သတင်း

သိန္နီနှင့် ကွတ်ခိုင်တိုက်ပွဲအတွင်း သေဆုံး ဒဏ်ရာရသူများ ရှိ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့အကြား ကြိုကြား တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိနေသည်။

သိန္နီမြို့နယ်နှင့် လားရှိူးမြို့နယ်အကြားရှိ ရေပူစစ်ဆေးရေးဂိတ်ကို ယနေ့မနက်ပိုင်းက မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များက RPG နှင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် တဦးသေဆုံးပြီး တဦး ဒဏ်ရာ ရရှိကြောင်း အဆိုပါဂိတ်တွင် တာဝန်ထမ်းဆောင်နေသူများက ပြောသည်။

၎င်းက “ရန်သူက ဒီနေ့မနက် အစောပိုင်းမှာ RPG နဲ့လာပစ်တာ။ ပစ်တော့ ပိန်းစာ အရံပြည်သူ့စစ် အဖွဲ့ကို လာလည်တဲ့ အသက် ၃၀ အရွယ် ကျဖတ်ရဲ့ ဦးခေါင်းကို ထိပြီး ဆုံးသွားတာ။ နောက်တဦး ကတော့ ညာဘက် ခြေဖဝါးထိတာ။ မစိုးရိမ်ရပါဘူး” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ယနေ့ မနက် ၃ နာရီခွဲခန့်တွင် ရေပူစစ်ဆေးရေး ဂိတ်အနီးရှိ တောင်တန်းပေါ်မှ RPG လက်နက်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရေပူစစ်ဆေးရေးဂိတ်ကို တာဝန်ယူထားသည့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ဆုတ်ခွာသွားသည်ဟုဆိုသည်။

လက်နက်ကြီး ကျမှန်ပေါက်ကွဲမှုကြောင့် ကွတ်ခိုင်မြို့ပေါ်သို့ သွားရောက်ပုန်းရှောင်မည့် လွယ်ပယ်စုစည်းကျေးရွာခံများ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

လက်ရှိအချိန်တွင် တပ်မတော် စစ်ကြောင်းများက ရေပူစစ်ဆေးရေးဂိတ်ကို လာရောက် ပစ်ခတ်ခဲ့သည့် အဖွဲ့များအား လိုက်လံရှင်းလင်းလျှက်ရှိပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေသေးသည့် RPG ၂ လုံးကိုလည်း စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (GE) အဖွဲ့က လာရောက်ရှင်းလင်း ပေးမည်ဟု သိရသည်။

ရေပူဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိတဦးက “တပ်ကို ပစ်တယ်ဆိုတမျိုးလေ။ အခုဟာက အများပြည်သူအသုံးပြုနေတဲ့လမ်းနဲ့ ဂိတ်ရှိတဲ့နေရာကို ပစ်တာ မဖြစ်သင့်ဘူးလေ။ ခရီးသည်ကားတွေရှိနေလို့ ထိကုန်ရင်ဘယ်လိုလုပ်မလဲ” ဟု မီဒီယာများကို ရှင်းပြသည်။

ယမန်နေ့ည ၈ နာရီခန့်ကလည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ လွယ်ပယ်စုစည်း ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည် တလုံး ကျမှန်ပေါက်ကွဲခဲ့သည်။

ထိုပေါက်ကွဲမှုကြောင့် အနီးရှိနေအိမ်မှ အသက် ၁၀ နှစ် အရွယ် ကျောင်းသူတဦးနှင့် အတူ ဖခင်နှင့် အဖွားတို့မှာ လက်နက်ကြီးစများ ထိမှန်ခဲ့ပြီး ထိုဒဏ်ရာများနှင့်ပင် ကွတ်ခိုင်မြို့ပေါ်က ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေလျှက်ရှိသည်။

ကလေးသုံးယောက်နှင့် အတူကျန်ခဲ့သည့် ဇနီးဖြစ်သူ အီဘု က “ကျမမိသားစုတွေက အခန်းထဲမှာ နေနေတာ ပေါက်ကွဲမှုက ဗြန်းကနဲ့ဆို အိမ်နံရံတွေပါဖောက်ထွက်ပြီး ထိကုန်တာ၊ အခုဆို ကလေးတွေကလန့်ပြီး စကားတောင်မပြောနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်နက်ကြီးကျမှန်ပေါက်ကွဲမှုတွင် လက်နက်ကြီးအစများ ထိမှန်ခဲ့သည့် နေအိမ် (ဓာတ်ပုံ -ဇော်ဇော်၊ ဧရာဝတီ)

ပေါက်ကွဲမှုသည် အိမ်နှင့် ၁၀ ပေခန့်အကွာ ပြောင်းဖူးခင်းထဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုကြောင့် ဝါးထရံ သွပ်မိုးဖြင့် ဆောက်လုပ်ထားသည့် ၁၀ ပေ၊ ၁၅ ပေခန့်ရှိသော အိမ်ကလေးကို လက်နက်ကြီးစများက ထုတ်ခြင်းပေါက်သွားခဲ့ခြင်းဖြစ်သည်။

ရွာခံအမျိုးသားတဦးကလည်း “ဒီမှာ လက်နက်ကြီးမကျခင် ဟိုဘက်တောင်တန်းမှာ မီးလင်းတာကိုတွေ့လိုက်တယ်။ အဲဒါဖြစ်ပြီးတော့ ဒီရွာထဲကို လက်နက်ကြီးကျတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ လက်နက်ကြီးကျမှန်ပေါက်ကွဲပြီးနောက် ရွာသူ ရွာသားများမှာ ထိတ်လန့်နေကြပြီး လူမှုကူညီရေး အဖွဲ့များကို အကူအညီတောင်းကာ ယနေ့ မနက်ပိုင်းက ကွတ်ခိုင်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းသို့ သွားရောက် ပုန်းရှောင်ကြသည်။

ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်က နောင်ချို နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ်ပြုလုပ်ခဲ့သည်။

သိန္နီမြို့နယ်နှင့် လားရှိူးမြို့နယ်အကြားရှိ ရေပူစစ်ဆေးရေးဂိတ် (ဓာတ်ပုံ -ဇော်ဇော်၊ ဧရာဝတီ)

ထို့ပြင် မူဆယ်-မန္တလေးကြား ကုန်သွယ်လျက်ရှိသော ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နောင်ချို မြို့ ဂုတ်တွင်း တံတားကိုလည်း ဖောက်ခွဲ ဖျက်စီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး နှစ်ဖက် တိုက်ပွဲ များ ရင်ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့ချိန်ထိ ဖြစ်သည်။

ထိုတိုက်ပွဲများကြောင့်ပင် ကွတ်ခိုင်မြို့နယ်နှင့် လားရှိူးမြို့နယ်တို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် ၃ ထောင်ဝန်းကျင် ခိုလှုံနေကြရသည်။

ဆက်စပ်ဖတ်ရှုရန်

ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်ခံရမှု တပ်မတော် သတင်း ကြိုမရ

တိုက်ပွဲများ ဆက်တိုက်လိုပါက အသင့်ရှိဟု တပ်မတော်ပြော

မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ မော်စကိုတွင် အကောင်းဆုံးဆု ဆွတ်ခူး

Did you find apk for android? You can find new Free Android Games and apps.
Loading