မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ခိုက်မှုများရပ်ဆိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များမှ ဝါရင့်ခေါင်းဆောင်များက မေတ္တာရပ်ခံပြီး အစိုးရနှင့် ထိုတိုက်ခိုက်မှုများတွင်ပါဝင်သော သုံးဖွဲ့တို့အကြား အမြန်ဆုံး ညှိနှိုင်းသင့်ကြောင်း ပြောဆိုသည်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) တို့က မန္တလေးတိုင်းမှ စစ်တက္ကသိုလ်တခုနှင့် ရှမ်းပြည်နယ်မှ ရဲကင်းများကို တိုက်ခိုက်ပြီး တကျော့ပြန်စစ်ရေးတင်းမာလာခဲ့သည်မှာ တပတ်ကျော်ကြာမြင့်ပြီဖြစ်သည်။
ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားများ၊ စစ်သားများနှင့် ရဲများအပါအဝင် လူ ၁၅ ဦးသေဆုံးပြီး နေက်ဆက်တွဲတိုက်ပွဲများကြောင့် လူထောင်ချီနေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
ဖော်ပြပါ လက်နက်ကိုင် တိုင်းရင်းသား ၃ ဖွဲ့သည် မန္တလေးတိုင်း ပြင်ဦးလွင်မှ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှ ရဲကင်း၊ မူးယစ်ဆေး စစ်ဆေးရေးဂိတ်၊ လမ်းအသုံးပြုခကောက်ခံသည့် ဂိတ်များနှင့် ဂုတ်တွင်းတံတားကို သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်ခဲ့သည်။
အစိုးရက ထိုတိုက်ခိုက်မှုကို အကြမ်းဖက် လုပ်ရပ်အဖြစ် ရှုတ်ချသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်း သြဂုတ် ၁၆ ရက်နေ့ သမတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး “ကျနော်တို့တိုင်းပြည်က ပဋိပက္ခထဲမှာ နစ်နေတဲ့ တိုင်းပြည်လို့ ပြောလို့ရတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
မြန်မာနိုင်ငံတောင်ပိုင်းရှိ EAO အများအပြားသည် တပ်မတော်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည်။ နိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း တွင်လည်း တပ်မတော်က တဖက်သတ်အပစ်ခတ်ရပ်စဲရေး ကြေညာထားသည်မှာ ၈ လခန့်ရှိပြီ ဖြစ်သည်။ သို့သော် ယခုတိုက်ခိုက်မှုသစ်များသည် မူလကပင် ဆိုးရွာပြီးဖြစ်နေသောဒေသများမှ အခြေအနေများကို ပိုမိုဆိုးရွားသွားစေကြောင်း ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
“ မြန်မာပြည်ရဲ့ အနောက်ပိုင်းဒေသ ရခိုင်ဒေသ၊ မြန်မာပြည်ရဲ့ မြောက်ပိုင်းဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေက အရှိန်မြင့်ပြီး ဖြစ်လာတော့ တိုင်းပြည်အတွက် တခုလုံးအတွက် မကောင်းပါဘူး။ တိုင်းပြည်အတွက် အင်မတန်မှ တော်တော့်ကို ဆိုးတဲ့ အကျုးိဆက်လို့ ပြောလို့ရပါတယ်။ ဒါကိုတော့ ကျနော်တို့ ချုပ်ငြိမ်းဖို့ လိုတယ်။ ဒီပဋိပက္ခတွေကို ကျနော်တို့ အတွေ့အကြုံနဲ့ ပြောမယ်ဆိုရင် ဒီပဋိပက္ခတွေကို