သတင်း

ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အိုးဘိုထောင်တွင်း သေဆုံးသူ ကာယကံရှင်မိသားစု မကျေနပ်

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သည်ဟု ဆိုကာ အိုးဘိုထောင်အတွင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရစဉ် သေဆုံး ခဲ့သည့် အောင်သပြေရွာသား အသတ်ခံရမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အပေါ် အယုံအကြည်မရှိကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြသည်။

“ပထမက အရက်ကြောင် ကြောင်ပြီး သေတယ်လို့ ပြောတယ်။ နောက်ပိုင်း ဆေးစာ ထွက်လာတော့ အသတ်ခံရတာ ဖြစ်တာကြောင့် လူသတ်မှုလို့ ပြောပြန်တယ်။ အခု ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ လူသတ်တရားခံက နှစ်ကြီးအကျဉ်းသားလို့ ပြောလာပြန်တယ်၊ ဦးဇင်းတို့ ထင်တာက ဆေးစာကြောင့် လူသတ်မှု ဖြစ်သွားတဲ့အတွက် တရားခံဟာ ရဲဘက်က သော်လည်းကောင်း၊ ထောင်ဘက်က သော်လည်းကောင်း ဘယ်သူဘယ်ဝါဆိုပြီး ဖြစ်လာမယ်လို့ထင်တာပေါ့နော်၊ အခု သူတို့ထုတ်ပြန်ချက်က လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်တပုဒ်လို့ ဦးဇင်းအနေနဲ့ ပြောချင်တယ်၊ ဒါကြောင့် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အပေါ် အယုံအကြည် မရှိပါဘူး၊ တရားခံ အစစ်အမှန်ကိုတော့ ပေါ်ပေါက်အောင် မျှမျှတတ လုပ်ပေးကြပါလို့ပဲ ပြောချင်တယ်”ဟု သေဆုံးသူ၏ အကိုရင်းဖြစ်သူ ဦးဇင်း ဦးဝိမလက ဧရာဝတီသို့ မိန့်ကြားသည်။

ရဲတပ်ဖွဲ့သည် ကာယကံရှင် သေဆုံးပြီး ရက် ၅၀ ခန့်အကြာမှ အဆိုပါ သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၂၄ ရက်နေ့တွင် ပြုလုပ်ကာ နှစ်ကြီးအကျဉ်းသားနှင့် ခိုက်ရန်ဖြစ်ပွားသဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ အိုးဘိုထောင်တွင်း သေဆုံးခဲ့သူ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း(ခ)ကိုထွန်းသည် ဇွန်လ ၂ ရက်နေ့က လက်သမား လုပ်ငန်း လုပ်ကိုင်ရန် လုပ်ငန်းရှိရာသို့ သွားရောက်စဉ် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေ စက်ရုံစီမံကိန်း ပဋိပက္ခဖြစ်စဉ် စက်ရုံမီးရှို့မှုတွင် ပါဝင်သည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့ဖြင့် ဇွန်လ ၂ ရက်နေ့က အမှုဖွင့်ဖမ်းဆီးခဲ့ပြီး အိုးဘိုအကျဉ်းထောင် သို့ ဇွန် ၃ ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားသဖြင့် ဒဏ်ရာများရရှိကာ ဇွန် ၄ ရက်တွင် ထောင်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ၅ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“သေဆုံးသွားတဲ့ တရားခံ ထွန်းမြင့်ဝင်း(ခ)ကိုထွန်းဟာ ၆ လပိုင်း ၂ ရက်နေ့မှာ ဖမ်းမိတယ်၊ ၃ ရက်နေ့မှာ အကျဉ်း ထောင်ကို ပို့လိုက်တယ်၊ အကျဉ်းထောင် အဆောင် ၃၊ အခန်း ၄ ကိုရောက်တယ်၊ မန္တလေး ဗဟိုအကျဉ်းထောင်ထဲမှာ အမှုနဲ့ ချုပ်နှောင်ထားစဉ် အရက်ကြောင်ကြောင်ပြီး စိတ်ကစဉ့်ကလျား ဖြစ်တာအမှန်ပဲ၊ အခင်းမဖြစ်မီ ကလည်း ညဘက် အဆောင်ထဲမှာ ပြေးဟယ်၊ လွှားဟယ်နဲ့ လုပ်နေခဲ့တယ်။ အခင်းဖြစ်တဲ့နေ့က နေ့လည် ၁၂ နာရီလောက်မှာ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ မြတ်ကိုကို ဆိုတဲ့သူက သူ့ကို အရူးဆိုတဲ့ သင်္ကေတကို လက်နဲ့လုပ်ပြတယ်၊ စနောက်ကြတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်က ပြောသည်။

