တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့်ဇနီးသည် မြန်မာသမ္မတနှင့် ဇနီး၏ဖိတ်ကြားချက် အရ စက်တင်ဘာလ ၃ ရက်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် (ချစ်ကြည်ရေးခရီးစဉ်) လာရောက်မည် ဖြစ်သည်။
အဆိုပါခရီးစဉ်သည် အရှေ့တောင်အာရှ နိုင်ငံများသို့ မွန်း၏ ၆ ရက်ကြာ ဒေသတွင်း ခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် ရောက်ရှိလာမည်ဖြစ်သည်။ ၎င်းသည် မြန်မာနှင့်လာအိုသို့ မလာရောက်မီ ထိုင်းနိုင်ငံသို့ ဦးစွာပထမ သွားရောက် လည်ပတ်ရန် စီစဉ်ထားသည်။
၎င်း၏ခရီးစဉ်သည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ အထူးအစည်းအဝေး အတွက်လည်း ဦးတည် ရည်ရွယ်မည်ဖြစ်သည်။ တောင်ကိုရီးယား ယွန်ဟက် သတင်းဌာန၏အဆိုအရ မွန်း အစိုးရ လက်ထက်တွင် အာဆီယံနှင့် ဆက်ဆံရေး တိုးတက်လာစေရန် ကြိုးပမ်းလျှက်ရှိရာ သံတမန်အရေး အပေါ်အခြေခံ၍ ချဲ့ထွင်သည့် တောင်ကိုရီးယား၏ “တောင်ဘက်သို့ မူဝါဒသစ်” ကို အလေးပေး အကောင်အထည် ဖော်နေသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အခါ မွန်းသည် ပြည်ထောင်စုသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
နှစ်နိုင်ငံစလုံးအတွက် ရေရှည် တည်တံ့ပြီး နှစ်ဘက် အကျိုးဖြစ်ထွန်းသည့် win-win growth ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်သည့် တောင်ကိုရီးယား လုပ်ငန်းများ တိုးတက် လာစေရေးအတွက် အထောက်အကူပြုပြီး စနစ်တကျ ဖြစ်စေရေးတို့ကို ဆွေးနွေးသွားကြရန် စီစဉ်ထားကြောင်း ကိုရီးယား သမ္မတရုံးဖြစ်သည့် အိမ်ပြာတော် (Blue House) က သတင်း ထုတ်ပြန်သည်။
တောင်ရီးယား သမ္မတဟောင်း ချန်ဒူးဝမ်၏ ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံသို့ လာရောက်စဉ်က လုပ်ကြံရန် ကြိုးစားခံခဲ့ရသည့် ခရီးအပြီးတွင် မွန်းသည် မြန်မာသို့ ဒုတိယမြောက် လာရောက်သည့် တောင်ကိုရီးယား သမ္မတဖြစ်သည်။ သမ္မတဟောင်း လီမြောင်ဘတ်သည် ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။
လတ်တလော အနေအထားတွင် နှစ်နိုင်ငံစလုံးသည် စီးပွားရေးနှင့် ကုန်သွယ်ရေး ကူးလူးဆက်ဆံနေမှုကို မြှင့်တင်ရန် ကြိုးစားလျှက်ရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဆုံချက် ဖြစ်သည့် ရန်ကုန်မြို့တွင် တောင်ကိုရီးယားက ရန်ကုန်မြစ် တဖက်ကမ်းနှင့် မြို့လယ်သို့ ချိတ်ဆက်ပေးမည့် တံတားတစင်းကို ယခုအခါ တည်ဆောက်နေဆဲ ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံအနေဖြင့် ရန်ကုန်မြို့ ဆင်ခြေဖုံးများရှိ စက်မှုဇုန် များတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နေသည်။
မြန်မာအစိုးရ ထုတ်ပြန်သော အချက်အလက်များအရ တောင်ကိုရီးယားသည် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသူများ ထဲတွင် ဆဋ္ဌမအကြီးဆုံး နေရာတွင် ရပ်တည်နေကြောင်း သိရသည်။ ပြီးခဲ့သည့် လကုန်ပိုင်းက မြန်မာနိုင်ငံသို့ တောင်ကိုရီးယားလုပ်ငန်း ၁၇၇ ခုတို့က အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၆၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။
ဆက်စပ်ဖတ်ရှုရန်
ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် ဂျပန်နိုင်ငံကို တောင်ကိုရီးယား ခရီးသွား ဝင်ရောက်မှု ကျဆင်း
ကိုရီးယား လူသုံးကုန်ပစ္စည်းတွေအတွက် အင်အားကောင်း မားကတ်တင်းလက်နက် ဖြစ်လာတဲ့ K-pop
မျိုးဆက်သစ် Galaxy Note 10 နဲ့ Galaxy Note 10+ စမတ်ဖုန်းတွေကို Samsung မိတ်ဆက်