ပြည်တက္ကသိုလ်တွင် (အဝေးသင်)တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသား ၁၃ ဦး အား ဝန်ထမ်းတဦးမှ ကျောင်း အပ်ပေး မည်ဆိုကာ ကျောင်းအပ်ခ၊ စာအုပ်ဖိုးနှင့် ကျူရှင်ခအဖြစ် တောင်းခံ ထားသည့် ငွေကြေးများကို လိမ်လည်သည့် ဖြစ်ရပ် တခုဖြစ်ပွားကြောင်း သိရသည်။
ထိုသို့ပြုလုပ်သွားသူမှာ ပြည်တက္ကသိုလ် ပစ္စည်းဌာနမှ ပစ္စည်းထိန်း (၃) အဆင့်ရှိသူ တဦးဖြစ်ပြီး ကျောင်းအပ်ပေး မည် ဆိုကာ ယခုနှစ် မတ်လက Wave Money ဖြင့် ငွေလွှဲပေးခဲ့ရကြောင်း၊ ကျောင်း ဖွင့်သည့်အခါ တက်ရမည့်စာရင်းတွင် နာမည်မပါမှ လိမ်လည်ခံရသည်ကို သိရကြောင်း ကျောင်းသား များက ယမန်နေ့က ပြည်တက္ကသိုလ်ကျောင်းသား သမဂ္ဂ ရုံးခန်းတွင် ရှင်းလင်းပြောကြားခဲ့သည်။
ယခင်နှစ်များကလည်း အဆိုပါဝန်ထမ်းမှပင် ကိုယ်စား ကျောင်းအပ်ပေးခဲ့ဖူးပြီး၊ ယခုနှစ် ကျောင်းအပ် ပေးမည်ဆိုကာ ယင်းငွေကြေးများကို သုံးစွဲပစ်ခဲ့သဖြင့် ကျောင်းသား/သူ ၁၃ဦးမှာ ကျောင်းမတက်ရ သောကြောင့် တနှစ် နစ်နာကြောင်း ၊ ထို့အတွက် ကျောင်းပြန်တက်ခွင့် ပြန်ပေးစေလိုကြောင်း ဒုတိယနှစ်ကျောင်းသူ မဇူးငယ်ငယ်အောင် က ဧရာဝတီကို ပြောသည်။
“အရင်နှစ်ကလဲ သူပဲ အပ်ပေးခဲ့တာ အစဉ်ပြေတယ်။ ဟိုကနေ Wave Money နဲ့ ငွေလွဲပေးလိုက်ရုံပဲ၊ အလုပ်တဘက်နဲ့ ဘယ်လိုမှ မအားလို့ သူကလည်း သူအပ်ပေးမယ်ဆိုပြီး ပြောလို့ အပ်ခိုင်းလိုက်တာ။ အလိမ်ခံလိုက်ရတဲ့ငွေက ပြန်ရှာလို့ ရတယ်၊ ပညာရေး တနှစ်နောက်ကျသွားမှာကိုပဲ စိုးရိမ်တာ၊ ဘွဲ့ရရင် တနှစ်ဆိုလဲ တခြာအလုပ်တွေလျှောက်ဖို့ အရမ်း နောက်ကျရတယ်။ ညီမလိုပဲ သူငယ်ချင်း ၁၃ ယောက်လုံးနစ်နာခဲ့ရလို့ ကျောင်းတက်ခွင့်ပြန်ရချင်ပါတယ်။” ဟု မဇူငယ်ငယ်အောင်က ဆက်ပြော သည်။
အဆိုပါ အဝေးသင်တက္ကသိုလ်ကျောင်းသူကျောင်းသား ၁၃ ဦးမှာ ကျောင်းတက်ခွင့် တနှစ်နစ်နာခဲ့ရပြီး ကျောင်းသားတဦး လျှင် ကျပ် ၇ သောင်းမှ ကျပ် ၁ သိန်းကျော်လောက်အထိ ပေးသွင်းခဲ့ရကြောင်းနှင့် ကျောင်းပြန်တက်ခွင့်ရရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနကို အသနားခံစာတင်ပြတောင်းခံသွားရန် စီစဉ်ထားကြောင်း ပြည်တက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ ဒုတိယဥက္ကဌ ကိုကျော်ရဲသူက ဧရာဝတီကိုပြောသည်။