လက်နက်ကိုင်ပဋိပက္ခနဲ့ ပြဿနာ ဖြေရှင်းလို့ မရဘူး။ အခုလို စားပွဲဝိုင်းမှာပဲ ဖြေရှင်းမှသာ ပြည်သူတွေလည်း သက်သာမယ်။ တိုင်းပြည်အတွက်လည်း သက်သာမယ်။ အကုန်လုံးအတွက်လည်း အကျိုးရှိတယ်လို့ ကျနော်တို့ အတွေ့အကြုံအရ ပြောလို့ရတယ်။ ဒါကြောင့်မို့ ကျနော်တို့ ပြောချင်တာက ဒီ လက်နက်ကိုင် ပဋိပက္ခတွေက ဇာတ်ရှိန်မြင့်လေ တိုင်းပြည်နာလေပဲ။ ဒါကြောင့် ဒီပဋိပက္ခတွေကို နှစ်ဦးနှစ်ဖက် အမြန်ဆုံးတွေ့ဆုံနိုင်အောင် ကြိုးစားရမယ်” ဟုလည်း သူက ဆိုသည်။
KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် အခြား EAO ၇ ဖွဲ့နှင့်အတူ NCA လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် NCA ကို ယမန်နှစ်က လက်မှတ်ရေးထိုးသည်။
“ကျနော်တို့ အခြေအနေမှာလည်း (အစိုးရ၊ တပ်မတော် နဲ့ KNU တို့) စားပွဲဝိုင်းမှာ ဆွေးနွေးရတာ အမြင်မတူတာတွေ အပေါ်စီးယူတယ်လို့ ထင်ရတဲ့ဟာတွေ ကြုံရာတာပဲ။ ဒါပေမယ့် ဒါတွေ ကျနော်တို့ စိတ်ပျက်ဖို့ မလိုဘူး။ ထောက်ပြရမယ်။ တဖက်နဲ့တဖက် ဒီလို အနိုင်ရလိုမှုနဲ့ အမြတ်ရလိုမှုနဲ့ ဆွေးနွေးလို့ရှိရင် ကျနော်တို့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဘယ်လိုမှ အထောက်အကူ မဖြစ်ဘူး။ မမျှတဘူး။ တဖက်သတ်ဆန်တယ်။ အနိုင်ကျင့်တယ်လို့ ဖိအားပေးတယ်လို့ ခံစားရရင် ကျနော်တို့ စားပွဲဝိုင်းမှာပဲ ဒါကို ရှင်းရမှာ ဖြစ်ပါတယ်” ဟု ဖဒိုမန်းငြိမ်းမောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
NCA ကိုလက်မှတ်ရေးထိုးခြင်းမပြုမီက တပ်မတော်က ယခုတိုက်ခိုက်မှုတွင်ပါဝင်သော အဖွဲ့ ၃ ဖွဲ့သည် အဖွဲ့သစ်ဖြစ်သည်ဟုဆိုကာ ၎င်းတို့ လက်နက်ကိုင်တိုက်ပွဲကို စွန့်လွှတ်ရန်ပြောဆိုပြီး၊ ထိုမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရမည်ဟု ဆိုခဲ့သည်။ ထိုအဖွဲ့သုံးဖွဲ့က လက်နက်စွန့်ပြီး နိုင်ငံရေးနည်းဖြင့်အဖြေရှာမည်ဟု ဒီဇင်ဘာလတွင် ကြေညာသောအခါ တပ်မတော်က စစ်တိုင်း ၅ တိုင်းတွင် အပစ်အခတ်ရပ်စဲရေး ကြေညာသည်။
TNLA၊ AA နှင့် MNDAA တို့သည် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များက NCA စာချုပ် မူကြမ်းရေးဆွဲသော အဖွဲ့ဝင် ၁၆ ဖွဲ့ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး ညှိနှိုင်းမှု အဖွဲ့ (NCCT) တွင် ပါဝင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် NCA ကို လက်မှတ်ရေးထိုးခါနီးတွင် ၎င်းတို့ဖိတ်ခေါ်မခံရတော့ပေ။ ၎င်းတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စချိန်မှ လက်နက်ကိုင်တိုက်ပွဲ ဖြင့် လှုပ်ရှားလာသူများဟု မြင်သောကြောင့် တပ်မတော်က ၎င်းတို့ တောင်းဆိုချက်များကို လျစ်လျူရှုကာ လက်နက်ကိုင်တိုက်ပွဲကို စွန့်လွှတ်ရန်သာ ပြောဆိုသည်။
