ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှု ပမာဏ ၁ ရက်လျှင် အမေရိကန် ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံး၌ သြဂုတ် ၂၄ ရက်က ပြုလုပ်သော ၂၉ ကြိမ်မြောက် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒုသမ္မတ ဦးဆောင် သည့် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ၌ ပြောခြင်း ဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီးက “ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စကိုကြည့်မယ် ဆိုရင် ကုန်သွယ် ရေး ပြတ်တောက်သွားတဲ့ အတွက် ထိခိုက်နစ်နာမှု ရှိပါတယ်။ လာရှိုး- မူဆယ်၊ လားရှိုး – ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းက လောလောဆယ် မပြုနိုင်ပါဘူး။ ဒါကြောင့် ဒီ ၁၀၅ မိုင် တိုက်ပွဲ မဖြစ်ခင်ကဆို ဒေါ်လာ ၆ သန်း ဆောင်ရွက်နိုင်တယ်။ ပြောမယ်ဆိုရင် တန်ဖိုးအရ သွင်းကုန် ပို့ကုန်ကြီးမားစွာ ထိခိုက်မှုရှိတယ်” ဟု ပြောသည်။
မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်သည် ကုန်သွယ်မှုပြုလုပ်သည့် ပမာဏမှာ ပျမ်းမျှ ၁ ရက်လျှင် အမေရိကန် ဒေါ်လာ ၅ သန်းခန့် ပြုလုပ်နိုင်ပြီး သြဂုတ်လ ၁၉ ရက် နောက်ပိုင်းမှ စ၍ လက်ရှိအချိန်ထိ ၁ ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇ သိန်းခန့်သာ ပြုလုပ်နိုင်တော့ကြောင်း စီးပွား/ကူးသန်းမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောဆိုသည်။
ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်သည်လည်း တိုက်ပွဲ မဖြစ်ခင်က တရက်လျှင် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂ သန်းမှ ၃ သန်း အထိ ဆောင်ရွက်နိုင်ပြီး သြဂုတ်လ ၁၇ ရက် နောက်ပိုင်းမှစ၍ ယခုအချိန် ထိ လုံးဝရပ်တန့်သွားကြောင်း ၎င်းက ဆို သည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကုန်သွယ်မှုမှာ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းခန့် ရပ်တန့် နေကြောင်း သိရသည်။
ရှမ်းပြည် မြောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက်မှုကြောင့် ကုန်သွယ်မှုကဏ္ဍ သာမက သယ်ယူပို့ဆောင် ရေး ကုန်ကားပိုင်ရှင်များ၊ ကားသမားများ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ ခရီးသွားများ သွားလာရေး ရပ်ဆိုင်းရခြင်း ဖြစ်ကာ စီးပွား ရေးနှင့် လူမှုရေး လုပ်ငန်းများ ထိခိုက်နစ်နာကြောင်း ဒေါက်တာ သန်းမြင့်က ပြောဆိုသည်။
ပို့ကုန်ကဏ္ဍတွင် အရေးကြီးသော ကုန်စည်များ တင်ပို့မှု ကျဆင်းသကဲ့သို့ သွင်းကုန်ကဏ္ဍ၌လည်း အရေးကြီး သွင်းကုန် ပစ္စည်းများ ဖြစ်သော အထည်လိပ်လုပ်ငန်းသုံး ကုန်ပစ္စည်းများလည်း ပြတ်တောက်သွားကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒါက အဆိုးရွားဆုံးဖြစ်စဉ် ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ဆောင်ရွက်နေတာ ရှိတယ်။ အကောင်ဆုံး လုပ်သော်လည်း အလွယ်တကူ ဖြေရှင်းနိုင်မှု မရှိဘူး ဆိုတာ တွေ့ပါတယ်” ဟု ဒေါက်တာ သန်းမြင့် က ပြောသည်။
တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကုန်သွယ်မှု ပဏမာ ဆုံးရှုံးမှုမှာ မူဆယ် နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် သြဂုတ်လ ၁၉ ရက်မှ ၂၄ ရက် အထိ ၆ ရက် အတွင်း ဒေါ်လာ ၂၅ သန်းကျော် ဆုံးရှုံးခဲ့၍ ချင်းရွှေ ဟော် နယ်စပ်ကုန်သွယ်ရေးဇုန်မှာ သြဂုတ် ၁၇ ရက်မှ ၂၄ ရက် အထိ ၈ ရက်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ သန်းကျော် ဆုံးရှုံးလျက် ရှိကြောင်း စီးပွား ကူးသန်း စာရင်းများအရ သိရသည်။
