သတင်း

ကယား အစိုးရ အဖွဲ့အား သစ္စာဖောက်ဟု စာထုတ်သူ ၆ ဦးကို တရားရုံး စွဲချက်တင်

Want create site? Find Free WordPress Themes and plugins.

ကယား ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ကရင်နီ အမျိုးသား သစ္စာဖောက်များ အဖြစ်ကြေညာမှုဖြင့် ဖမ်းဆီး ခံ ထား ရသည့် ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက ယနေ့ စွဲချက် တင်လိုက်ကြောင်း သိရသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ (နိုင်လွတ်လုံ) ပုဒ်မ ၁၀ နှင့် စွဲချက် တင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ အတွင်း လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံ၌ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် စိုက်ထူမှုအား သပိတ်စခန်း ဖွင့်ကာ ကန့်ကွက်ခဲ့ကြသည်ကို ပြည်နယ်အစိုးရက အင်အားသုံးဖြိုခွင်းသဖြင့် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးမော်မော်၊ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီဝင်များကို နိုင်ငံတော် ရာဇဝတ် ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူ များ အဖြစ် ကရင်နီ လူငယ်များက မတ်လတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့အတွက် မေလ၌ လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ နိုင်လွတ်လုံ ပုဒ်မ ၁ဝ ဖြင့် ကရင်နီ ပြည်သူ့အင်အားစု အဖွဲ့ဝင်များ ဖြစ်သည့် ကိုမျိုးလှိုင်ဝင်း(ခ) ပါစကားလွယ်၊ ကိုဒီးဒီ(ခ) စစ်မုန်း၊ ကိုဂျွန်ပေါ(ခ) ပျားလေး၊ ခွန်သောမတ်စ်၊ ခူးရီဒူး၊ ခွန်ဘားနဒ် တို့ကို ဖမ်းဆီးကာ တရားစွဲခဲ့သည်။

ဗိုလ်ချုပ် ကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး ကရင်နီ အမျိုးသား သစ္စာဖောက်များဟု စာထုတ်ခဲ့ခြင်းကို နောင်တမရဘဲ အမှန် တရားအတွက် ရှင်းလင်း ရင်ဆိုင်ရဲကြောင်း ကိုဒီးဒီက တရားခွင်အပြီး၌ မီဒီယာများကို ပြောဆိုသည်။

ကိုဒီးဒီက“ဒီအမှုအတွက် တကယ် အပြစ် ရှိ မရှိကို ဘယ်အချိန်မဆို ကျနော်တို့နဲ့ တရားလိုလုပ်သူက လာစကား ပြော ပါ။ ကျနော်တို့ နောက်ဆုံးပြောချင်တာက ကိုယ့်လူမျိုးစု သမိုင်းဆိုတာကို တစုံတရာ နစ်နာစေဖို့ ဖော်ထုတ်နေတာ မဟုတ်ပါဘူး။ အမှန်တရား အတွက် ပြောနေခြင်း ဖြစ်ပါတယ်။ အဲဒါကို ရာဇဝတ်မှု ဖြစ်တယ်လို့ ယူဆနေတဲ့ အာဏာ ရှိတဲ့ သူတွေကို ရဲရဲ ရင်ဆိုင်သွားပါ့မယ်”ဟု ဆိုသည်။

ယခုလို စွဲချက်တင်လိုက်ခြင်းသည် ဗိုလ်ချုပ်ကြေးရုပ် အပေါ် အခြေခံ ပြောဆိုလာကြပြီးမှ နောက်ကွယ်၌ အမျိုးသား ရေး နှင့် နိုင်ငံရေးများ ပါဝင်လာသည့် သဘောမျိုးတွေ့ရကြောင်း၊ နိုင်ငံရေးအရ ရင့်ကျက်မှု မရှိသည်ကို ပြသရာ ရောက် ကြောင်း နှင့် ကာယကံရှင်က တရားမစွဲဘဲ ထွေအုပ်ကို ခိုင်းစေခြင်းသည် ဥပဒေအရ ကိုက်ညီမှု မရှိကြောင်း ကယန်း အမျိုးသား ပါတီ (KNP) ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောဆိုသည်။

ခွန်ဘီထူးက“အခုက ဆန္ဒပြမယ်ဆိုရင်တောင် အပြင်းအထန် ဆန္ဒပြမှ ဖြစ်မယ့် သဘောဖြစ်လာပြီ။ ဒါဟာ ကောင်းမွန် တဲ့ အလားအလာတော့ မဟုတ်ဘူး။ စစ်တပ်ပဲဖြစ်ဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကပဲဖြစ်ဖြစ် လိုရင် လိုသလို၊ မလိုရင် မလိုသလို တရားစွဲလာတဲ့ဟာကို တရားရုံးကလည်း လက်ခံပေးရတဲ့ သဘော ဖြစ်လာပြီ။ တိုင်းရင်း သား တွေဘက်ကလည်း တရားမျှတမှု မရှိဘူးလို့ ခံယူလာကြပြီ။ ဒါဟာ မဖြစ်သင့်တော့ဘူး။ ပြေလည်အောင် ဖြေရှင်း လို့ရမယ့် နည်းလမ်းတွေ ရှိရဲ့သားနဲ့ ဖိနှိပ်နေတဲ့ သဘောဖြစ်လာပြီ”ဟု ဆိုသည်။

