ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းတွင် ဖမ်းဆီးခံထားရသည့် မြန်မာစာသင်ကျောင်းမှ ဆရာ- ဆရာမ ၃၂ဦး ကို ယနေ့ သြဂုတ်လ ၂၆ရက်နေ့တွင် ပြန်လည် လွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။
ဖြစ်စဉ်မှာ ရနောင်းမြို့ရှိ “ရနောင်းဌာနီ” မြန်မာစာသင်ကျောင်းမှ ဆရာ၊ ဆရာမ ၃၂ဦးကို ထိုင်း အာဏာပိုင်များက သြဂုတ်လ ၂၄ ရက်နေ့က ဝင်ရောက်စစ်ဆေးကာ ခွင့်ပြုချက်မရှိဘဲ စာသင်ကြား သည့် အလုပ်ကို လုပ်ကိုင်မှုဖြင့် ရနောင်းအလုပ်သမားနှင့် အလုပ်အကိုင် ရှာဖွေရေးဌာနက အမှုဖွင့် အရေးယူခဲ့ခြင်းဟု သိရသည်။
“ကျနော် အခုပဲ လဝကအရာရှိနဲ့ တွေ့ပြီး မေးလာတာ။ ဖမ်းထားတဲ့ ဆရာ၊ ဆရာမ ၃၂ ယောက်ကို ဒီညနေ အတတ်နိုင်ဆုံး လွှတ်ပေးဖို့ စီစဉ်ပေးမယ်လို့ ထိုင်းလဝကအရာရှိက ပြောပါတယ်” ဟု ထိုအမှု အတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် အလုပ်သမားရေးနှင့် မှတ်တမ်းတာဝန်ခံ၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ဦးမင်းဦးက ဧရာဝတီသို့ ပြောသည်။
“တခြားကျောင်းတွေကိုလည်း ဝင်စစ်တာရှိတယ်။ ဒီလိုတော့ မဖမ်းဘူး။ ဒါက အဖွဲ့စုံပါလာတယ်။ အလုပ်သမားနဲ့ အလုပ်အကိုင်ရှာဖွေရေးတွေ၊ နောက်စစ်တပ်၊ ရဲနဲ့ တခြားနယ်မြေခံ နယ်ခြားစောင့် တပ်တို့လည်း ပါတယ်။ သူတို့ကတော့ လဝကနဲ့ ညှိတယ်ပေါ့။ တရားဝင် အလုပ်လုပ်ခွင့်မရှိဘဲနဲ့ ဒီအလုပ်ကို လုပ်တယ်ဆိုပြီး ဖမ်းလိုက်တာဖြစ်တယ်”ဟု သူက ရှင်းပြသည်။
ထိုဖမ်းဆီးခံရသည့် ကျောင်းဆရာ၊ ဆရာမ ၃၂ ဦးအတွက် တဦးလျှင် ဒဏ်ငွေ အဖြစ် ထိုင်း ဘတ်ငွေ ၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ်ငွေ ၁၆၀၀၀၀ ကျော်ကိုလည်း ပေးဆောင်ရကြောင်း သိရသည်။
ရနောင်းရှိ မြန်မာအလုပ်သမားသံအရာရှိ အနေဖြင့် ၎င်းတို့ အမြန်ဆုံး လွတ်မြောက်ရေးနှင့် အဆင်ပြေ နိုင်ဆုံး ဖြစ်ရေး အတွက် သက်ဆိုင်ရာများ၊ မြန်မာသံရုံး နိုင်ငံခြားရေး ဌာနဘက်တို့မှ ကူညီရန် ဆောင် ရွက်နေပြီး၊ ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း FED နှင့်လည်း တိုင်ပင်ကာ ဥပဒေဘောင်အတွင်းမှ ကူညီပေးရန် လုပ်ဆောင်နေ လျက်ရှိ သည်။
ဒဏ်ငွေဆောင်ပြီးသည့်နောက် ပြန်လွတ်လာပါက အဆိုပါ ဆရာ၊ ဆရာမများအနေဖြင့် ရနောင်းတွင် ဆက်လက် နေထိုင်ခွင့်မရှိတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်လာကြရမည်ဖြစ်သည်။
အဆိုပါ ရနောင်းဌာနီ မြန်မာစာသင် ဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံသား ကျောင်းသား ၁၅၀၀ ခန့် တက်ရောက် ပညာသင်ကြား လျက်ရှိပြီး ကျောင်းအား မြင်းခြံ ဆရာတော်ကြီးမှ တာဝန်ယူ ထားကြောင်း၊ ရနောင်းမှ ထိုင်းဘုန်ကြီး ကျောင်း ၃ ကျောင်း၏ ဆရာတော်ကြီးများက ဝိုင်းဝန်း ကူညီပြီး ဖွင့်လှစ်ထားသည့် ကျောင်းလည်း ဖြစ်ကြောင်း သိရသည်။
ထိုကျောင်းများက တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ နယ်မြေခံများနှင့် နားလည်မှုယူကာ ဖွင့်လှစ် ထားသည့် ကျောင်းများဖြစ်ပြီး ထိုင်းတောင်ပိုင်းရှိ မြန်မာကလေး အများဆုံး တက်ရောက်သင်ကြား လျက်ရှိသည့် မြန်မာစာသင်ကျောင်း ဖြစ်သည်။
ယင်းကျောင်းတွင် မြန်မာစာ အထက်တန်းအထိ ပညာ သင်ကြားပေးလျက်ရှိပြီး အထက်တန်း စာမေးပွဲအား ကော့သောင်းဘက်ကမ်းတွင် သွားရောက် ဖြေဆိုကြရသည်။ ရနောင်းခရိုင်တခုလုံးတွင် ထိုကဲ့သို့ မြန်မာစာသင် ကြားပေးနေသည့် ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းရှိသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃.၅ သန်း ရှိပြီး ၁.၅ သန်းက တရားဝင်အလုပ်သမားဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ ပြောကြားချက်များ အရ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – မလေးရှားသို့ သွားရန် ခိုးဝင်လာသူ မြန်မာ ၁၀ဦးအား ထိုင်းရဲဖမ်း
လူကုန်ကူးခံရသည့် မြန်မာ ၆၂ ဦးကို ထိုင်းအစိုးရ လွှဲပြောင်း
ရနောင်း လူသတ်မှုမှ စွပ်စွဲခံရသူ မြန်မာများ အယူခံနိုင်၍ ပြန်လည်လွတ်မြောက်
ရနောင်း လူသတ်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာလူငယ်တဦး ထပ်မံ လွတ်မြောက်