သို့သော် လက်ရှိ ဖြစ်ပွားသောတိုက်ခိုက်မှုများသည် ထိုအဖွဲ့များ၏ တည်ရှိမှုကို အသိအမှတ်ပြုရန်လိုကြောင်း မီးမောင်းထိုးပြနေသည်ဟု ပအိုးဝ် တိုင်းရင်းသားများ လွတ်မြောက်ရေးအဖွဲ့ မှ နာယက (ဗိုလ်မှူးကြီး) ခွန်ဥက္ကာကပြောသည်။
“၂၀၁၅ ကနေ လေးနှစ်ပေါ့၊ ၂၀၁၉ ကြားမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပါဖို့ ဖိတ်စာ မရလို့ ကျန်ခဲ့တဲ့ အဖွ့ဲအစည်းတွေက ရုတ်တရက် ကြီးထွားလာပြီးတော့ အခုလို စစ်ရေးအရှိန် မြှင့်တင်နိုင်တဲ့ဟာ ဖြစ်လာတဲ့အခါကျတော့ ဒါက အပြစ်မတင်ကြေးပေါ့လေ။ ဘယ်သူ့ ဘယ်သူမှာ တာဝန်ရှိတယ်လို့ မဆိုသာဘဲနဲ့ သူတို့အရေးကိုလည်း အာရုံစိုက်ဖို့ သင့်တယ်ဆိုတာတော့ ဖော်ပြတဲ့ သဘောရှိတယ်” ဟု ခွန်ဥက္ကာက ဆိုသည်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ထိုအဖွဲ့ သုံးဖွဲ့ သည် ၎င်းတို့နှင့် စစ်ရေးမဟာမိတ်များ မဟုတ်ကြောင်း မကြာသေးမီက ကြေညာသောအခါ အံ့သြမိကြောင်းလည်း သူက ပြောသည်။
ယခုဖြစ်ပွားနေသော တင်းမာမှုများသည် အနည်းဆုံး နှစ်ကုန်အထိကြာနိုင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကုန်သွယ်ရေးကို ထိခိုက်ကာ တရုတ်- မြန်မာ စီးပွားရေးစြင်္ကန်စီမံကိန်းကို ပျက်စီးစေနိုင်ကြောင်းလည်း သူက ပြောသည်။
“လက်ရှိ အိမ်နီးချင်းတရုပ်ပြည်ရဲ့ အာရုံစိုက်မှုကိုလည်း အရေးပေးမှုကိုလည်း လိုလားလို့ ဦးတည်ပြီးတော့ တိုက်ပွဲဖော်သလားတော့ မပြောနိုင်ဘူး။ တရုတ်ကလည်း ကန့်ကွက် ရှုတ်ချထားတာ ကြားရတယ်။ ဒီအဖွဲ့အစည်းတွေက တရုတ်အစိုးရနဲ့ တရုတ်အာဏာပိုင်နဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် အခွင့်အလမ်းရှာတာလည်း ဖြစ်နိုင်တယ်။ တဖက်က ပြန်ကြည့်ရင်။ ဒါကြောင့် ရှင်းရှင်းတော့ မမြင်ရသေးဘူး။ သူတို့ဘာလိုချင်လဲဆိုတာ။ သို့သော် ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ အခန်းကဏ္ဍကို အရေးတယူ ဖြစ်စေချင်လို့ ဆိုတဲ့ သဘောတော့ တွေ့ရတယ်” ဟု ခွန်ဥက္ကာက ရှင်းပြသည်။
ယခုမြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အခြေအနေသည် မြန်မာနိုင်ငံ တောင်ပိုင်းတွင် နှစ် ၇၀ ကျော်ဖြစ်နေသော အခြေအနေနှင့် အလားတူဖြစ်ကြောင်း NMSP ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးကလည်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“အခု ကျနော်တို့ မြင်တာက မြောက်ပိုင်းတခုကိုပဲ မြင်နေတာပေါ့လေ။ တကယ့် ဒီကိစ္စတွေက မြောက်ပိုင်းမဖြစ်ခင်က ကျနေ်ာတို့မှာ နှစ် ၇၀ ကျော်ဖြစ်ခဲ့တာကြာပြီ။ အရင်ကဆို ဒီ ဟာတွေက တိုင်းရင်းသားအဖွဲ့အစည်းအားလုံးမှာ ဖြစ်နေကျ နေရာပဲ။ အခုက အထဲ (မြို့ကြီးတွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေနား) ရောက်လာတော့ ပိုပြီးတော့ အသံတွေ ကျယ်ကျယ်လောင်လောင် ဖြစ်လာတာပေါ့” ဟု သူပြောသည်။