ယင်းကဲ့သို့ စနောက်စဉ်တွင် မူးယစ်မှုဖြင့် ထောင်နှစ်ကြီး ကျခံနေရသူ မြတ်ကိုဦးက ၎င်း၏ အိပ်ယာအနီး ရှိနေစဉ် သေဆုံးသူမှ ၎င်း၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးကြောင်း၊ ထိုသို့ဖြစ်သည့်အခါ မြတ်ကိုဦးက သေဆုံးသူ၏ လက်တဖက်ကို ချုပ်ကာ လည်ပင်းကို ချိုင်းကြားတွင် ညှပ်ထားပြီး ခေါင်းကို လက်သီးဖြင့်ထိုး၊ ရင်ဘတ်ကို ဒူးဖြင့် တိုက်ကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်ပြီး ရဲမှူးကြီး ကိုကိုလွင်က “ထွန်းမြင့်ဝင်းနဲ့မြတ်ကိုဦးဟာ ခန္ဓာကိုယ်ချင်းကွာခြားတယ်၊ ထွန်းမြင့်ဝင်းက လူက ခပ်သေးသေး၊ မြတ်ကိုဦးက ဗလက ခပ်တောင့်တောင့် အရွယ်ချင်း မမျှဘူး၊ ပြီးတော့ သူအိပ်တဲ့ အိပ်ရာနားမှာအဆင်သင့် ရှိနေတဲ့ အလျား ၁ ပေ ၁၀ လက်မခန့်၊ ဗျက် ၁ လက်မ အထူရှိတဲ့ ပျဉ်ပြားနဲ့ ရိုက်တယ်၊ ကျိုးသွားတယ်၊ ကျိုးသွားတဲ့ အချိန်မှာ ဘာနဲ့ ထပ်ရိုက်လဲဆိုတော့ သူရဲ့ နံဘေးမှာ ထောင်ထားတဲ့ ၂ ပေခန့်ရှိတဲ့ ပိုက်လုံးပျော့ ၂ လုံးကို ပူးပြီး လုပ်ထားတာနဲ့ ၇ ချက်၊ ၈ ချက်လောက် ဆက်ရိုက်တယ်၊ အဲဒီလို ဖြစ်နေတာသိတော့ စည်းကမ်းထိန်းသိမ်းရေးတွေက ဝိုင်းဆွဲကြတယ်။”

“ပြီးတော့ သေဆုံးသူ ထွန်းမြင့်ဝင်းကို အပြင်ခေါ်ထုတ်သွားပြီးတော့ သံတိုင်မှာ အဝတ်ကြိုးလေးနဲ့ ချည်ထားတယ်၊ ဖြစ်စဉ်အမှန် စုံစမ်းစစ်ဆေး ဖော်ထုတ်ချက်အရ ဆိုရင် သေဆုံးတဲ့သူဟာ လည်ပင်းမှာရရှိတဲ့ ဒဏ်ရာကြောင့် ဦးနှောက် သွေးရောက်တယ်၊ ဆိုလိုတာကတော့ မြတ်ကိုကိုက သေဆုံးသူ ထွန်းမြင့်ဝင်းကို သူ့ရဲ့ ချိုင်းကြားထဲမှာ လည်ပင်းကို ညစ်ထားတဲ့အတွက် လည်ပင်းမှာ ဒဏ်ရာတွေရတယ်၊ ခေါင်းကို အထိုးခံရတာကြောင့် အတွင်းဒဏ်ရပြီး သွေးထွက် ပြီးတော့ ဦးနှောက်ထဲကို သွေးရောက်တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်”ဟု ရှင်းပြသည်။

