ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အတွက် အစိုးရက ဖွဲ့စည်းပေးမည့် အလုပ်အဖွဲ့နှင့် NCA ထိုးထားသည့် ၁၀ ဖွဲ့မှ အလုပ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရသည်။
နှစ်ဖက် အလုပ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ဒုတိယပတ်ထဲ၌ ရန်ကုန်မြို့တွင် ကျင်းပနိုင်ရန် ကိုယ်စားလှယ် များ ညှိနှိုင်းနေကြကြောင်း သိရသည်။
RCSS/SSA မှ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းက“ဒုတိယပတ်လို့ ကြားတယ်၊ ဒီဘက်က ပြင်ဆင်ထားတဲ့ တစ်ဆို့မှု ကျော်လွှားရေးကိစ္စနဲ့ အစိုးရ အဆိုပြုချက် ၄ ချက် ညှိနှိုင်းဖို့ရှိတယ်။ ဒီ ၂ ခုပဲ ဆွေးနွေးဖို့ရှိမယ် အဓိက”ဟု ပြောသည်။
၎င်းက ဆက်လက်၍“ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေး ကိစ္စကတော့ မပါနိုင်လောက်ဘူး၊ အပစ်ရပ်ခိုင်မာရေး နဲ့ JMC ကိစ္စနဲ့ NCA အကောင်အထည် ဖော်ဆောင်ရေး ကိစ္စတွေပါတယ်။ လောလောဆယ် ဒီလောက်ပဲ ပြောနိုင်တယ်” ဟု လည်း ပြောဆိုသည်။
အစိုးရနှင့် နီးစပ်သူ တဦးကမူ အစိုးရ၏ အလုပ်အဖွဲ့နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားသည့် ၁၀ ဖွဲ့မှ အလုပ်အဖွဲ့တို့ စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တွင်တွေ့ဆုံ၍ ဆွေးနွေး နိုင်ရေး ညှိနှိုင်းနေကြပြီး ရှေ့လုပ်ငန်းစဉ်များ မည်ကဲ့သို့ သွားမလဲဆိုခြင်း အပါအဝင် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ နိုင်ရေး အပေါ်လည်း ညှိနှိုင်းနိုင်ခြေ ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“၁၀ ဖွဲ့နဲ့ တွေ့ပြီး ရှေ့လုပ်ငန်းစဉ် ဘယ်လိုသွားမလဲညှိဖို့ရှိသလို ခေါင်းဆောင်တွေ တွေ့ဖိုကိစ္စလည်း ပါနိုင်တယ်လို့ ကြားတယ်၊ အောက်တိုဘာ ၁၅ ရက်က NCA နှစ်ပတ်လည်နေ့ဆိုတော့ ခေါင်းဆောင်တွေ လာကြမှာပေါ့။ အဲဒီအချိန် တွေ့ဖို့ အခွင့်အရေး ရနိုင်တယ်လေ၊ ခေါင်းဆောင်ချင်း တွေ့တဲ့အခါ ညှိရမယ့်အချက်တွေကို ညှိတာမျိုးလည်း ဖြစ်နိုင်ပါ တယ်။ သူတို့(EAO) ဘာပြောချင်သလဲဆိုတာ နားထောင်ပြီး ညှိရမှာပေါ့။ အဲဒီလိုကြားတယ်”ဟု ၎င်းက ပြောဆိုသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အပစ်ရပ် ၁၀ ဖွဲ့မှ အလုပ်အဖွဲ့တဖွဲ့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်က တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေး လမ်းကြောင်း ၄ ရပ်ကို PC က ချပြဆွေးနွေးခဲ့သည်။
သြဂုတ်လ ၂၀ ရက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများကနေ ယာယီရပ်ဆိုင်း ထားသည့် KNU ကိုယ်စားလှယ်များနှင့် နံနက်ပိုင်း၌ PC ကိုယ်စားလှယ်များက တွေ့ဆုံ၍ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေး ခဲ့ကြ သလို နေ့လယ်ပိုင်းမှာ JMC အဆင့်ဆင့် အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီ ရပ်ဆိုင်း ထားသည့် RCSS ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အစည်းအဝေး စတုတ္ထ အကြိမ်မြောက်ကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်မှ ၂၅ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ကြပြီး အစိုးရနှင့် ဆက်ဆွေးနွေးနိုင်ရန် အလုပ်အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းပေးလိုက်သည် ဟု ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် NCA အကောင်အထည်ဖော်မှု အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် အခက် အခဲများကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် “NCA အကောင်အထည်ဖော်မှု မူဘောင်” တရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရနှင့် ဆွေးနွေးသဘောတူညီမှု ရယူရန် အတည်ပြု ချမှတ်နိုင်ခဲ့ကြသည်ဟု ဖော်ပြထားသည်။
“အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားရန် အပစ်ရပ် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သည့် “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့” နှင့် “အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့” ဟူ၍ အလုပ်အဖွဲ့ ၂ ဖွဲ့ကို ယခု PPST အစည်း အဝေးက ဖွဲ့စည်း ခဲ့ကြသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့သည် ၂၀၁၅ ခုနှစ်၊အောက်တိုဘာလ ၁၅-၁၆ ရက်များက ၁၀+၁၀ ထိပ်သီး အစည်းအဝေးတွင် ခွဲမထွက်ရေး ကတိပြုပေးရန် နှင့် တခုတည်းသော တပ်မတော် လက်ခံပေးရန် အစိုးရ၊ တပ်မတော်၏ အဆိုပြုချက်အပေါ် သဘောထားကွဲလွဲကာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလများ ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများ တက်ရောက်နေခြင်း ကို ယာယီ ရပ်ဆိုင်း ထားသည်။
ထိုသို့ ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး စတုတ္ထ အကြိမ်ကို မကျင်းပနိုင်ဘဲ ဖြစ်နေသကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၊ NCA အကောင် အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) စသည့် အစည်းအဝေးများ မကျင်းပနိုင်ဘဲ ဖြစ်နေသည်မှာ ယနေ့အထိပင် ဖြစ်သည်။
အဆိုပါ အခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့မှ အလုပ်အဖွဲ့တို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။
လက်ရှိ NCA ထိုးထားသည့် အဖွဲ့များမှာ RCSS၊ KNU၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ကြသည်။