နိုင်အောင်မငေးကလည်း စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် နိုင်ငံရေးနည်းလမ်းကို ထောက်ခံကြောင်းပြောသည်။ လူအားလုံး တန်းတူညီမျှမှုကို နိုင်ငံရေးဆွေးနွေးပွဲများက အာမခံနိုင်ပြီး တိုင်းရင်းသားအားလုံး၏ အခွင့်အရေးများကို အသိအမှတ်ပြုပါက တိုက်ခိုက်မှုများရပ်စဲရေးကို အထောက်အကူပြုမည်ဟု သူပြောသည်။
“နိုင်ငံရေးဆွေးနွေးပွဲကို ကန့်သတ်ဘောင်မထားဘဲနဲ့ NCA ထိုးမှ NCA မထိုးမှဆိုတဲ့ ကန့်သတ်ဘောင်ကို ဖြုတ်ပလိုက်။ အများလက်ခံနိုင်တဲ့ ဆုံရပ်တခုကို တင်ကြစို့။ ဆွေးနွေးကြစို့။ လွတ်လွတ်လပ်လပ်ပေါ့နော်။ အဲဒါဆို ပိုပြီးတော့ ဖြစ်မြန်မယ်။ သူတို့လည်း ပိုပြီး စုစုစည်းစည်း ဖြစ်လာမယ်။ ကျနော်တို့ ဖြစ်စေချင်တာက နိုင်ငံရေးဆွေးနွေးမှုဘောင်ကို နည်းနည်း ပိုပြီး ချဲ့လိုက်ရင် ကောင်းလာမယ်လို့ အကြံပြုချင်တယ်” ဟု နိုင်အောင်မငေးက ဆိုသည်။
လက်ရှိအချိန်တွင် အစိုးရသည် လက်ရှိနိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ပြင်ဆင်ရန်ကြိုးစားနေပြီး ၂၀၂၀ မတိုင်မီတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ်ယူရန် မျှော်လင့်နေသည်။
တပ်မတော်သည် ၎င်း၏ စစ်ရေးထိတွေ့မှုကိုလျှော့ချရန် လိုကြောင်းနှင့် ပြည်ထောင်စုအစိုးရသည် ပိုင်နက်အကျယ်အဝန်း၊ လူဦးရေ သို့မဟုတ် စစ်အင်အားကို ထည့်သွင်းမစဉ်းစားဘဲ တိုင်းရင်းသားအုပ်စု အားလုံးကို တန်းတူဆက်ဆံရန်လိုကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။
NMSP သည် NCA ကို ၂၀၁၈ ခုနှစ်ဖေဖေါ်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးကိစရပ်များ၊ ပြည်နယ်သူပြည်နယ်သားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုကို ရရှိရန် ဆောင်ရွက်နေသည်များ ရှိသည်။ သို့သော် အပစ်မရပ်မီ လွန်ခဲ့သော ၂၄ ခုနှစ်ကလောက်ပင် လုပ်ပိုင်ခွင့်မရှိဟု ခံစားနေရကြောင်း နိုင်အောင်မငေးက ပြောသည်။
NMSP သည် စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်တွင် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုအဆင့် နှစ်ဖက်အပစ်အခပ်ရပ်စဲရေး သဘောတူစာချုပ်ကို ထိုစဉ် အရပ်သားတပိုင်းအစိုးရနှင့် လက်မှတ်ထိုးခဲ့သည်။ လက်ရှိ NCA ကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
