မြန်မာနိုင်ငံတွင် အခွန်အကောက်မှ ရရှိသည့် ငွေဖြင့် ရပ်တည်နိုင်သော အစိုးရ ဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (စီမံ/ဘဏ္ဍာ) မှ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
သြဂုတ် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အစိုးရ အဖွဲ့မှ ပေးပို့သော ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေ စာရင်းနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံ စာ (၁၂/၂၀၁၉) ဆွေးနွေးချက်အပေါ် လာရောက် ရှင်းလင်း စဉ် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက“အခွန်အကောက်ရငွေနဲ့ ရပ်တည်နိုင်မယ့် အစိုးရဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရာမှာ အခွန်စနစ် ပြုပြင်ပြောင်းလဲရေးတွေ၊ အခွန်အကောက်ရငွေများ နည်းလမ်းတကျ တိုးတက်ရရှိရေးအတွက် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုပါတယ်”ဟုလည်း ပြောသည်။
အခွန် အမှတ်တံဆိပ် ကပ်နှိပ်ပေးခြင်း မရှိသည့် စားသောက်ဆိုင်များ ပိုမိုလိုက်နာနိုင်ရန် ယင်းအပေါ်တွင် လိုက်နာရန် ပျက်ကွက် ခြင်း အတွက် ဒဏ်ကြေးငွေများ တိုးမြှင့်သတ်မှတ်ရန် ၂၀၁၉ အခွန်အကောက် ဥပဒေတွင် တင်ပြထားပြီး ဖြစ်ကြောင်း၊ စီးကရက် အစ ရှိသည့် အထူးကုန်စည်ခွန် နှုန်းထားများကို ငွေကြေးဖောင်းပွမှုနှုန်း အပေါ် မူတည်၍ နှစ်စဉ် တိုးမြှင့်ဆောင်ရွက်လျက် ရှိ ကြောင်းလည်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။
NLD အစိုးရ လက်ထက်တွင် အခွန်များ ပိုမို ရရှိသည်ဟု စာရင်းများ အရ သိရသော်လည်း ရရှိသည့် အခွန်များမှာ ဝန်ကြီးဌာနများမှ လုပ် ငန်းများ လုပ်သည့်အခါ အစိုးရကို ပြန်လည် ပေးဆောင်ရသည့် အခွန် များနေကြောင်း၊ ပြည်သူလူထုထံမှ အမှန်တကယ် ရရှိ သည့် အခွန် နည်းပါးနေသဖြင့် ဌာနအချင်းချင်း အိတ်ကပ် ပြောင်းထည့်သည့် သဘောဖြစ်နေကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီ အဖွဲ့ဝင်ဟောင်း ဦးအောင်လှိုင်ဝင်းက ထောက်ပြသည်။
မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်လှိုင်ဝင်းက“သိသာတာ တခုဆိုရင် ဗိုလ်ချုပ်ပိုက်ဆံ ရိုက်တယ်ဆိုရင် ဗဟိုဘဏ်က အမြတ်ရတယ် ပြောတာပေါ့။ အဲဒီ ဗဟိုဘဏ်ကိုပေးရမယ့် ပိုက်ဆံက အစိုးရက ပေးတာပေါ့။ အဲဒါ အခွန်ရတဲ့ နေရာမှာ သွားပြီးတော့ အခွန်ပိုရတယ်ဆိုပြီး ပြထားတယ်။ ဒါတွေကတော့ မဖြစ်သင့်ဘူးပေါ့”ဟုလည်း ပြောဆိုသည်။
ထိုသို့ အခွန်အကောက်ရငွေဖြင့် အစိုးရ တရပ် တည်ထောင်လိုပါက အခွန်ဆောင်သည့် ပြည်သူများကိုယ်တိုင်က လိုလို လားလား ဖြင့် အခွန်ဆောင်ရန် လိုအပ်ကြောင်း၊ ရရှိထားသည့် အခွန်များမှ ပြည်သူများ၏လိုအပ်ချက်များကို ဝန်ဆောင် မှုအနေဖြင့် ပြန်လည် ဖြည့်ဆည်းပေးမှသာလျှင် အခွန်စည်းကြပ်မှု ရှင်သန်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကလည်း ဧရာဝတီသို့ ပြောသည်။