“ကျောင်းမှာ အလားတူပြဿနာမျိုးမဖြစ်အောင် ကျနော်တို့ သက်ဆိုင်တဲ့လူတွေနဲ့ တွေ့ဆုံးပြီး ဆောင်ရွက်ဖို့ လုပ်ထားပါတယ်။ အခုလိုဖြစ်တာ ၂ ဘက်စလုံးက မှားတာဖြစ်လို့ နောက်နောင် ကိုယ်တိုင်ကျောင်းအပ်ကြဖို့နဲ့ ဆွေမျိုးတွေကို အပ်ခိုင်း ဖို့ အခုလိုနစ်နာခဲ့ရတဲ့ ကျောင်းသားတွေ အတွက် ဝန်ကြီးဌာနကို အသနားခံစာတွေတင်ပေးမယ်လို့တော့ ပြောထားတယ်။” ဟု ကိုကျော်ရဲသူက ပြောသည်။
အဆိုပါ ပြည်တက္ကသိုလ်ဝန်ထမ်းမှာ ယခင်ကလည်း ကျောင်းသားများထံမှ ကျောင်းအပ်ငွေများကို လိမ်လည်ခဲ့သည့် အတွက် အရေးယူခံခဲ့ရဖူးကြောင်းနှင့် ယခုလို ပြဿနာမျိုးမှာ မြန်မာနိုင်ငံလုံးရှိ တက္ကသိုလ် တော်များတွင် ဖြစ်ပွားလေ့ရှိ သည့်အတွက် ကျောင်းသားကိုယ်တိုင်ဖြစ်စေ၊ ဆွေမျိုးသား ချင်းဖြစ်စေ၊ KBZ Pay မှဖြစ်စေ ကျောင်းအပ်စေချင်ကြောင်းနှင့် နောက်နောင် အလားတူ ပြဿနာ မျိုးမဖြစ်ရန် ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းက ရှင်းပြသည်။
“ကျနော်တို့ ဝန်ထမ်းက လိမ်ညာတဲ့အတွက် ရာထူးကနေ ယာယီရပ်ဆဲထားတယ်။ နိုင်ငံဝန်ထမ်း ဥပဒေအတိုင်းသူ့ကို အရေးယူရမှာပေါ့ဗျာ။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ သူ့ကိုအရေးယူဖို့ လုပ်ပါ့မယ်။” ဟု ဒေါက်တာအောင်အောင်မင်းက ဆက်ပြောသည်။
ယခုလို အလိမ်ခံရသည့် အဝေးသင်ကျောင်းသူ၊ ကျောင်းသားများမှာ ပြည်မြို့ပြင်ပရှိ အထည်ချုပ် စက်ရုံလုပ်သားများ၊ ဓာတ်ဆီအရောင်းဆိုင်နှင့် စမတ်ဖုန်းအရောင်းဆိုင်မှ ဝန်ထမ်းများဖြစ်ကြပြီး၊ ပြည်တက္ကသိုလ်အဝေးသင်ဌာနရှိ မေဂျာပေါင်း ၁၂ ခုတွင် ကျောင်းသူ၊ကျောင်းသား ၂ သောင်းကျော်ရှိပြီး Day ကျောင်းသူ၊ ကျောင်းသား ၇၈၀၀ ခန့်ရှိကြောင်းသိရသည်။
You may also like these stories:
နောင်း၌ ဖမ်းဆီးခံရသည့် မြန်မာကျောင်းဆရာများ အမြန်ဆုံး ပြန်လွတ်လာရေး စီစဉ်နေ
ကျောင်းသားများ ဆန္ဒထုတ်ဖော်ခွင့် ညွှန်ကြားချက် ပြန်လည် ပယ်ဖျက်ပေး
သာစည်ဆည်အတွင်း ရေကူးသည့် ၁၀ တန်းကျောင်းသား ၃ ဦးပျောက်ဆုံးနေ