ထို့ပြင် တရားရုံးများ အနေဖြင့်လည်း ဖိအားအောက်တွင် အလုပ်လုပ်နေကြရသည့် သဘောမျိုးကို တွေ့ရကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် ကိုယ့်သမိုင်းကြောင်း ဖြန့်ဝေမှုများကို တရားစွဲခံရသလို ဗိုလ်ချုပ်ကြေးရုပ် ပြဿနာတက် စဉ် ညှိနှိုင်းဖြန်ဖြေပေးသူများက ကြားဝင် ဖြေရှင်းပေးခဲ့သော်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ အနေဖြင့် နားမထောင်ဘဲ လုပ်ချင်ရာကို လုပ်ခဲ့သဖြင့် ယခုလို ရှက်စရာ၊ စိတ်မကောင်းစရာ အဖြစ်ပျက်များ ဖြစ်လာရကြောင်း ၎င်းက ပြောသည်။

ယခုလို စွဲချက်တင်လိုက်သော်လည်း သက်သေခိုင်လုံစွာဖြင့် နိုင်လွတ်လုံ ဥပဒေအရ ပြစ်မှုမြောက်သည့် စွဲချက်များ မဟုတ် ဟု ယူဆကြောင်း၊ မိမိတို့ စာထုတ်ခဲ့သည်ဆိုရာတွင်လည်း တဦးတယောက်အပေါ် ရည်ရွယ်ပြီး ထုတ်ခဲ့ခြင်း မဟုတ်သလို ထိုထုတ်ပြန်ချက်ကိုလည်း သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့ထံသို့ ပေးပို့ခဲ့ခြင်း မရှိသည့် အတွက် ဥပဒေ အရ တရား မျှတ မှု မရှိဟု ခံစားရကြောင်း တရားစွဲခံထားရသည့် ကိုမျိုးလှိုင်ဝင်းက တရားခွင် အပြီး မီဒီယာများ ကို ပြောဆိုသွားသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် အရေးယူမှုများ တွင် အနိမ့်ဆုံး ပြစ်ဒဏ် ၆ လမှ အမြင့်ဆုံး ၃ နှစ် အထိ ပြစ်ဒဏ်ချမှတ်၍ ရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကယားပြည်နယ်ရှိ NLD မှ လွှတ်တော်ကိုယ်စားလှယ် တချို့က တရားဝင် မှတ်ချက်ပေး ရန် ငြင်းဆိုထားသည်။

တဖက်တွင် NLD ပါတီမှ ရွေးချယ်ထားသည့် အစိုးရဖြစ်သလို တဖက်တွင် တက်ကြွလှုပ်ရှားသူများ၏ ဆောင်ရွက်ချက် များ အပေါ် အစိုးရအဖွဲ့က ကိုင်တွယ်မှုပုံစံ မှားယွင်းနေသည့် အနေအထားမျိုး ရှိကြောင်း ဝေဖန်ပြောဆိုမှုများ ရှိသည်။

မေလ ၁၄ ရက်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ခန်းမတွင် နောက်ဆုံး အကြိမ် ပြုလုပ်ခဲ့သည့် ကရင်နီပြည်သူ အင်အား စုအဖွဲ့နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးချိန်တွင် အဆိုပါ ကန္ဒာဟေဝန်ပန်းခြံ အတွင်းရှိ ဗိုလ်ချုပ် ကြေးရုပ် ကို လုံးဝ ရွှေ့ ပြောင်းပေးမည် မဟုတ်ဟု ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲများ ပျက်ပြယ်ခဲ့သည်။

လွိုင်ကော်မြို့ ဗိုလ်ချုပ် ကြေးရုပ် ပြဿနာကြောင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးနိုင်ရေး ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ဖလိုးက ယခုနှစ် မတ်လ အတွင်းက ပြောကြားထားသည်။

You may also like these stories:

ကရင်နီလူငယ်များ ဆန္ဒပြမှုရပ်၊ အမှုများ ရုပ်သိမ်းပေးရန် သဘောတူညီမှုရ

ဗိုလ်ချုပ်ကြေးရုပ် ဆန္ဒပြသူများ လွိုင်ကော် NLD ရုံးရှေ့ သပိတ်စခန်းပြောင်းဖွင့်

ကယားပြည်နယ် ဝန်ကြီးချုပ် ရာထူးမှ ထုတ်ပယ်ပေးရေး သမ္မတထံ စာပို့မည်

စာပေနှီးနှောဖလှယ်ပွဲ ပိတ်ပင်ရန် ကယားပြည်နယ်အစိုးရ ဆုံးဖြတ်ချက် KNPP ကန့်ကွက်

Did you find apk for android? You can find new Free Android Games and apps.
Loading