ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက လက်နက်ကြီး ကျည်ကျ၍ ပေါက်ကွဲရာ ရွာသား ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
လက်နက်ကြီး ကျည်မှာ ပန်းမြောင်းရွာလယ်ရှိ အောင်မင်္ဂလာဘုရားကုန်း၌ ရောက်နေသော တပ်မတော်သားများက တောင်တန်းများကို ပစ်ခတ်ရာမှနေ ဦးမောင်ဘကျော်နေအိမ်နှင့် ဦးစံလှကျော် နေအိမ် ၂လုံးကြား ကျရောက်ပေါက်ကွဲ ခြင်း မိသားစုဝင်များက ပြောသည်။
ဦးမောင်ဘကျော်၏ သား ကိုကျော်မင်းထွန်းက “ လက်နက်ကြီး ကျည်ဆန်က ကျနော်တို့ အိမ်ကြားကို လာကျပါ တယ်။ တောင်ပေါ်က ပစ်နေတာကို လှမ်းမြင်ရပါတယ်၊ အမေနဲ့ ညီမလေး ဒဏ်ရာရပါ တယ်။ ကျောင်းလာတက်နေတဲ့ ဝမ်းကွဲ ညီမလေး ဆုံးပါတယ်။ တူလေးတယောက်ကတော့ ကျနော့် လက်ထဲမှာပဲ ဆေးရုံရောက်တာနဲ့ အသက်ဆုံးသွားပါတယ်” ဟုဆိုသည်။
ထိုဖြစ်ရပ်ကို တာဝန်ရှိသူများ အနေဖြင့် အပြည့်အ၀ တာဝန်ယူစေလိုကြောင်း၊ ပစ်ခတ်မှုကို မိမိကိုယ်တိုင် မြင်တွေ့သည့် အတွက် ငြင်းဆန်မှု မပြုလုပ်စေလိုကြောင်း သူက ဆက်ပြောသည်။
လက်နက်ကြီး ကျည်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများမှာ ဆယ်တန်းကျောင်းသူ မညိုညို ဝင်း(၁၆နှစ်) အသက် ၆ နှစ်အရွယ် မောင်မင်းထက်ကျော် နှင့် မောင်အောင်ဇင်ဖြိုး တို့ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူများမှာ အသက် ၆၀ အရွယ် ဒေါ် ဦးကြိုင် ၊ ဒေါ် အေးရွှေလှ နှင့် အသက် ၂၉ နှစ်အရွယ် မဖြူနှင်းစိုးနှင့် မောင်မင်းထက်ကျော်၏ မိခင် ဒေါ်ချိုချို တို့ဖြစ်သည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်ထွန်းကတော့ ပန်းမြောင်း ဖြစ်စဉ်ကို မသိရှိသေးကြောင်း ဧရာဝတီသို့ပြောသည်။
“ပန်းမြောင်း အရှေ့တောင်ဘက်မှာ မနေ့က နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်တာတော့ ရှိတယ်။ ဒီနေ့ မြေပြင် အခြေအနေကို မသိရသေးဘူး၊ ဒီပြောတဲ့ အဲဒီ ပန်းမြောင်းဖြစ်စဉ်ကိုတော့ ကျနော်တို့ မကြားသေးဘူး ။ လက်နက် ကြီးက ရွာထဲကနေ ပြန်ပစ်လို့ ရွာကို လာကျတယ်ဆိုတဲ့ အဲဒီလိုမျိုး ဖြစ်ရိုး ဖြစ်စဉ်တော့ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြော သည်။
အနောက်ပိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်း ဇော်ဦးကို ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် ပန်းမြောင်းရွာ ဖြစ်စဉ်ကို မသိရှိသေးဟု ဆိုသည်။
ပန်းမြောင်းကျေးရွာသားများကတော့ ၎င်းတို့ ကျေးရွာအလယ်ရှိ အောင်မင်္ဂလာဘုရားကုန်း ပေါ်တွင် သြဂုတ် ၂၁ ရက်က တပ်မတော်သားများက ရောက်ရှိပြီးနေရာ ယူထား ကြောင်း ပြောသည်။
မင်းပြားမြို့နယ်အတွင်း သြဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြပြီး တပ်မတော်က ရဟတ်ယာဉ်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
မင်းပြား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “မင်းပြားမှာ ပြီးခဲ့တဲ့ ရက်ကတော့ ရွှေကျင်၊ သပေါက်စာ တောရွာ အဲဒီဘက်မှာ တိုက်ပွဲဖြစ်ကြတာရှိတယ်။ ဒီနေ့တိုက်ပွဲ ဖြစ်တာတော့ မရှိဘူး၊ ရှိတာက ပန်းမြောင်း ရွာထဲကနေ လက်နက်ကြီးပစ်တာတော့ ရှိတယ်။ အဲဒီမှာ နေအိမ်တလုံး လာကျလို့ ရွာသားတွေ သေဆုံးတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အောင်မင်္ဂလာ ဘုရားကုန်းမှာ ပန်းမြောင်းရွာလယ်တွင် တည်ရှိပြီး တောင်ခြေရင်းနှင့် တောင်ပတ်လည် တွင် ရွာသား များ နေထိုင်ကြကာ လက်နက်ကြီး လာကျသည့် နေအိမ်မှာ ဘုရာတောင်းကုန်း၏ အရှေ့မြောက်ဘက်တွင် တည်ရှိကြောင်း ပြည်နယ်လွှွတ်တော် ကိုယ်စားလှယ် ဦးလှအောင်သိန်းက ရှင်းပြသည်။
လက်ရှိ ဒဏ်ရာ ရရှိသူ အမျိုးသမီး ၄ဦးတွင် ၃ ဦးမှာ စိုးရိမ်ရ၍ မြောက်ဦး ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားကြောင်း ပန်းမြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော် က ပြောသည်။
“ဖြစ်တာက ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ဖြစ်တာ။ သူတို့ အိမ်အနီးကို လက်နက်ကြီး လာကျ တာ။ ၃ဦးက တော့ အဲဒီမှာပဲ သေသွားတယ်။ အခု ဒဏ်ရာ ပြင်းထန်တဲ့ ၃ ဦးကိုတော့ ဆေးရုံကို ခေါ်သွားကြပြီ” ဟု သူက ဧရာဝတီသို့ ပြောသည်။
ယမန့်နေ့ မနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေရွာနေ အမျိုးသမီး ၁ဦးနှင့် မြောက်ဦးမြို့နယ် ပေါက် တောပြင်ကျးရွာနေ အမျိုသား ၁ ဦးတို့လည်း ပစ်ခတ်ခံရ၍ စစ်တွေဆေးရုံ သို့ ပြောင်းရွှေ့ကာ အတွင်းလူနာ အဖြစ် ကုသနေရသည်။
ပေါက်တောပြင်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးသိန်းမောင်မှာ ပေါင်ရင်းကျည်ထိမှန်ပြီး စစ်တွေ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ်တက်ရောက်ကုသနေရသကဲ့သို့ ထွန်းရဝေ ကျေးရွာမှ အသက် ၂၅ နှစ် မခင်ဝင်းရွှေမှာ စိုးရိမ်ရသည့် အတွက် စစ်တွေဆေးရုံမှနေ ရန်ကုန်သို့ ယနေ့ ညနေ ၄ နာရီက လေကြောင်း လိုင်းဖြင့် ပို့ဆောင်ထားသည်။
You may also like these stories:
ရခိုင်တွင် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲများ ရှိနေ
မင်းပြားက လက်နက်ကြီး ကျမှန်ပေါက်ကွဲမှု ၅ ဦးသေဆုံး