ရိုက်နှက်သူ မြတ်ကိုဦး ဆိုသူကလည်း ၎င်းလုပ်ကြောင်း ဝန်ခံသဖြင့် ရဲတပ်ဖွဲ့က ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိတွင် ဥပဒေအကြံတောင်း တင်ထားကြောင်း သိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) အကျဉ်ထောင်ဆေးရုံမှ သေဆုံးသူသည် အဖျားကြီးခြင်း၊ အရက်ကြောင်ခြင်း ရောဂါ များဖြင့် သေဆုံးခဲ့ခြင်းဟု ကနဦးသတင်း ထုတ်ပြန်ပေးခဲ့သော်လည်း မန္တလေးအထွေထွေရောဂါဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်၍ ရင်ခွဲ စစ်ဆေးချက်အဖြေတွင် သေဆုံးသူမှာ လည်ပင်းတွင် ရရှိသောဒဏ်ရာကြောင့် ဦးနှောက်မြှေးပါးအောက် သွေးသွန်ပြီး ဦးနှောက် ပိညှက်သေဆုံးသွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ပေးခဲ့သည်။

ယင်းဆေးစာရရှိပြီးနောက် အမှုမှန်ပေါ်ပေါက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းစစ်ဆေးခဲ့ရမှ ယခုကဲ့သို့ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေ့ရက်က တာဝန်ကျခဲ့သည့် ထောင်တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု အကျဉ်းဦးစီးဌာနမှ သိရသည်။

“ကိုထွန်းမြင့်ဝင်း သေဆုံးတဲ့နေ့က တာဝန်ကျတဲ့သူတွေကို ကျနော်တို့ အနေနဲ့ ဌာနတွင်း စစ်ဆေးမှုတွေ လုပ်နေတယ်၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ အရေးယူဖို့အတွက် အတည်ပြုချက်ကို စောင့်နေပါတယ်၊ ဒီဟာက တမင်ရည်ရွယ်ပြီး လုပ်တာမျိုးတော့ မဟုတ်ပါဘူး။ အခုဖြစ်စဉ်က သေဆုံးသူက အရက်ကြောင်ကြောင်ပြီး လုပ်ချင်ရာတွေ လုပ်လို့ ထိန်းရင်းနဲ့ ဖြစ်တာမျိုးပါ။ ဖြစ်တယ်ဆိုတာက ကာယကံရှင်ပေါ်မှာလည်း မူတည်ပါတယ်၊ ကောင်းကောင်းမွန်မွန်နဲ့ နေမယ်ဆိုရင် ဘယ်သူကမှ ဘာမှမလုပ်ပါဘူး၊လုပ်လို့လည်း မရပါဘူး၊ ဥပဒေကလည်း ခွင့်မပြုထားဘူး၊ လုပ်ခွင့်လည်း မပေးထားပါဘူး”ဟု အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

ကိုထွန်းမြင့်ဝင်း (ခ) ကိုထွန်း သေဆုံးမှုနှင့်ပတ်သက်၍ အကျဉ်းသားအချင်းချင်း ရန်ဖြစ်ရာမှ သေဆုံးခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သော်လည်း အဆိုပါထုတ်ပြန်ချက်သည် မှန်ကန်မှု မရှိနိုင်ကြောင်း တောင်သူလယ်သမားများအရေး လိုက်ပါဆောင်ရွက်နေသည့် အဖွဲ့များက သုံးသပ်ထားကြသည်။

