Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲထားသည့် အမှုအား မဟာ အောင်မြေမြို့နယ် တရားရုံးက စွဲချက်မတင်ခင် ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည့် အပေါ် မကျေနပ်သဖြင့် မန္တလေး ခရိုင် တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် အယူခံ တင်ခဲ့ရာ လက်ခံလိုက်ကြောင်း တရားလို ကိုကျော်မျိုးရွှေက ပြောသည်။
ကိုကျော်မျိုးရွှေက“မနေ့က ကျနော်တို့ ပြင်ဆင်မှု တက်ခဲ့ပါတယ်။ ခရိုင်တရားရုံးက လက်ခံပါတယ်။ ချမှတ်ခဲ့တဲ့ အမိန့် ဟာ ဥပဒေနဲ့အညီ မဟုတ်ဘူးလို့ ယူဆတဲ့ အတွက် ကျနော့်ဘက်က အခုလို တက်ခဲ့တာပါ”ဟု ဆိုသည်။
ကိုကျော်မျိုးရွှေသည် မဟာအောင်မြေ မြို့နယ်နေ ဝံသာနု အားမာန်အဖွဲ့ (အထက်မြန်မာပြည်)မှ ဦးဆောင်သူတဦး ဖြစ်ပြီး ဆရာတော် ဦးဝီရသူ၏ မိန့်ကြားချက်ကြောင့် ဟုဆိုကာ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်က အမှတ် ၇ နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခဲ့သူ ဖြစ်သည်။
ယင်းအမှုတွင် တရားလိုပြသက်သေ ၃ ဦးသာ စစ်ဆေးရန် ကျန်ရှိတော့ကာ ၃ ဦးမှာ ဦးဝီရသူ၊ ရဲအုပ် ကျော်သူနှင့် ကိုကျော်စွာထွန်းတို့ ဖြစ်ပြီး ရဲအုပ်ကျော်သူမှာ အဂတိအမှုဖြင့် တရားစွဲခံထားရခြင်း၊ ကိုကျော်စွာထွန်းမှာ ခရီးလွန်နေ ခြင်း တို့ကြောင့် ခိုင်မာမှု မရှိသည့် အတွက် အမှုကို ပလပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမှု၏ အဓိက တရားလို သက်သေဖြစ်သည့် ဆရာတော် ဦးဝီရသူကို တရားရုံး ဆင့်ခေါ်မှု အကြိမ် ၂၀ ကျော် ပြုလုပ် ခဲ့သော်လည်း လာရောက် ထွက်ဆိုခြင်းမရှိသည့် အတွက် ကြန့်ကြာနေခဲ့ရခြင်း ဖြစ်ပြီး ယခုအခါ ဦးဝီရသူသည် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်းထုတ် ခံထားရသောကြောင့် ထွက်ပြေး တိမ်းရှောင်နေသည့် အခြေ အနေတွင် ရှိနေသည်။
ယင်းသို့ တရားလိုပြ သက်သေများ လာရောက် စစ်ဆေးခံခြင်း မရှိသည့် အတွက် မြို့နယ်တရားရုံးက ဇူလိုင်လ ၂ ရက် တွင် အမှုကို ပလပ်ပေးခဲ့ခြင်း ဖြစ်သည်။
ကိုကျော်မျိုးရွှေ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီး ဦးဇော်ဝိတ်က“သက်သေ လာခြင်း မလာခြင်းက သူတို့ နဲ့ မဆိုင်ဘူး။ ရုံးတော်က ရအောင်ခေါ်ရမှာ ရုံးတော်ရဲ့တာဝန်ဖြစ်တယ်။ အဲဒီတော့ ၂၅၃ နဲ့ လွှတ်ချင်တယ်ဆိုရင် စွပ်စွဲ ထားတာ အခြေအမြစ် မရှိမှ လွှတ်လို့ရတာ။ ဒီဟာမှာ သက်သေ အထောက်အထား အရ ၆၆ (ဃ) ကို ကျူးလွန်ထား မှန်း သိနေလျက်နဲ့ လွှတ်တာက မှားနေတာ”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက“ကျနော်တို့ဘက်က သက်သေခံတွေ သွင်းထားတာလဲ အများကြီး၊ သူတို့ဘက်က ပြန်သိမ်းထား တဲ့ သက်သေခံတွေလည်း အများကြီးပဲ။ အဲဒီဟာတွေ အားလုံးနဲ့ကို ၆၆ (ဃ) ကပေါ်နေပြီ။ အမှန်က ရုံးကနေ ၂၅၃ (၂)နဲ့ မလွှတ်ဘဲ ကျန်တဲ့သက်သေ မလာတောင်မှ ၂၅၁ အရ စွဲချက်တင် ဖြေရှင်းပြီး လွှတ်ရင် ပိုကောင်းတယ်။ အခု ဟာက မြို့ နယ်တရားရုံးရဲ့ အမိန့်ဟာ ဥပဒေနဲ့ မညီလို့ တက်ရတာဖြစ်တယ်။ ဒါကြောင့် ခရိုင်ဥပဒေရုံးကလည်း ဥပဒေ နဲ့ မညီဘူးဆိုပြီး အယူခံ တက်ထားတာ ရှိပါတယ်”ဟု ပြောဆိုသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားမှုကို ဇွန် ၁၇ ရက်က ရုံးချိန်းတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၅၃ (၂) အရ အမိန့်တစုံတရာ ချမှတ်ပေးရန် အတွက် ကိုဆွေဝင်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က လျှောက်ထားခဲ့မှုနှင့် တရားလိုရှေ့နေ ဦးဇော်ဝိတ်၏ ပြန်လည် လျှောက်ထားမှုအပေါ် ကြားနာ၍ မြို့နယ် တရားသူကြီးက နှစ်ဖက်လျှောက်လဲချက် အပေါ် အမှုကို ပလပ်ရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဦးဇော်ဝိတ်က“မြို့နယ် တရားရုံးကကျ သက်သေမလာနိုင်လို့ ဆိုတာကို အကြောင်းပြပြီးတော့ အမှုကို ၂၅၃(၂) အရ လွှတ်ဖို့ လျှောက်တဲ့ အပေါ်မှာ အမိန့်ချမှတ်ပေးခဲ့တာ ဖြစ်တယ်။ ၂၅၃(၂)နဲ့ လွှတ်မယ်ဆိုရင် စွပ်စွဲထားတဲ့ဟာက လုံးဝကို အခြေအမြစ်မရှိမှ လွှတ်ရ တာ ဖြစ်တယ်။ အခုဟာက သူကိုယ်တိုင် RFA ကို ဗျူးထားတာတွေ၊ သူကိုယ်တိုင် Facebook တင်ထားတာတွေ အပြင် စစ်ဆေး မေးမြန်းချက်တွေမှာ ပြန်ကြည့်ပါ။ သူကိုယ်တိုင် ပြောတယ်ဆိုတာ ပြောခဲ့ပြီးပြီပဲ၊ ဒါတွေ အားလုံးဟာ ၆၆ (ဃ) နဲ့ ငြိနေတာ ဖြစ်တယ်”ဟု ဆက်လက် ပြောဆိုသည်။
အဆိုပါကဲ့သို့ ရာဇဝတ်ပြင်ဆင်မှု အယူခံ လက်ခံခဲ့သည့် အပေါ် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဆက်သွယ် မေးမြန်းခဲ့ရာ သူ၏ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်ကို မေးမြန်းရန် ဖြေကြားသည်။
