စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အင်ကြင်းပင်ကျေးရွာ နန်းဦးပရိယတ္တိစာသင်တိုက်အတွင်းရှိ နှစ်ပေါင်း၁၅၀ကျော် သက်တမ်းရှိ ရှေးဟောင်းကျောင်းကြီးအား ပြုပြင်ထိန်းသိမ်းမှုများရန် လိုအပ် လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ထို ကျောင်းကြီးကို မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်က အင်ကြင်းပင် ကျေးရွာနေ နေမျိုးသီရိရာဇာဘွဲ့ရ ဘဏ္ဍာဝန် ဦးကူးနှင့်ဇနီးဒေါ်မေတို့က ဆောက်လုပ်လှုဒါန်းခဲ့ခြင်း ဖြစ်သည်။
“ကျောင်းကြီး သက်တမ်း တော်တော်ကြာပြီဆိုတော့ ဆိုင်ရာကနေ ထိန်းသိမ်းပေးစေချင်တာပါ၊ လက်ရှိ မှာတော့ ကျောင်းကြီးပေါ်မှာ သံဃာ ၁၀ပါးလောက်က ဖြစ်သလို သီတင်းသုံးနေကြတယ်၊ စာသင် တိုက်ဆိုတော့ ကျောင်းက မလုံလောက် တာကြောင့် သီတင်းသုံးနေရတာပါ”ဟု အင်ကြင်းပင်ကျေး ရွာမှ ဦးဇော်လွင်က ပြောသည်။
အဆိုပါကျောင်းကြီးကို ကျွန်းတိုင်ပေါင်း အလုံး ၆၀၊ သစ်တန်ချိန် ၃၀တန်ခန့် အသုံးပြုပြီး နန်းပြဿဒ် ဆောင်၊ စနုဆောင်၊ ဘောဂဆောင်၊ ခန်းမဆောင် အဆာင် ၄ ဆောင်ဖြင့် ဖွဲ့စည်းတည်ဆောက် ထား ခြင်းဖြစ်ကာ ယခုအခါ ပျက်ဆီးယိုယွင်း လာလျက်ရှိကြောင်း သိရသည်။
“ကျောင်းကြီးက ယိုယွင်းပျက်ဆီးလာတာကြောင့် ဆရာတော်ကနေ ရှိတာလေးနဲ့ ပြုပြင်နေရတာ ပေါ့ ဗျာ၊ ကျနော်တို့အနေနဲ့ ရှေးဟောင်းဌာနကို အသိပေး အကြောင်းကြားတာမျိုးတော့ မလုပ်ခဲ့ပါဘူး၊ လက်ရှိ ဆရာတော်ကြီးကလည်း ကျောင်းကြီးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းဖို့အတွက် ဆန္ဒရှိနေ ပါတယ်”ဟု ဦးဇော်လွင်က ဆက်လက်ပြောသည်။
“မင်းတုန်းမင်းကြီးလက်ထက်မှာ မင်းတုန်းမင်းကြီးရဲ့ဘဏ္ဍာစိုးဦးကူးကနေ သူရဲ့ဇာတိကျေးရွာမှာ နန်းတော်ပုံစံနဲ့တူတဲ့ ကျောင်းဆောက်လုပ်လှူဒါန်းခြင်ပါတယ်လို့ လျှောက်ထားတော့ မင်းတုန်းမင်း ကြီးက ခွင့်ပြုပေးခဲ့တာကြောင့် ဆောက်လုပ်လှုဒါန်းခဲ့တာပါ”ဟု သူကဆိုသည်။
မင်းတုန်းမင်း၏ ဘဏ္ဍာစိုး ဦးကူးမှနေ၍ သူ၏ ဇာတိရွာတွင် နန်းတော်ပုံစံတူ ကျောင်းဆောက် လုပ်လှူဒါန်းလိုကြောင်း လျှောက်ထားရာ မင်းတုန်းမင်းက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
နန်းဦးပရိယတ္တိစာသင်တိုက်အတွင်းရှိ ရှေးဟောင်းကျောင်းကြီးတွင် မင်းတုန်းမင်းကြီး၏ မိဖုရား တပါးဖြစ်သည့် ကျောက်မော်မိဖုရား ကိုးကွယ်သည့် ဆရာတော်ကြီးဦးသုမဏ ပထမဆုံးသီတင်းသုံး ခဲ့ပြီး ပရိယတ္တိစာပေများကို သင်ကြားပို့ချခဲ့ သည်။
“ပထမဆုံးသီတင်းသုံးခဲ့တာက ဝေဘူဆရာတော်ကြီးရဲ့ ငယ်ဆရာ ဆရာတော်ကြီး ဦးသုမနက သီတင်း သုံးခဲ့တာပါ၊ ဆရာတော်က မန္တလေးနေပြည်တော်က ကျောက်မော် မိဖုရားကြီးရဲ့ ပစ္စယာနုဂ္ဂဟကို ခံယူ ပြီးတော့မှ ရဟန်းပြုလာတာ၊ ပစ္စည်းလေးပါး မပူပင်ရအောင် မင်းတုန်းမင်းကြီး ကိုယ်တိုင် နန်းတော် အတွင်းကို အချိန်မရွေး ဝင်ထွက်သွားလာနိုင် အောင် ဆရာတော်ကြီးရဲ့ သပိတ်တော်ကို နန်းတော် တံဆိပ်ခပ်နှိပ်ပေးထားခဲ့တယ်လို့ သိရပါတယ်”ဟု ဦးဇော်လွင်က ရှင်းပြသည်။
