မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကျောက်ပုံကျေးရွာ အနီး ကျောက်မီးသွေးတွင်းတခု၌ ရေဝင်မှုကြောင့် လုပ်သား ၄ ဦး တွင်းအတွင်း ပိတ်မိနေကြောင်း မင်းလှမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကိုက အတည်ပြု ပြော ဆိုသည်။
သြဂုတ်လ ၂၆ ရက်(ယနေ့) မနက်ပိုင်းတွင် အင်ကြင်းတောင် ကုမ္ပဏီလုပ်ကွက် အတွင်းရှိ ကျောက်မီးသွေးတွင်းတခုတွင် တောင်ပေါ်ရှိ ရေကန်မှ ရေများ ပေါက်ကျလာကာ တွင်းအတွင်းသို့ ဝင်ရောက်ခဲ့သည့်အတွက် မြေအောက်တွင်း အတွင်းရှိ လုပ်သား ၄ ဦးမှာ ပိတ်မိခဲ့ကြောင်း၊ ယခုအချိန်အထိ မြေအောက်တွင်း အတွင်းမှ ရေများကို စုပ်ထုတ်နေပြီး မြေသားများပါ ပိတ်ဆို့နေသည့် အခြေအနေ ရှိကြောင်း ၎င်းက ပြောသည်။
ဦးမောင်ကိုက “တွင်းတွေ ဝင်ပေါက်က ၄ ပေ ပတ်လည် တွင်းလေးတွေ။ အောက်ကိုဆင်းသွားတဲ့ ၄ ဦးက အပေါ်မှာ ဘာ ဖြစ်တယ်ဆိုတာ သိပုံမရဘူး။ တွင်းရှိတဲ့ တောင်ပေါ်က ရေကန်ရေတွေ ပေါက်ကျပြီး တွင်းထဲဝင်သွားတော့ သူတို့ ပြန် ထွက်ချိန် မရလိုက်ဘူး ဖြစ်ပုံရတယ်။ အခုထိ ရှာနေကြတုန်းပဲ။ မြေကြီးတွေပါ ပိတ်ဆို့သွားတော့ အကဲခတ်ရသလောက် အခြေအနေကောင်းမယ် မထင်ဘူး။ ရေဝင်သွားလို့ မွန်းပြီး သေရင်သေ၊ မြေကြီးတွေ ပိတ်လို့ အသက်ရူမရလည်း ဖြစ်နိုင် ခြေ ရှိတယ်” ဟု ဆိုသည်။
အဆိုပါ ပိတ်မိနေသည့် ကျောက်မီးသွေးတွင်း လုပ်သား ၄ ဦးသည် မင်းလှမြို့မြောက်ရပ်ကွက်မှ ကိုအောင်ချမ်းသာ (၁၆နှစ်)၊ ကျောက်ထောင် ရွာနေ ကိုနိုင်ထက်ဦး(၂၀နှစ်)နှင့် ကိုစိုးအောင်(၁၉နှစ်) လှံကားရွာနေ ကိုပိုင်စိုးဝင်း(၂၈နှစ်) တို့ ဖြစ်ကြောင်း သိရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်လျက်ရှိပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ရုံံးချုပ်များမှလည်း လာရောက် စိစစ်စစ်ဆေးသွားရန် အစီအစဉ် ရှိကြောင်း မကွေးတိုင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဌာနမှ ဦးစီးမှူးဖြစ်သူ ဦးဇော်ဇော်လင်းက ပြော သည်။
မင်းလှမြို့နယ်တွင် ကျောက်မီးသွေးတွင်း တူးဖော်သည့် ကုမ္ပဏီပေါင်း ၂၀ ရှိသော်လည်း ယခုလို သဘာဝဘေးကြောင့် ထိ ခိုက်ခဲ့သည့် ဖြစ်ရပ်သည် ယခုနှစ် အတွင်း ပထမဦးဆုံး ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်ပုံကျေးရွာ အနီးတွင် ကုမ္ပဏီ လုပ်ကွက် ၈ ခုနီးပါး ရှိခဲ့ရာ ယခုဖြစ်စဉ်တွင် ကုမ္ပဏီအချင်းချင်းမှ ဝိုင်းဝန်း ကူညီနေကြကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ဦးဇော်ဇော်လင်းက “အဲဒီအနီး ၂ မိုင်ပတ်ချာလည်မှာ ကုမ္ပဏီ ၈ ခုလောက် ရှိတယ်။ တချို့ကတော့ လုပ်ကွက် သက်တမ်း ကုန်လို့ ခဏရပ်နားပြီး သက်တမ်းတိုးနေကြသလို တချို့ကလည်း မိုးတွင်းဆိုတော့ သိပ်အလုပ်မလုပ်တဲ့ အနေအထားမျိုး လည်းရှိကြတယ်။ အင်ကြင်းတောင် ကုမ္ပဏီက နိုင်ငံတော်ကနေ တရားဝင် ခွင့်ပြုချက်ပေးထားတဲ့ ကုမ္ပဏီတခုပါ။ သူတို့ တာဝန်ရှိသူတွေလည်း အခုဖြစ်ရပ်မှာ တော်တော်လေး လုပ်နေတဲ့အကြောင်း ကျနော်တို့ဆီ သတင်း လှမ်းပို့ထားပါတယ်” ဟု ဆိုသည်။
အင်ကြင်းတောင် ကုမ္ပဏီသည် ၂၀၁၅ -၁၆ ခုနှစ်တွင် တရားဝင် ခွင့်ပြုမိန့်ကျခဲ့သည့် ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီ ဖြစ်ပြီး ယခုဖြစ်စဉ် အတွက် အတိအကျ စီမံခန့်ခွဲပေးနိုင်ရန် ကုမ္ပဏီ၏ တာဝန်ရှိသူများ ကိုယ်တိုင် အခင်းဖြစ်နေရာသို့ သွား ရောက်နေကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။
ထို့ပြင် ကျောက်မီးသွေးတွင်း နေရာရှိ တာဝန်ခံများနှင့် တွေ့ဆုံ ဆွေးနွေးကာ နောင်တွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်ပွားစေ ရေး၊ တခြားကုမ္ပဏီများ၏ ကျောက်မီးသွေးတွင်းများနှင့် ပတ်သက်သည့် ထိုဖြစ်ရပ်များ မဖြစ်ပေါ်ရေး အတွက် ကြိုတင် ကာကွယ်မှုများပါ လုပ်ကိုင်သွားမည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အင်ကြင်းတောင် ကုမ္ပဏီ တာဝန်ရှိသူက “အခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျနော်ကိုယ်တိုင် ကျောက်မီးသွေးတွင်း နေရာကို မရောက်သေးတဲ့အတွက် အသေးစိတ်တော့ ပြောဖို့ ခက်နေသေးတယ်။ ဒါပေမယ့် နောင်ဒါမျိုး ထပ်မဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာတော့ ကျနော် စီမံသွားမှာပါ။ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ခံစားခဲ့ရတဲ့ အလုပ်သမားတွေ အတွက် လည်း သူတို့ နစ်နာမှုတွေကို အပြည့်အဝ ဖြည့်ဆည်းပေးသွားမှာပါ” ဟု ဆိုသည်။
မကွေးတိုင်းတွင် ဆောမြို့နယ် အတွင်း ၂၀၁၈ ခုနှစ်ကလည်း ကျောက်မီးသွေးတွင်းမှ ဓာတ်ငွေ့များ ထွက်လာပြီး တွင်းပြို ကျခဲ့သဖြင့် လူ ၈ ဦးခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးသည်။
အဆိုပါ ဖြစ်စဉ်တွင် လူ ၅ ဦး၏ ရုပ်အလောင်းကိုသာ ရှာဖွေ တွေ့ရှိနိုင်ပြီး ထပ်မံ ပြိုကျနိုင်သည့် အန္တရာယ်ရှိသည့် အတွက် ရုပ်အလောင်းများ ရှာဖွေရေးကို ရပ်တန့်ခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကလေးမြို့ ကျောက်မီးသွေးတွင်း ဂက်စ်အိုး ပေါက်ကွဲမှု ၄ ဦး သေဆုံး