ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နားပွဲရွာအနီးမှ မူးယစ်ဆေးဝါးချက်လုပ်သည့် တဲ ၁၀ လုံး အပါအဝင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးမြောက်အများကို သြဂုတ် ၂၂ ရက်နေ့က သိမ်းဆည်း ရမိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက် အရ သိရသည်။
“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ တပ်က အဖွဲ့တွေနဲ့ သွားပြီးတော့ ဖမ်းဆီးတာတွေ ရှိတယ်။ သတင်းအသေးစိတ်တော့ တက်မလာသေးဘူး။ ကနဦးသတင်းတော့ တက်လာပါ တယ်။ ဖမ်းဆီးရမိတယ်ဆိုတာ မှန်ပါတယ်။ တပ်က နယ်မြေ ရှင်းလင်းရေးလုပ်ပြီး တွေ့တော့မှ ရဲတပ်ဖွဲ့က သွားရောက် သိမ်းဆည်းပေးခဲ့တာ”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှုးကြီး တင်မောင်ထွန်းက ပြောသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၂ ရက် ညနေပိုင်းက တပ်မတော်မှ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင် ရွက်စဉ် နမ့်စန်မြို့နယ် နားပွဲရွာ၏ အရှေ့တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ အရောက်၌ မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် မိုးကာတဲ ၁၀ လုံး၊ ရေခဲသေတ္တာ ၁၄ လုံး၊ စတီးပေါင်းအိုး ၁၃ လုံး၊ Ice ထည့်သည့် ဗန်း ၇ ဗန်း၊ ဂက်စ်အိုး ၇၅၇ လုံး၊ အက်ဆစ်ပုံး ၇၀၈ လုံး၊ ကြိတ်စက် ၁ လုံး၊ ဆီတိုင်ကီ ၅ လုံး၊ မီးစက်ကြီး ၁ လုံး၊ ဒီဂျစ်တယ်ကတ္တား ၃ လုံး၊ ဆေးချက် ပေါင်းအိုး ၁၄ လုံး၊ ကော်ဇလုံ ၁၀၇ လုံး၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်များ ထည့်ထား သည့် သံပေပါ ၅၈ လုံး၊ ပေပါအခွံ ၁၁၀ လုံး၊ မော်တော်ယာဉ် ၁ စီး တို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အလားတူ အဆိုပါနေရာ၏ တောင်ဘက် မီတာ ၇၀၀ ခန့်အကွာ၌ ဘိန်းဖြူမှုန့်/ခဲ ၄ ဒသမ ၅ ကီလို ဂရမ်၊ WY စိတ်ကြွရူး သွပ်ဆေးပြားအမှုန့် ၁၈ ဒသမ ၁၄ ကီလိုဂရမ်၊ WY စာတမ်းပါ စိတ်ကြွရူး သွပ်ဆေးပြား ၈၁၀၀၀ ပြား၊ ဘိန်းမဲအရည် ၂၀ ဂါလန်၊ ဂက်စ်အိုး ၂ လုံး၊ ဆေးပြား ရိုက်စက် ၂ လုံး၊ ဆေးမွှေစက် ၂ လုံး၊ အက်ဆစ်အရည်ထည့်ထားသည့် ပေပါ ၃ လုံး၊ ဆေးချက်ကန် ၆ ကန်၊ မိုးကာတဲ ၅ လုံး၊ အရက်ပြန် ၁၀ လီတာ၊ အနံ့ဆေးဗူး(အကြီး/အသေး)၁၈ ဗူး၊ ဆေးဗူးမျိုးစုံ ၅၉ ဗူးနှင့် CCL တံဆိပ်ပါ အဖြူရောင်အတုံး ၂၀ တုံးတို့အား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
ထို့အပြင် သြဂုတ် ၂၃ ရက် နံနက် ၁၀ နာရီခန့်ကလည်း မူးယစ်ဆေးဝါးချက်လုပ်ရေးစခန်းမှ တိမ်း ရှောင်လာသူများဟု ယူဆရသည့် ၃၉ဦးအား ဖမ်းဆီးရမိခဲ့ပြီး နမ့်စန်မြို့နယ်အတွင်းရှိ ပန်ကေတုကျေး ရွာအနီးမှ ၁၇ ဦး၊ ဝမ်ဖွန်းကျေးရွာအနီးမှ ၇ ဦး၊ မက်လန်း ကျေးရွာအနီးမှ ၁၅ ဦးတို့ဖြစ်ပြီး စစ်ဆေး မှုများ ပြုလုပ်နေသည်။
ထိုနေ့ နံနက်ပိုင်းတွင် နောင်ပိန်းကျေးရွာတဝိုက် အသေးစိတ် ထပ်မံ ရှင်းလင်းရှာဖွေခဲ့ရာ နောင်ပိန် ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅၀၀ အကွာ၌ သွပ်မိုးတဲ ၅ လုံး၊ WY စိတ်ကြွ ဆေးပြားများထည့် ထားသည့် ဆာလာအိတ် ၂၇ အိတ် (ဆေးပြား အရေအတွက်စိစစ်ဆဲ)၊ မူးယစ် ဆေးဝါးရိုက်စက် ၄ လုံး၊ ဆေးစပ်စတီးဗန်း ၁၀ ဗန်း၊ ဂက်စ်အိုး ၆၀၀ လုံး၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၄၆ လုံး၊ ၇ ဒသမ ၆၂ ကျည် ၃၆၀ တောင့်၊ မော်တော်ယာဉ် ၄ စီးနှင့် ဆက်စပ် ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ကျပ် ၁၆ ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် မူးယစ်ဆေးဝါး ချက်စက်ရုံနှင့် လူနေတဲ ၉၆ လုံးကို တပ်မတော်က သိမ်းဆည်းခဲ့သည်၊ ထိုသို့ မူးယစ်ဆေးများ ဖမ်းဆီးမှုများကြောင့် မြောက်ပိုင်းမဟာမိတ်(AA၊ TNLA၊ MNDAA)၃ ဖွဲ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် နှင့် နောင်ချိုမြို့နယ်မှ မူးယစ်ဆေးဝါး စစ်ဆေးရေး ဂိတ် အပါအဝင် နေရာ ၆ နေရာကို တန်ပြန်တိုက် ခိုက်ခြင်း ဖြစ်ကြောင်း စွပ်စွဲ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန်
ကျပ် ၁၆ ဘီလီယံကျော်ဖိုးရှိ မူးယစ်ဆေးနှင့် ပစ္စည်းများ တပ်မတော် ဖမ်းမိ
တာချီလိတ်တွင် ဘီလီယံနှင့်ချီ တန်ဖိုးရှိ မူးယစ်ဆေး နှင့် လက်နက်များ တပ်မတော် ဝင်ဖမ်း
စိတ်ကြွဆေး ၁၀သန်းကျော် ရခိုင်ပြည်နယ်တွင် ဖမ်းမိ