ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာသည် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တို့၏ တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။
ထို ရွာ ၄ ရွာမှာ ကောင်းခါး၊ မန်ပိန်း၊ ပန်နင်းနှင့် မန်လွယ် တို့ဖြစ်ပြီး ယခုလ ၁၈ ရက်နေ့မှ စ၍ ကွတ်ခိုင် အပါအဝင် တခြားနေရာများသို့ ဝင်ထွက်သည့် လမ်းများ ဖြတ်တောက်ခံထားရသဖြင့် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ရွာခံများက ပြောသည်။
အဆိုပါ ကျေးရွာ အုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးအိုက်လူက“စစ်ထဲမှာ ဖြစ်တဲ့ပြဿနာပေါ့။ ပြည်သူတွေလည်း သွားလာလို့ မရတဲ့ အခက်အခဲဖြစ်တာ။ ဖြစ်တဲ့အခါကြတော့ ဆန်လည်း ဝယ်လို့မရတော့ဘူး။ ကားတွေလည်း သွားလို့လာလို့ မရ တဲ့ အခါကြတော့ အခက်အခဲတွေ အများကြီးဖြစ်တာပေါ့”ဟု ပြောပြသည်။
ထို ကျေးရွာများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေး လမ်းကြောင်းကြီးဖြစ်သည့် ပြည်ထောင်စု လမ်းမ ကြီးဘေး ကွတ်ခိုင်နှင့် နမ့်ဖက်ကာ ကြားတွင်ရှိသည်။
ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ဖြစ်နေခြင်း၊ လက်နက်ကြီး ကျမှန် ပေါက်ကွဲသံများ ကြားနေရခြင်းနှင့် ရွာအပြင်တွင် မိုင်းများ ထောင်ထားသည်ဆိုသည့် သတင်းများကြောင့် ရွာသူ ရွာသားများမှာ ယခုလ ၁၈ ရက်နေ့မှစ၍ အပြင်သို့ မထွက်ရဲဘဲ ဖြစ်နေကြသည်။
ယင်းသို့သော အခြေအနေများကြောင့် ဆန်ဝယ်လှောင်ထားနိုင်သူများမှာ အခက်မအခဲ မရှိသော်လည်း လက်လုပ် လက်စား ရွာသူ၊ ရွာသားများမှာ ဆန်ပြတ်လပ်မှု ပြဿနာကို အဓိက ခံစားနေရကြောင်း သိရသည်။
ဒေသခံ မအားဟွေ က“ခါတိုင်းဆို ဈေးသည်တွေ၊ ဘာတွေ လာတော့ တမျိုးပေါ့၊ အခုအချိန်က ဈေးသည်တွေ ဘာတွေလည်း မလာနိုင်၊ ကားတွေလည်း မလာနိုင် မြင်တဲ့ အတိုင်းပဲ လမ်းမှာက တိရစ္ဆာန်တောင် မလျှောက်ရဲတဲ့ အနေအထားဆိုတော့ အစားအသောက်ကတော့ ပြတ်မှာပဲ”ဟု ပြောသည်။
အဆိုပါရွာသို့ ဧရာဝတီ အပါအဝင် သတင်းမီဒီယာ တချို့ရောက်ရှိသွားသည်မှာလည်း သေနတ်ဒဏ်ရာ ရရှိထားသည့် လူနာ ၄ ဦးအား အချိန်မီ ဆေးကုသနိုင်ရန် တပ်မတော်ထံ ခွင့်တောင်း၍ သွားရင်း လမ်းကြုံ အနေအထားဖြင့် ရောက်ရှိ သွားခြင်းဖြစ်သည်။
ကွတ်ခိုင်မြို့ပေါ်ရှိ ဗြဟ္မစိုရ်နှလုံးသား လူမှုညီရေး အသင်း အပါအဝင် အခြား လူမှုကူညီရေး အသင်းအဖွဲ့များက လူနာ များ သွားရောက် သယ်ဆောင်ရင်း ထိုကျေးရွာများကို ဆန်နှင့် စားနပ်ရိက္ခာတချို့ ကူညီပေးခဲ့ကြသည်။
