သတင်း

တိုက်ပွဲများ ဆက်တိုက်လိုပါက အသင့်ရှိဟု တပ်မတော်ပြော

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ပါက ကြိုဆိုမည် ဖြစ်သကဲ့သို့ တိုက်ပွဲများ ဆက်တိုက်လိုပါက တပ်မတော် အနေဖြင့် အဆင်သင့်ရှိဟု တပ်မတော် သတင်းမှန် ပြန်ကြား ရေးကော်မတီမှ ယမန်နေ့ နေပြည်တော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောကြားလိုက်သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက “ကျနော်အတိုချုပ် တစ်လုံးတည်းပဲ ပြောလိုက် မယ်။ အဲ့ဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမှာလား။ တပ်မတော်အနေန ဲ့ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား။ အသင့်ပဲ” ဟု ပြောဆိုလိုက်သည်။

သြဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နယ်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် ရှမ်းပြည်နယ် နောင် ချိုမြို့ တို့ရှိ တပ်မတော် အဆောက်အဦများ အပါအဝင် နေရာ ၆နေရာကို ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့ ပူးပေါင်းပြီး၊ တပြိုင် တည်း အချိန်ကိုက် ဝင်ရောက်တိုက်ခိုက်မှု ကိစ္စများ အပါအဝင် တပ်မတော်ဘက်မှ သဘောထား အခြေအနေ များကို ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များ နှင့် အရပ်သား စုစုပေါင်း လူ ၁၅ ဦးသေဆုံးခဲ့ပြီး၊ ၁၅ ဦးဒဏ်ရာ များရရှိခဲ့ပြီး၊ နောင်ချိုဂိတ်ရှိ ခေတ်မှီမူးယစ်ဆေးဝါး ရှာဖွေရေး စက်ကိရိယာ အပါအဝင် လမ်း၊ တံတားအိုးအိမ် အဆောက်အဦးများ ပျက်ဆီးခဲ့ပြီး၊ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်းပေါင်း၂၈၀၀၀ ကျော်ရှိကြောင်း သမ္မတအိမ်တော်က ထုတ်ပြန်ထားသည်။

ထိုသို့ တပ်မတော် အနေဖြင့် အဆိုပါ လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည်ဟု ပါဝင် သဖြင့် ပျော့ပြောင်းသည့် တုန့်ပြန်ချက်ဟူ၍ ထင်မြင်ကြောင်း နိုင်ငံရေး လေ့ လာသုံးသပ်သူ တဦးဖြစ်သည့် ဦးရဲထွန်းက ဆိုသည်။

“ငြိမ်းချမ်းရေး တံခါး မပိတ်သေးဘူးလို့ ပြောတာပေါ့ဗျာ။ စစ်သားဆိုတော့ သူက တိုတို တုတ်တုတ် ပြောတာပါ” ဟုဧရာဝတီသို့ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပဏာမ အပစ်ရပ် စာချုပ် (Bilateral Agreement) နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံတိုင်း စစ်ဌာနချုပ် နယ်မြေများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ကြေညာထားခဲ့သည်။

အပြစ်ရပ် သက်တမ်း ၂ ကြိမ် တိုးမြှင့်ခဲ့ပြီး၊ ယင်းတိုး မြှင့်မှုသည် ယခုသြဂုတ်လကုန် တွင် ကုန်ဆုံးမည်ဖြစ်၍ သက်တမ်း ထပ်မံတိုးရန် ရှိ၊ မရှိမှာ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ များ၏ ဆောင်ရွက်ချက်အပေါ် မူတည်ကြောင်း၊ အပြစ်ရပ်ကြောင်း ကြေညာချက် ထုတ်ပြန် ထားခြင်းမှာ ဆွေးနွေးပွဲများကို ရောက်ရှိလာရန်နှင့် ငြိမ်းချမ်းရေးကို လိုလားသဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

ထိုသို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များက အကြမ်းဖက် တိုက်ခိုက်ခဲ့သော်လည်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ အတွက် အစိုးရက ငြိမ်းချမ်းရေး တံခါး ဆက်ဖွင့်ထားဆဲ ဖြစ်ကြောင်း အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် သမ္မတ ရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောကြား ထားသည်။

လက်ရှိတွင် တပ်မတော်နှင့် မြောက်ပိုင်းသုံးဖွဲ့ တိုက်ပွဲဖြစ်စဉ်များ ဆက်ရှိနေပြီး သြဂုတ် ၂၃ ရက်နေ့ထိ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့ နယ်တို့ တွင် တိုက်ပွဲများဖြစ်နေကြောင်း သိရသည်။

You may also like these stories:

ငြိမ်းချမ်းရေး ခရီး အနီးအဝေး

ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်ခံရမှု တပ်မတော် သတင်း ကြိုမရ

ကွတ်ခိုင်တွင် ပိတ်မိနေသည့် နိုင်ငံခြားသား ၂၈ ဦးကို အစိုးရက ရန်ကုန် ပြန်ပို့

Did you find apk for android? You can find new Free Android Games and apps.
Loading