“ကျနော်တို့ဆို ဟို ၁၉၉၅ ကတည်းက လက်မှတ်ထိုးလာတဲ့ပုံစံနဲ့ ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် (လက်မှတ်) ထိုးလာတဲ့ ပုံစံကနေ အစ အခုထိ (၂၀၁၈ ခုနှစ်) NCA ထိုးတဲ့အချိန် ပြန်ပြီး ကွဲကွဲပြားပြား ပြန်ကြည့်လိုက်ရင် အခု အခြေအနေက ပိုပြီး ကျဉ်းကျုတ်သွားတယ်။ ကျနော်တို့ရဲ့ လူထုနဲ့ တွေ့ဆုံမှုရယ် လူမှု အဖွဲ့အစည်းနဲ့ တွေ့ဆုံမှုရယ် နောက်ထပ်နိုင်ငံတကာနဲ့တွေ့ဆုံမှုရယ် ပိုပြီး ကျဉ်းသွားသလို ဖြစ်သွားတာပေါ့နော်” ဟု နိုင်အောင်မငေးက နှိုင်းယှဉ်ပြသည်။
NMSP သည် NCA ကိုလက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲများမရှိတော့သည့်တိုင် မွန်ပြည်နယ်တွင် NCA အကောင်အထည်ဖေါ်ရေးအဖွဲ့တခုဖြစ်သည့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲကော်မတီကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
“တဖွဲ့ဖွဲ့က လက်နက်ရှိရင် အစိုးရကလည်း ဘာမှ မပြောဘဲ အခွင့်အရေးလည်း ပုံမှန်ထက် ပိုပြီး ဦးစားပေးမှု ခံရတယ်။ လက်နက်မရှိရင် ပိုပြီးဆိုးရွားတယ်။ ပိုပြီး အသိအမှတ်ပြုမှု လျော့နည်းစေတယ်။ လက်နက်မရှိ နယ်မြေမရှိရင် ပိုပြီးတော့ ကျဉ်းကြပ်မှုဖြစ်တဲ့ ခံစားမှုဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားအဖွဲ့အစည်းတွေက ဒါကို မြင်ပီးတော့ ဟိုဘက်အပိုင်းကို အာရုံရောက်သွားမှာကို ကျနော်တို့က စိုးရိမ်တယ်” ဟု နိုင်အောင်မငေးက ဆိုသည်။
“အစိုးရက ကျနော်တို့ကို ကောင်းကောင်း မစည်းရုံးနိုင် ကောင်းကောင်း မထိန်းသိမ်းနိုင်ရင် တိုင်းရင်းသားတွေက လက်နက်ကိုင်တိုက်ပွဲကို ပိုပူးပေါင်းဖို့ အလိုလိုဖြစ်သွားတာပေါ့။ ထိန်းချုပ်မှု တင်းကြပ်မှုများလေ အသိအမှတ်မပြုမှုများလေ။ ကျနော်တို့ ဖြစ်စေချင်တာ ဝေးသလိုလို ခံစားရရင် ကျနော်တို့အတွက် တခုခု စဉ်းစားစရာ၊ ထွက်ပေါက်တခုခု ရှာတဲ့ပုံစံ ဖြစ်သွားမှာပေါ့နော်” ဟု သူပြောသည်။
“ဒါကြောင့်မို့ ဒီ နိုင်ငံရေးဆွေးနွေးမှု တန်းတူ ညီမ ျှမှုကို များများလုပ်၊ အဖြေရလဒ်တခု ရပြီး ဖယ်ဒရယ်ပြည်ထောင်စုကို မြန်မြန် အကောင်အထည်ဖော်ရင် ဒီကိစ္စတွေ ခုနက လက်နက်ကိုင်တိုက်ပွဲတို့ ဒေသဖွံ့ဖြိုးရေးကိစ္စတို့ အားလုံး တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အမြန် ပေါ်လာမယ်ဆိုရင် ဒီကိစ္စတွေ အလိုလိုကျသွားမယ်။ ဒီဟာတွေ အလိုလို မဖော်ရင် ခုနက ကျနော်တို့ လက်နက်ကိုင်တိုက်ပွဲတို့ ပစ်ခတ်တိုက်ခိုက်မှုက ပိုပြီးများလာမယ်” ဟု နိုင်အောင်မငေးက ဆိုသည်။
( Nyein Nyein ၏ Venerable Myanmar EAO Leaders Plead for End to Fighting ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် –
တိုက်ပွဲရပ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ် ဖိအားပေး
ငြိမ်းချမ်းရေး လိုချင်ကြောင်း စစ်ရှောင်ပြည်သူများ ပြော
ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့တွင် မွန်နှင့် လားဟူတို့ ပါဝင်လာ