် ပြုလုပ် နေသည့် စစ်ဆင်ရေးများကို ရပ်ရန် လိုကြောင်း၊ တိုင်းရင်းသားဒေသများတွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန်နှင့် စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးမှု အပစ်ရပ်ရေး ကိစ္စက အစိုးရက ဆောင်ရွက်ပေးရန် TNLA က တောင်းဆိုထားသည်။
You may also like these stories:
တိုက်ပွဲရပ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ် ဖိအားပေး
ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်ဖြစ်၊ ဒုက္ခသည် ၅၀၀ ခန့် ထပ်တိုး
ကွတ်ခိုင်မြို့အထွက် တံတား လုံခြုံရေး တပ်စခန်းတခု ထပ်မံ တိုက်ခိုက်ခံရ