“ဘာကြောင့်လဲဆိုတော့ ထောင်ထဲကို အခုမှ စရောက်တဲ့သူကို နှစ်ကြီးအကျဉ်းသားက စနောက်တယ်၊ ဒါကို မခံနိုင်လို့ ပြန်လုပ်တယ်ဆိုတာကိုက ဖြစ်နိုင်ခြေ မရှိဘူး၊ နောက်ပြီး ထောင်ထဲမှာက အလွယ်တကူ တုတ်ရတယ်ဆိုတာက စဉ်းစားစရာပေါ့နော်၊ ထောင်ထဲမှာ မုန့်စားတဲ့တူတောင် ကိုင်လို့မရတဲ့ဟာကို ပိုက်ပျော့တွေ၊ သစ်သားတုတ်တွေ ရှိနေတယ်ဆိုတာကိုက ဖြစ်နိုင်ခြေတခုမှ မရှိဘူး၊ မိသားစုကလည်း တရားခံ အစစ်အမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒတော့ ရှိနေတယ်၊ အမှုဖွင့်ချင်တယ်ပေါ့၊ ရွာကလည်း ဆန္ဒရှိနေတယ်။”

“သို့သော်လည်းပဲ ရှေ့ကို ထွက်မလာရဲဘူး၊ မလိုက်ရဲဘူး ဖြစ်နေတယ်၊ ရှိတဲ့သူကလည်း ဘုန်းတော်ကြီးဖြစ်နေတော့ အမှုဖွင့်လို့ ရ၊ မရ မသိဘူးပေါ့နော်၊ ဒီတော့ ကျနော်တို့ ကော်မတီအနေနဲ့က ရှေ့နေတွေနဲ့ ဆွေးနွေးကြည့်မယ်၊ ဆွေးနွေးကြည့်လို့ ကာယကံရှင်မဟုတ်ဘဲနဲ့ အမှုဖွင့်လို့ရမယ်ဆိုရင် အမှုဖွင့်လှစ်ဖို့ လုပ်ဆောင်သွားမယ်”ဟု ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီမှ ကိုကျော်ကျော်က သုံးသပ်သည်။

တရားမျှတရေးနှင့် အမှန်တရားဖော်ထုတ်ရေးကော်မတီက ကိုအောင်စိုးမြင့်ကလည်း “ကိုထွန်းမြင့်ဝင်းက စီမံကိန်းကို ဆန့်ကျင်တဲ့အထဲမှာလည်း မပါဘူး၊ ဘယ်လှုပ်ရှားမှုမှာမှ မပါခဲ့တဲ့သူ၊ သူတို့က အကျဉ်းသားအချင်းချင်း ဖြစ်တာ၊ နှစ်ကြီးအကျဉ်းသားကို သွားရန်စလို့ နှစ်ကြီးအကျဉ်းသားက လုပ်လိုက်လို့ သေတာလို့ ပြောပေမယ့် သူတို့ မိသားစုကလည်း ယုံကြည်မှုမရှိဘူး၊ ဒါကြောင့် ဒီဖြစ်စဉ်ကို လွတ်လပ်တဲ့အဖွဲ့အစည်းတခုကသာ စုံစမ်းဖော်ထုတ်မယ်ဆိုရင် ဒီအဖြေဟာ ပြောင်းလဲသွားမယ်လို့ ပြောချင်တယ်”ဟု ပြောသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းကို ၂၀၁၂ ခုနှစ်ကတည်းက လျာထားခဲ့ရာ ဒေသခံများ ကန့်ကွက်မှုရှိခဲ့ ခြင်းကြောင့် ရပ်နားထားခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဥပဒေနှင့်ညီ ညွှတ်မှုရှိ သည်ဟုဆိုကာ ပြန်လည်ခွင့်ပြု ပေးခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းက ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံး လွှတ်ပေးရေးအတွက် ကျေးရွာအဝင်လမ်းကို ပိတ်ဆို့၍ အောင်သပြေကျေးရွာမှ ရွာသူရွာသား များက ဆန္ဒပြမှု ပဋိပက္ခဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း ယခုအချိန်အထိ စီမံကိန်းလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေလျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

အောင်သပြေဖြစ်စဉ် ဖမ်းဆီးထားသူများအား ရုံးထုတ်စစ်ဆေး

အိုးဘိုထောင်တွင်း သေဆုံးသူ အောင်သပြေ ရွာသား၌ ဒဏ်ရာများ တွေ့ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading