အတိုက်အခံ ကြံ့ခိုင်ရေးပါတီက တင်ပြခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်က လက်ခံ မဆွေးနွေးသေးဘဲ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ လက်အောက်သို့ ထည့်သွင်းရန် ဆောင်ရွက်ခြင်းကို အမှားကို အမှန်လုပ်သည့် လွှတ်တော်ကြီးအဖြစ် “သမိုင်းတွင်” လိုသလားဟု တပ်မတော်သား ကိုယ်စားလှယ်တဦးက မေးခွန်းထုတ်လိုက်သည်။
မနေ့က သောကြာနေ့ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၃ ရက် နေပြည်တော် ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပပြုလုပ်သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဝင်ရောက် ဆွေးနွေးသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော်စိုးက အထက်ပါတိုင်း မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
“အစကတည်းက အမှားလုပ်ခဲ့တာ ဖြစ်ပြီး ဒီအမှားကိုပဲ မှားမှန်းသိနေလျက်နဲ့ အမှန်အဖြစ် ဆက်လက် ဆောင်ရွက်တဲ့ လွှတ်တော် ကြီးအနေနဲ့ သမိုင်းမှတ်တမ်းမှာ တွင်ကျန်ရစ်စေချင်သလား ဆိုတာ မေးခွန်းထုတ်လိုပါတယ်”ဟု ဗိုလ်မှူးကြီး အောင်ကျော်စိုးက ပြောသည်။
လွှတ်တော်များသည် ဥပဒေကို လေးစားလိုက်နာရမည် ဖြစ်ပြီး ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အရေးကြီး အဆို တင်သွင်းစဉ်ကပင် ဥပဒေနှင့်မညီကြောင်း ထောက်ပြခဲ့သော်လည်း လွှတ်တော်က လက်ခံခဲ့ပြီး ဆန္ဒမဲစနစ်ဖြင့် အနိုင်ယူခဲ့သည်ဟု ပြောဆိုကာ ထိုကဲ့သို့ မေးခွန်း ထုတ်လိုက်သည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟု ပြောဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် NLD သည် အာဏာရပြီး ၃ နှစ် အကြာတွင် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းရင်း မဲအသာဖြင့် အတည်ပြုခဲ့သည်။
ယင်းနေ့က ပူးပေါင်း ကော်မတီ ဖွဲ့စည်းမှုကို အဆုံးအဖြတ် ရယူရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)နှင့် တပ်မတော်တို့က သဘောမတူသဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ ၅၉၄ ဦးတွင် ထောက်ခံသူ ၃၈၉ ဦး၊ ကန့်ကွက်သူ ၁၉၂ ဦး၊ ကြားနေ ၃ ဦးနှင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် NLD ပါတီမှ ပြည်သူ့လွှတ်တော် ဒုတိယ ဦးထွန်းထွန်းဟိန်က ယင်းပူးပေါင်း ကော်မတီကို ဦးဆောင်ပြီး ပါတီ အစုအဖွဲ့ အသီးသီးမှ လူပုဂ္ဂိုလ် ၄၅ ဦးဖြင့် ကော်မတီကို ဖွဲ့ စည်းဆောင်ရွက်ခဲ့သည်။
ထိုအချိန်မှစ၍ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အခြေခံအချက်များ ရရှိရန် ယင်းပူးပေါင်း ကော်မတီက လွှတ်တော်တွင် ကော်မတီ အစည်းအဝေး အကြိမ်ကြိမ် ကျင်းပပြီး အစီရင်ခံစာတခုကို သြဂုတ်လက လွှတ်တော်သို့ တင်ပြသည့်အခါ တပ်မတော်က ဝင်ရောက်ဆွေးနွေးရန် လူ ၈၀ ကျော် စာရင်းပေးပြီးမှ နောက်ပိုင်းတွင် နောက်ပြန်ဆုတ်သွားခဲ့သည်။
မနေ့က ဆွေးနွေးသည့် အဓိက အကြောင်းအရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရမည် ဖြစ်သော်လည်း ဆွေးနွေးသည့် တပ်မတော်သား ကိုယ်စားလှယ်များက ပူးပေါင်းကော်မတီနှင့် ၎င်း ကော်မတီ၏ အစီရင်ခံကိုသာ ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်ကို တွေ့ ရသည်။
“ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေမှာ ရှိတယ်။ ဆွေးနွေးပြီးသား ပြန်လည် ပြောဆိုလို့ မရဘူး”ဟု ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူး ပေါင်း ကော်မတီ အဖွဲ့ ဝင်၊ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောသည်။