မူဆယ် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးမင်းသိန်းက “သြဂုတ်လ ၁၅ ရက်က တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းကားတွေကလည်း မူဆယ်ကို အဝင်အထွက် မရှိဘူး။ အဲဒီတော့ မူဆယ်မှာ ကျန်တဲ့ ဆန်နဲ့ သကြားလောက်ပဲ နည်းနည်း ပါးပါးသွားလို့ ရတယ်။ တော်တော်လေး အရောင်းအဝယ် နည်းတယ်။ အဝင်လည်း မရှိ၊ အထွက်လည်း မရှိဘူး။ ဒီနေ့ထိပေါ့” ဟု ဧရာ ဝတီသို့ ပြောသည်။
လက်ရှိတွင် ကုန်စည်ဒိုင်၌ ကျန်နေသော ဆန်အိတ်ရေ ၃ ထောင်မှ ၄ ထောင်ခန့်သာ တရုတ်ဘက်သို့ တင်ပို့နေပြီး သွင်း ကုန်မှာမူ လုံးဝ ရပ်တန့်နေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ရှမ်းပြည်နယ်အသင်း အတွင်းရေးမှူး ဦးဝင်းအောင်ခန့် က “ကွတ်ခိုင်- နမ့် ဖတ်ကာ -ဟိုမိုး အဲဒီမှာ ပိတ်မိနေတယ်။ ဖြတ်လို့ မရဘူး။ ဟိုမိုးကနေ ၁၀၅ မိုင် အထိ ကုန်ကား အစီးရေ၂၈၀ နဲ့ ၊ ၁၀၅ မိုင် ကားဝင်းထဲမှာ အစီးရေ ၃၀၀ လောက် ပိတ်မိနေကြတယ်။ ဆုံးရှုံးမှုကျ နည်းနည်းပြောရခက်တယ်။ ပျက်စီးလွယ်တဲ့ ပုပ်သိုး ကုန်ဖြစ်တဲ့ မန္တလေးကနေ ပိုတဲ့ ငါးရှဉ့်တို့ ကဏန်းတို့ဆို လွှင့်ပစ်လိုက်ရပြီ။ ဒီဘက်နေသွားမယ့် ပန်းသီး၊ စပျစ်သီး ၊ လိမ္မော် သီး၊ အာလူးတို့ဆိုလည်း ပစ်လိုက်ရပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ကျန်ရှိသော ကုန်မာ ပစ္စည်းများမှာ မပျက်စီးသော်လည်း ကုန်ပစ္စည်း စီးဆင်းမှု မရှိသဖြင့် ကုန်နှုန်းဈေးများ မြင့်တက်လာ ပြီး ကုန်ကားများ ဖြတ်မရသောကြောင့် ကားသေးများဖြင့် ဖြတ်ရာတွင် ယခင် လာရှိုး-ကွတ်ခိုင်သွားပါက ၁ ယောက် ကျပ် ၁ သောင်းမှ ယခုအချိန်တွင် ကျပ် ၄ သောင်း အထိ ဖြစ်လာကြောင်း ၎င်းက ဆိုသည်။
မူဆယ် ကုန်သွယ်ရေးဇုန်မှာ မြန်မာနိုင်ငံအတွင်းရှိ ကုန်သွယ်ရေးဇုန်များ အနက် အကြီးဆုံး ဇုန်တခုဖြစ်ပြီး ကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်မှာ မူဆယ်ဇုန်မှ ပြုလုပ်ကြောင်း သိရသည်။
သြဂုတ်လ ၁၅ ရက်က ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ အမျိုးသားဒီမိုကရေစီ မဟာ မိတ် တပ်မတော်(MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA)တို့ ပူပေါင်းသည့် အဖွဲ့သည် ပြင်ဦးလွင်ရှိ စစ်သင်တန်း ကျောင်း အပါအဝင် နေရာ ၅ ခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်နှင့် ဖြစ်ပွားခဲ့ကာ လက်ရှိ အချိန်ထိလည်း ရှမ်းပြည် နယ် မြောက်ပိုင်းရှိ နေရာတချို့အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
ယခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းများ ဖြစ်သည့် ထိုင်း- မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း မြဝတီ- ဘားအံ – ရန်ကုန် လမ်းနှင့် ဒေသတချို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်သကဲ့သို့၊ တရုတ်နယ်စပ်လမ်းကြောင်းဖြစ်သည့် မန္တလေး- လားရှိုး- မူဆယ်လမ်းပေါ်တွင် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
You may also like these stories:
တိုက်ခိုက်မှုရပ်ရန် ဝါရင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ တောင်းဆို
သွေးစွန်းသော ပယင်း နှင့် အိမ်ပြန်ချင်သူများ
တိုက်ပွဲများ ဆက်တိုက်လိုပါက အသင့်ရှိဟု တပ်မတော်ပြော
ငြိမ်းချမ်းရေး လိုချင်ကြောင်း စစ်ရှောင်ပြည်သူများ ပြော