ဘင်္ဂလားဒေ့ရှ် နိုင်ငံစခန်းများရှိ ဒုက္ခသည် အနည်းဆုံး ၁ သိန်းခန့်သည် တနင်္ဂနွေနေ့က စုဝေးခဲ့ပြီး လူ ၇၃၀,၀၀၀ ကျော် နယ်စပ်ဖြတ်ကျော် ထွက်ပြေးစေသော ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးများ စတင်သည့်နေ့ နှစ်နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် ကျင်းပခဲ့သည်။
သေဆုံးသွားသော ဆွေမျိုးများ အထိမ်းအမှတ် ဆုတောင်းပွဲအတွက် ကြီးမားသော လူအုပ်ကြီးသည် နံနက်ခင်းတွင် တောင်စောင်းတခု၌ စုဝေးခဲ့ကြသည်။
အခြားသူများကမူ ‘ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အမှတ်တရ” ဟု စာတန်း ရေးထိုးထားသော ရှပ်အင်္ကျီဖြူများ ဝတ်ဆင်ကာ ပူအိုက်သော နေရောင်အောက်တွင် ချီတက်ပြီး “တရားမျှတမှု လိုချင်တယ်”၊ “လူမျိုးတုံး သတ်ဖြတ်မှုတွေရပ်” ဟု သံပြိုင် အော်ခဲ့ကြသည်။
အာဏာရပါတီ အရာရှိတဦးကို သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်များက ဒုက္ခသည် နှစ်ဦးကို စနေနေ့တွင် သတ်ဖြတ်ခဲ့ပြီးနောက် စခန်းများတွင် တင်းမာမှုများ ဖြစ်ပေါ်နေစဉ် ထိုအထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ ကမ္ဘာ့ အကြီးမားဆုံး ဒုက္ခသည် အခြေစိုက် နေရာဖြစ်သော စခန်းများတွင် နေထိုင်သူ တသန်းကျော်ရှိနေသည်။ အများစုမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားသည့် မြန်မာ လုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ထွက်ပြေးလာခြင်း ဖြစ်သည်။ ထို စစ်ဆင်ရေးအတွင်း ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။
မြန်မာလုံခြုံရေး တပ်များနှင့် ဗုဒ္ဓဘာသာ အရပ်သားများသည် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးပြုလုပ်သည့် ရက်သတ္တပတ်များ အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်မှုများကို ကျူးလွန်သည်ဟု ဒုက္ခသည်များက ဆိုသည်။ မြန်မာနိုင်ငံက ထိုစွပ်စွဲချက်များကို ငြင်းဆန်ပြီး ရဲစခန်းများကို တိုက်ခိုက်သည့် အာဆာ သူပုန်များကို တရားဝင်စစ်ဆင်ရေး ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ပြောသည်။
“ကျမတို့အိမ်တွေ၊ ဆွေမျိုးတွေ၊ မြန်မာနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေကို သတိရတယ်” ဟု ရိုဟင်ဂျာ အမျိုးသမီးများ တိုးတက်ရေးနှင့် ထောက်ခံအားပေးရေး ကွန်ရက်ခေါင်းဆောင် ချီကူဖာက ပြောသည်။ ထိုအဖွဲ့သည် ဆန္ဒပြပွဲများအနက် အကြီးမားဆုံး ဖြစ်သော ယခုဆန္ဒပြပွဲကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
“ကျမတို့ သူတို့ကို ဒီနေ့ အရမ်းသတိရတယ်” ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံက ခွင့်ပြုသည့် ဒုက္ခသည် ၃၄၅၀ ကို စတင်ပြန်လည် ပို့ဆောင်ရန် အားထုတ်မှုများမှာလည်း ကြာသပတေးနေ့က မည်သူမျှ ပြန်ရန် သဘောမတူသောကြောင့် အောင်မြင်မှု မရှိခဲ့ပေ။
“ကျမတို့က ဘင်္ဂလားဒေ့ရှ်အစိုးရကို အရမ်း ကျေးဇူးတင်တယ်။ ဒါပေမယ့် ကျမတို့ ဒီမှာ လူလိုမနေရဘဲ၊ အိပ်တာ၊ စားတာလောက်နဲ့ တိရစ္ဆာန်လို နေထိုင်ကြရတယ်” ဟုလည်း ချီကူဖာက ပြောသည်။
ငြိမ်းချမ်းစွာပြုလုပ်သော ထိုဆန္ဒပြပွဲများတွင် ဒုက္ခသည် အနည်းဆုံး တသိန်းပါဝင်သည်ဟု ကော့ဗဇား ရဲတပ်ဖွဲ့၏ တွဲဖက်ရဲအုပ် အစ်ဗယ်လ် ဟိုစိန်က ရိုက်တာ သတင်းဌာနသို့ ပြောသည်။
သို့သော် စခန်း၏တောင်ပိုင်းတွင်မူ တင်းမာမှုများ မြင့်မားနေပြီး လုံခြုံရေးတပ်များသည် အာဏာရ အဝါမီ အဖွဲ့ချုပ်မှ လူငယ်တာဝန်ခံ အရာရှိ တဦးကို သတ်ဖြတ်မှုအတွက် သံသယရှိသူများကို လိုက်လံ ရှာဖွေနေသည်။
အိုမာဖာရက်မှာ တက်ခ်နက်အနီးရှိ စခန်းတခုအနီးတွင် ကြာသပတေးနေ့က သတ်ဖြတ်ခံရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ထို သေဆုံးမှုကြောင့် နောက်တနေ့တွင် အဓိကရုဏ်းများ ပေါ်ပေါက်လာပြီး ဒေသခံလူအုပ်က တာယာများကို မီးရှို့ခြင်း၊ ဒုက္ခသည်များ မကြာခဏလာလေ့ရှိသော ဆိုင်ခန်းများကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့သည်။
“အခြေအနေကတော့ အဲဒီဖက်မှာ တင်းမာနေတယ်” ဟု ဟိုစိန်ကပြောပြီး မိမိတို့ကိုယ်ကိုယ် မိမိတို့ ခုခံ ကာကွယ်ရန် ဒုက္ခသည် နှစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ပြောသည်။
“ဒီသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ တခြားသူတွေကို ဖမ်းဖို့ ကျနော်တို့ ဆက်လက် ကြိုးစားနေတယ်” ဟုလည်း သူက ပြောသည်။
လက်စားချေခံရမည်ကို ကြောက်သောကြောင့် အမည်မဖော်လိုသော ရိုဟင်ဂျာနှစ်ဦးက ထိုစခန်းမှ လူအများစု ထွက်ပြေးသွားပြီးဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ အရမ်း စိုးရိမ် ကြောက်လန့်နေရတယ်။ ဘာဆက်ဖြစ်မယ် မသိတော့ဘူး” ဟု စခန်းခေါင်းဆောင် တဦးက ပြောသည်။
ကိုးကား ။ ။ Reuters
ဆက်စပ်ဖတ်ရှုရန်
မြန်မာနိုင်ငံသည် မလွယ်ကူသည့် ကာလကို ဖြတ်ကျော်နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြော
UN အချက်အလက် ရှာဖွေရေး မစ်ရှင် အစီအရင်ခံစာ နိုင်ငံ့အကျိုးစီးပွား ပျက်ပြားရန် ရည်ရွယ်ဟု ဆို
ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်များ ပြန်လည် ဝင်ရောက်မှု မရှိသေး