ယခု ၄၅ ဦးပါဝင်သည့် ပူးပေါင်းကော်မတီက ကြံ့ခိုင်ရေးနှင့် တပ်မတော်မှ တင်ပြလာသည့် အချက်များကို မပြင်ပေးဘူးဟု ပြောဆို နေခြင်း မဟုတ်ဘဲ လွှတ်တော်၏ အချိန် သက်သာရန် ပူးပေါင်းကော်မတီအောက် ထည့်သွင်းဆွေးနွေးပြီး ဥပဒေကြမ်းတခုတည်း ရရှိအောင် ဆောင်ရွက်လိုခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ကြံ့ခိုင်ရေးပါတီက ဦးဆောင် တင်သွင်းပြီး တပ်မတော်သားများ ပါဝင်လက်မှတ်ရေးထိုးထားသည့် ဒုတိယ အကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေ မူကြမ်းတွင် နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် သက်ဆိုင်သော ပုဒ်မ ဖြစ်သည့် ပုဒ်မ ၂၄၈၊ ပုဒ်မ ၂၆၄ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနှင့် သက်ဆိုင်သည့် ပုဒ်မ ၃၂၂၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်သည့် ပုဒ်မ ၄၀၂ တို့ကို ပြင်ဆင်ရန် ပါဝင်သည်ဟု သိရသည်။
ထို့ပြင် ကြံ့ခိုင်ရေးပါတီက ပထမဆုံးအကြိမ် တင်သွင်းခဲ့သည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို လုပ်ပိုင်ခွင့် ပိုရစေမည့် အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၂၆၁ လုပ်ငန်းစဉ်မှာလည်း ယခု လွှတ်တော်က ဖွဲ့စည်းထားသည့် ပူးပေါင်းကော်မတီလက်အောက်သို့ မဲခွဲ ဆုံးဖြတ်ပြီး ထည့်သွင်းခံလိုက်ရပြီး ဖြစ်သည်။
လွှတ်တော်၏ ဆောင်ရွက်မှုများသည် ပထမအကြိမ်ကပင် ဖွဲ့စည်းပုံနှင့် မညီကြောင်း ကန့်ကွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီက အခြေခံ ဥပဒေနှင့်အညီ တင်ပြသည့် ဥပဒေကြမ်းကိုမူ အခြေခံ ဥပဒေနှင့် ဆန့်ကျင်ပြီး မဲခွဲပြီး ဆောင်ရွက်နေမှာလားဟု တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်မှူး ဇာနည်ထက်အောင်က မေးခွန်းထုတ်သည်။
“အခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ ကိစ္စကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သွေဖယ်ပြီး ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ထဲကို ပေါင်းထည့်ပါ ဆိုတာကတော့ အတည်ပြုမှန်ကန်ပြီးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေကို ထပ်မံ ဖောက်ဖျက်ခိုင်းသလို ဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။
တပ်မတော်မှ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး အေးသဉ္ဇာကျော်ကလည်း “ရှေ့က သွားမယ်ဆိုတော့လည်း မထားခဲ့နဲ့။ အတူတူ သွားရအောင်ဆိုပြီး တားတယ်။ နောက်ကလိုက်ခဲ့ပါ ဆိုလိုက်ပြန်တော့လည်း အချိန်တွေသာ ကုန်သွားတယ်။ မောင်ပုံက အခုထိ စောင်းတီးလို့ကို မပြီးသေးဘူးဆိုတာမျိုးလို ဖြစ်နေတယ်”ဟု လွှတ်တော်တွင် ဝေဖန်သည်။
မနေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်က ဆွေးနွေးရမည့် ခေါင်းစဉ်နှင့် တိုက်ရိုက် မသက်ဆိုင်သည့် အကြောင်းအရာများကို နောက်ကြောင်းပြန် ဆွေးနွေးခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော် နာယကဖြစ်သူ ဦးတီခွန်မြတ်က တစုံတရာ တားမြစ်ခြင်းများ မပြုလုပ်ခဲ့ပါ။
ယခု ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ရှိရာ နိုင်ငံရေးပါတီ ၁၄ ခု၊ တသီး ပုဂ္ဂလများ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော် မတီက ပြင်ဆင်ရမည့် အချက်ပေါင်း ၃၇၀၀ ကျော်ကို ပါရှိသည့် အစီရင်ခံစာ တရပ် ပြုလုပ်ပြီး ဇူလိုင်လတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားပြီး ဖြစ်သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ USDP ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော် မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ မော်စကိုတွင် အကောင်းဆုံးဆု ဆွတ်ခူး
တပ်မတော် ကိုယ်ပိုင် စီးပွားရေး လုပ်သင့်သလား
အသုံးစရိတ်များ မကုန်ပါက ပြန်အပ်ရန် ပြောဆိုမှု တပ်မတော် ပယ်ချ
တပ်တွင်းရာထူး အပြောင်းအလဲ၏ နောက်ကွယ်