ကိုဆွေဝင်း၏ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်က“ရာဇဝတ်ပြင်ဆင်မှု တင်တာကို ရုံးက လက်ခံလိုက်တာပါ။ သူတို့ ဘက် က ဘာတွေပဲလုပ်လုပ်၊ ကျမတို့ဘက်က ဥပဒေ အချက်အလက် ခိုင်မာမှုရှိတဲ့ အတွက် စိုးရိမ်ရမယ့် အခြေအနေ မရှိပါဘူး။ ဒါက ဥပဒေအရ သူတို့အခွင့်အရေးရှိလို့ လုပ်တာဖြစ်တဲ့အတွက် ဘာမှ မပြောလိုပါဘူး။ အေးအေးဆေးဆေး ပါပဲ။ ကျမတို့ ရင်ဆိုင်ရဲတယ်။ အောက်ရုံးက တရားသူကြီးကလည်း ဥပဒေနဲ့အညီ ချမှတ်လိုက်တဲ့ အမိန့်ဖြစ်တဲ့ အတွက် သူတို့ရှေ့က သွားရင် ကျမတို့က နောက်ကလိုက်မယ် ဒါပဲ”ဟု ပြောသည်။
အဆိုပါ အမှုကို ခရိုင်ဥပဒေ အရာရှိကလည်း ရာဇဝတ်ပြင်ဆင်ချက် အယူခံ တက်ထားပြီး ယင်းကဲ့သို့ တက်ခွင့်ရှိသည့် ဥပဒေ အား ပြန်လည် စဉ်းစားပေးရန် လိုအပ်လာပြီဟု ၎င်းက ဆိုသည်။
“ဥပဒေ အရာရှိဘက်ကလည်း ပြင်ဆင်မိန့် တက်ထားတယ်လို့ သိရတယ်။ ဥပဒေ လုပ်ထုံးလုပ်နည်း အရ လုပ်တယ်လို့ ပဲ သိရပါတယ်။ ဒါတွေဟာ ကျမတို့ မြန်မာနိုင်ငံမှာ နည်းနည်း စဉ်းစားဖို့လိုတဲ့ အချက်တွေ ဖြစ်နေတယ်။ ဥပဒေပြဋ္ဌာန်း ထားတာရှိတော့ တက်လို့ရတဲ့အတွက် တက်တာပေါ့၊ ကျမ ဒီလိုပဲမြင်တယ်”ဟုလည်း ဒေါ်ရွက်နုအောင်က ပြောသည်။
မန္တလေးခရိုင် တရားရုံးက ရာဇဝတ်ပြင်ဆင်ချက် အယူခံ လက်ခံခဲ့သည့် အပေါ် ကိုဆွေဝင်းအား ဆက်သွယ်အသိပေး အကြောင်းကြားလာခြင်းမျိုး မရှိသေးကြောင်း သိရသည်။
အဆိုပါအမှုကို မန္တလေးခရိုင် တရားရုံးက စက်တင်ဘာလ ၉ ရက်နေ့သို့ ချိန်းဆိုထားသည်ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေရေးရာ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရ သည့် ကိစ္စနှင့်ပတ်သက်၍ ဆရာတော် ဦးဝီရသူသည် ပြစ်မှု ကျူးလွန်သူများကို ကျေးဇူးတင်ကြောင်းနှင့် ရှေ့နေ ဦးကိုနီ အား ခွေးရူးဟု ခိုင်းနှိုင်း၍ ရေးခဲ့သည်ကို ဆရာတော် ဦးစန္တိတက လူဝတ်လဲစေသင့်သည့် တတိယ ပါရာဇိက ကံမြောက် သည် ဟူသော ပြောဆိုချက်အား Myanmar Now သတင်းစာတွင် ဖော်ပြ ပါရှိခဲ့သည်။
အဆိုပါ သတင်းအား Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် မျှဝေခဲ့ခြင်း ကြောင့် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်ပြီး ကိုဆွေဝင်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ အမှုသည် ပလပ်အမိန့် ချမှတ်ခဲ့သည့် ရုံးချိန်း အပါအဝင် ရုံးချိန်းပေါင်း ၇၀ ခန့် ရှိခဲ့သလို ၂ နှစ်ကျော် ကြာမြင့် နေပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
၂၀၁၉ ရေမွန် မက်ဆေးဆေး ဆု ကိုဆွေဝင်း ရရှိ
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှု စွဲချက် မတင်မီ ပယ်ချ
ကိုဆွေဝင်းအမှု မြို့နယ် သံဃနာယက ဥက္ကဋ္ဌက တရားလိုပြ သက်သေ အဖြစ်မှ ပယ်ပေးရန် တင်ပြ