နန်းဦးပရိယတ္တိစာသင်တိုက်အတွင်း၌ နှစ်သက်တမ်း ၁၅၀ ကျော်ရှိ ရှေးဟောင်းကျောင်းကြီးအား လက်ရှိအချိန်ထိ မူလ လက်ရာမပျက်စေရန် အတွက် ထိန်းသိမ်းပြုပြင်ခြင်းများကို လုပ်ဆောင် ထားကြောင်း သိရသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒု ညွှန်ချုပ် ဦးကိုကိုနိုင်က “ရှေးဟောင်း အဆောက်အဦးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဘတ်ဂျက်မှ မရှိတာ ဘာမှလုပ်လို့မရဘူး၊ တခုပဲ ကျနော်တို့ဘက်ကနေ ပညာရှင်ပံ့ပိုးပေးနိုင် တယ်၊ အလှုရှင်နဲ့ ပြုပြင်မယ်ဆိုရင်တော့ ကျနော်တို့ ဘက်ကနေ ပညာရှင်တွေလာပေးမှာပေါ့၊ အဲဒီလိုလေးပဲ ကူညီပေးနိုင်မှာပါ” ဟု ဆိုသည်။
လက်ရှိတွင် တနိုင်ငံလုံးရှိ ဘုန်းတော်ကြီး ကျောင်းတော်များများမှာ နှစ်တရာကျော်သည့် ရှေးကျောင်း ကြီးများ ဖြစ်ကြောင်း၊ ထို့အတွက် အလှူရှင်များရှိပါက ရှေးဟောင်းသုတေသန ဌာအနေဖြင့် နည်း ပညာပိုင်းအပါအဝင် ပညာရှင်ပိုင်းနှင့် ပတ် သက်၍ အကူအညီပေးနိုင်ကြောင်း သူက ဆက်ပြောသည်။
အလားတူ ခင်ဦးမြို့နယ် တိုင်ဒေသကြီး လွှတ်တော်အမတ် ဦးကျော်မင်းထွန်း ကလည်း “ဆရာတော်က အခုအချိန်ထိ အသိပေးမိန့်ကြားတာမျိုးမရှိပါဘူး၊ တကယ်လို့ ဆရာတော်က ဆန္ဒရှိတယ်ဆိုရင်တော့ ကူညီပေးမှာပါ၊ အဓိကကတော့ ကျနော်တို့အနေနဲ့ လွှတ်တော်ကနေ အစိုးရကို တောင်းဆိုတဲ့အခါ အလွတ်တောင်းဆိုတာထက် ရပ်ရွာ ကလည်း အမှန် တကယ် လိုအပ်တယ်ဆိုတာကို ဆရာတော်ကြီးနဲ့ ကျောင်းကော်မတီရဲ့လက်မှတ်တွေနဲ့ စာတင်ပြီး တောင်းမယ်ဆိုရင် ပိုပြီအဆင်ပြေပါတယ်၊ ဒါကြောင့် အဲဒီလိုအချက်အလက်တွေ ရရှိဖို့ ကျနော်ကိုယ်တိုင်လည်း ကွင်းဆင်းကြည့်သွားပါမယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုအခါ နန်းဦးပရိယတ္တိစာသင်တိုက်အတွင်း၌ နှစ်သက်တမ်း ၁၅၀ ကျော်ရှိ ရှေးဟောင်းကျောင်း ကြီးနှင့်အတူ ရွှေပိန်းချ ထားသည့် ပေ၊ ပုရပိုဒ်များ၊ စာတိုက်ဗီရို၊ ဆရာတော်ကြီး ဦးသုမန၏ သင်္ကန်းများကိုလည်း ထိန်းသိမ်းထားရှိကြောင်း သိရသည်။
အင်ကြင်းပင်ကျေးရွာသည် ဝေဘူဆရာတော်ကြီး၏ ဇာတိလည်းဖြစ်ပြီး နန်းဦးပရိတ္တိစာသင်တိုက်တွင် ပရိယတ္တိစာပေ များသင်ကြားခဲ့သည့် ရှေးဟောင်းစာသင်တိုက်ကြီး တခုဖြစ်သလို ယခုအခါ အင်ကြင်း ပင်ကျေးရွာတွင် ဝေဘူဆရာတော် ကြီးနှင့် သက်ဆိုင်သည့် ရွှေချက်သိုစေတီတော်၊ နန်းဦးပရိယတ္တိ စာသင်တိုက်၊ဝေဘူ ဝိပဿနာကမ္မဌာန်းကျောင်း၊ ဝေဘူဆရာတော်ကြီး ရုပ်ကလပ်တော် တေဇောဓာတ်လောင်ကျွမ်းခဲ့သည့် နေရာနှင့် အရိုးအိုးစေတီတော်စသည့် သတ္တဌာန ၄ခုတည်ရှိသည်။
You may also like these stories:
တောင်သမန် အင်းစောင်းက ရဟန်းစာဆိုကြီး ဦးပညာ
အမေ့ခံဘဝမှ လွတ်မြောက်တော့မည့် အနွယ်တော် အုတ်ဂူများ