ဒေသခံ ဒေါ်သောင်းရီ က“ဒီမှာက ဆန်ဆိုင်က ၂ ဆိုင်ပဲရှိတယ်။ ပြတ်သွားပြီး ရောင်းမယ့် လူလည်း မရှိတော့ဘူး။ ရှိသလောက်နဲ့ စားတယ်။ ရေစိမ် (ခေါက်ဆွဲ) ပဲလုပ်စားတယ်။ အခါတိုင်းက တပန်းကန် ကုန်တယ် အခုက တဇွန်းပဲ စားရတယ်။ ခြွေတာစားနေရတယ်”ဟု ရှင်းပြသည်။
တချို့မိသားစုများသည် ဆန်ပြတ်သွားသဖြင့် လက်ကျန် ဆန်များကို ချွေတာ၍ ပြုတ်စားနေကြရသလို အသီးအရွက် နှင့် ခေါက်ဆွဲများကို ပြုတ်စား၍ နေကြရသူများလည်း ရှိကြောင်း ရွာခံများက ပြောပြသည်။
ပိတ်မိနေသည့် ရွာထဲမှ အသက် ၅၀ ကျော် ရွာခံအမျိုးသမီးတဦးမှာ ယခုလ ၂၄ ရက်နေ့က ဟင်းသီးဟင်းရွက်ခူးရန် ရွာအပြင်ထွက်သွားရာမှ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း ထိုအဖြစ်အပျက်ကြောင့် ရွာသူရွာသားများ ရွာအပြင်သို့ သွားရန် ထိတ်လန့်နေကြသည်ဟု ဆိုသည်။
ဒေါ်သောင်းရီက“ဒီက ချောင်းထဲတောင် မသွားရဲဘူး။ မိုးရေပဲ ချိုးတယ်။ မိုးရေးပဲ သောက်တယ်။ ဒုက္ခရောက်တယ်” ဟု ပြောသည်။
တိုက်ပွဲများ၊ မိုင်းအန္တရာယ်များကြောင့် စိုက်ပျိုးထားသည့် စိုက်ခင်းများကိုလည်း ပစ်ထားရကြောင်း၊ အုပ်ချုပ်ရေးမှူးများ ကလည်း အပြင်မထွက်ရန် တားမြစ်ထားသဖြင့် မထွက်ရဲကြကြောင်း ရွာသူ၊ ရွာသားများက ရှင်းပြကြသည်။
ဒေသခံ ဦးအိုက်အောင်က“ဒီမှာဆိုရင်တော့ လက်နက်ကြီးတွေ ခဏခဏ တဒုန်းဒုန်းပဲ ပစ်နေတယ်။ အခု ၂ ရက် လောက် တော့ ရှိပြီ၊ မပစ်တဲ့ ရက် မရှိသလောက်ဘဲ။ အဲဒီတော့ ရွာသူရွာသားတွေက ကြောက်ကြတယ်။ တအား ဒုက္ခရောက်ကြတယ်”ဟု ပြောသည်။
ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာ အမျိုးသား ဒီမိုကရက် တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်က နောင်ချို နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ်ပြုလုပ်ခဲ့သည်။
ထို့ပြင် မူဆယ်-မန္တလေးကြား ကုန်သွယ်လျက်ရှိသော ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နောင်ချို မြို့ ဂုတ်တွင်း တံတားကို လည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး နှစ်ဖက် တိုက်ပွဲ များ ရင်ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။
ထိုတိုက်ပွဲများကြောင့်ပင် ကွတ်ခိုင်မြို့နယ်နှင့် လားရှိူးမြို့နယ်တို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် ၃ ထောင် ဝန်းကျင် ခိုလှုံနေကြရသည်။
You may also like these stories:
ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်ဖြစ်၊ ဒုက္ခသည် ၅၀၀ ခန့် ထပ်တိုး
ပြင်ဦးလွင် တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယဖြစ်ခံရသူ ၂ ဦး အဖမ်းခံရ
တိုက်ခိုက်မှုရပ်ရန် ဝါရင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ တောင်းဆို