၎င်းက“ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာ ပြည်သူရဲ့အခက်အခဲကို တင်ပြတဲ့အခါ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ ဒီလို ဝန်ဆောင်မှု မျိုး တွေလည်း လိုအပ်တယ်။ ဒါမှ ပြည်သူနဲ့အစိုးရကြား အခွန်စနစ်က ပိုပြီးတော့ရှင်သန်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီတိုင်းပြည်ကြီး ကို အခွန်စနစ် ဖွံ့ဖြိုးပြီးသား နိုင်ငံလို သွားဖို့ ဆိုတာတော့ အချိန်အများကြီး ယူရဦးမှာ ဖြစ်ပါ တယ်။ တချို့ နေရာတွေမှာဆိုရင် ဝန်ထမ်း တွေက အမုန်းမခံကြဘူး။ ဝင်ငွေခွန် သွားကောက်တယ်။ ဝင်ငွေက တကယ် ဆောင်ရမယ့် ပမာဏကို ပြောသော်လည်းပဲ အခွန်ထမ်းက မဆောင်ချင်ဘူး။ အခွန်ရှောင်ချင်တယ်။ ဒီလို ယဉ်ကျေးမှု ကြီးကို မြှင့်တင်ဖို့ဆိုတာက တော်တော် လုပ်ယူရဦးမယ်။ နည်းနည်းပါးပါး လုပ်ယူလို့ မရဘူး”ဟု ဆက်ပြောသည်။
နေပြည်တော်မှ စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သူ ဦးနန္ဒကျော်ကလည်း“နိုင်ငံတကာနဲ့ ယှဉ်ပြီး အခွန်ကိုကောက်ချင် တယ်။ နိုင်ငံ တကာ ဝန်ဆောင်မှုကျတော့ သူတို့ မပေးနိုင်သေးဘူး။ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ပြည်သူ ကို ပေးတဲ့ ဝန်ဆောင်မှု တွေ ပေးဖို့လိုတယ်”ဟု ပြောဆိုသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ နောက်ဆုံး ထုတ်ပြန်ထားသည့် စာရင်းတွင် မြန်မာ နိုင်ငံ ၌ မှတ်ပုံ တင်ထားသည့် ကုမ္ပဏီပေါင်း ၈ သောင်းကျော် ရှိသော်လည်း ကုမ္ပဏီ ၃၆၀၀၀ ခန့်သာ အခွန်ဆောင်နေ ကြောင်း ဖော်ပြထားသည်။
အခွန်စနစ်ကို မှီခိုမှသာလျှင် တိုင်းပြည် တည်ငြိမ် တိုးတက်မည် ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏ အခွန်သည် တိုင်းပြည် အတွက် အင်အားတရပ် ဖြစ်ကြောင်း၊ အစိုးရ၏ အသုံးစရိတ် အတွက်သာ အခွန်ကောက်ခံခြင်း မဟုတ်ဘဲ ညီညွတ်မျှတသည့် အရ အသုံး ငွေကြေးစနစ်ကို ဖော်ဆောင်ပြီး ငွေကြေး လည်ပတ်မှု မှန်ကန်စေရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံ တော် သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီလ ၂၄ ရက်က နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပခဲ့သည့် ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ် အတွက် ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်သည့် အခမ်းအနားတွင် ပြောကြားထား သည်။
You may also like these stories:
ICRC အဖွဲ့၏ ကား ၅ စီး အခွန် ကင်းလွတ်ခွင့်အပေါ် တပ်မတော် မေးခွန်းထုတ်
လုပ်ငန်းရှင်ကြီးများ၏ အခွန်အခ နိုင်ငံကို အင်အား ဖြစ်စေဟု သမ္မတ ပြော
အခွန်နှင့် ဘဏ်တိုး လျှော့ချရေး နိုင်ငံအဆင့်သို့ တင်ပြထား ဟုဆို
ပြည်သူ့ ဘဏ္ဍာ အခွန် ငွေများ ပရမ်းပတာ မသုံးရန် NLD အမတ်ပြော