မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ နှင့် ပတ်သက်မှု ရှိသည်ဟု သံသယရှိကာ အဖမ်းခံထားရသည့် ကော်တိုင်း ရှမ်း ကွန်မြူနတီ ကောလိပ်မှ ကျောင်းဆရာဖြစ်သော စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့ ညီအစ်ကို နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရှမ်း လူငယ်ကွန်ရက်က တောင်းဆိုလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် အနေဖြင့် မတရား ဖမ်းဆီးထားသည့် အပြစ်မဲ့ ရှမ်းလူငယ် ညီအစ်ကို နှစ်ဦး အား အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် အလေးအနက် တောင်းဆိုသည်ဟု သြဂုတ် ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်၌“စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့ ညီအစ်ကို နှစ်ဦးအား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ (၁) တရားရုံး အမိန့် မပါဘဲ လူတဦးအား ၂၄ နာရီထက် ပိုမိုချုပ်နှောင်ထားခဲ့ခြင်း၊ (၂) ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ (၃) ပြည်သူလူထု မျက်ကွယ်တွင် မတော်ဖိအားဖြင့် အတင်းအကျပ် ဝန်ခံ ထွက်ဆိုခိုင်းမည်ကို အင်မတန် စိုးရိမ်ပါ သည်”ဟု ဆိုထားသည်။
စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့သည် ကော်တိုင်း ရှမ်းကွန်မြူနတီ ကောလိပ်တွင် ပရဟိတ ကျောင်းဆရာများ အဖြစ် လုပ် ကိုင် နေကြသူများဖြစ်ပြီး သြဂုတ်လ ၁၅ ရက်တွင် အစ်ကိုဖြစ်သူ စိုင်းခွန်မိုင်းအား ပြင်ဦးလွင်ရှိ နေအိမ်မှ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) က ဖမ်းဆီးသွားခဲ့ပြီး ညီဖြစ်သူ စိုင်းလိုင်းစင်ကို သြဂုတ်လ ၁၉ ရက်တွင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ၂ ဦး၏ ဖခင်ဖြစ်သူ စိုင်းစောလှက“အကြောင်းပြချက်ကတော့ သူများတိုင်လို့ ဆိုပြီးတော့ပေါ့။ ဟို ၃ ဖွဲ့ တိုက် ခိုက်တာနဲ့ ဆက်စပ်ပြီးတော့ ပါတယ်လို့ သူတို့ သံသယရှိတယ် ဆိုတဲ့အနေနဲ့ ဖမ်းသွားတာပဲ။ စိုင်းခွန်မိုင်းက အဲဒီအဖွဲ့တွေ နဲ့ ဆက်စပ်မှု ရှိတယ်မလား၊ ဆက်သွယ်ထားတာ ရှိတယ်မလား အဲဒီလိုလာ မေးတာ။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ သံသယ ရှိလို့ ခေါ်သွားတယ်လို့ပဲ ကျနော်က ကောက်ချက် ချရတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
သြဂုတ်လ ၁၅ ရက်တွင် ပြင်ဦးလွင် မြို့နယ်ရှိ တပ်မတော်ဆိုင်ရာ အဆောက်အအုံများ၊ နောင်ချိုမြို့နယ်ရှိ တိုးဂိတ်များ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့အား သံသယရှိသဖြင့် စရဖ က ဖမ်းဆီးသွားခဲ့ကာ ပြင်ဦး လွင်မြို့မ ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်၍ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ဖခင်ဖြစ်သူ စိုင်းစောလှက သားနှစ်ဦးသည် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်မှု မရှိကြောင်း ပေါ်လွင်ပါက အမြန်ဆုံး ပြန်လွှတ် ပေးစေလိုကြောင်း တောင်းဆိုသည်။
“သူတို့ ကျောင်းဆရာလုပ်တဲ့ တလျှောက်မှာလည်း ဆက်စပ်မှုမရှိဘူး ဆိုတာ သူတို့ဆရာတွေလည်း အာမခံထားတယ်။ ကျနော်တို့ အနေနဲ့ကလည်း လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီးတော့ တခါမှ ကြားလည်း မကြားခဲ့ဖူးဘူး၊ မရှိဘူးလို့ ကျနော် အာမခံရဲတယ်။ ကျနော်တို့ကတော့ တရားဥပဒေအတိုင်းပဲ မဟုတ်ရင် မဟုတ်တဲ့ အတိုင်းပဲ သိပြီးပြီဆိုရင် အမြန်ဆုံး လွှတ် ပေးဖို့ ပြောချင်ပါတယ်”ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးသွားစဉ် ညီအစ်ကို နှစ်ဦး၏ ပစ္စည်းများဖြစ်သည့် စကားပြောစက် ၄ ခု၊ လက်ပ်တော့ပ်၊ ကွန်မန်ဒို အကွပ်ပါ ခြင်ထောင်နှင့် အိပ်ယာခင်း၊ ပုခက်၊ ဆာလာအိတ်၊ ပန်းညှပ်ကတ်ကြေး တို့ကို သိမ်းဆည်းသွားကြောင်းလည်း သိရသည်။
စိုင်းစောလှတို့ မိသားစုသည် ပြင်ဦးလွင်မြို့ ဖောင်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်း လုပ် ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများ ဖြစ်သည်ဟု ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး အမှတ်(၃) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက လည်း စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့နှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတုန်းက လက်ပွန်းတတီး ရှိခဲ့ဖူးရာ အကြမ်းဖက်မှု နှင့် နှီးနွယ်နိုင်သူ လုံးဝ မဟုတ်ကြောင်း ပြောဆိုသည်။
“ဒီကလေးတွေဟာ လုံးဝ အပြစ်မရှိပါဘူး။ ကျနော်တို့လည်း ထိတွေ့နေတာပဲလေ။ ဒီကြားဖြတ် ရွေးကောက်ပွဲ ၂၀၁၈ မှာ လည်း ဒီကလေးတွေနဲ့ ကျနော်တို့ လက်ပွန်းတတီး အတူနေခဲ့ကြတော့ သိကြတယ်။ သူတို့မှာ ဘယ်လိုမှ အကြမ်းဖက်မှုနဲ့ နှီးနွယ်နိုင်တဲ့ အမှု ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး ဆိုတာ ကျနော်တို့လည်း သိတယ်။ အခုချိန်ထိ ကျနော်တို့လည်း သူတို့ လွတ်မြောက်ဖို့ အစွမ်းကုန် ကြိုးစားပေးနေပါတယ်”ဟု ၎င်းက ပြောသည်။
စိုင်းခွန်မိုင်းသည် ကော်တိုင်း ရှမ်းကွန်မြူနတီကောလိပ်တွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ ကျောင်းဆရာအဖြစ် ရှမ်း စာ၊ ဗမာစာ၊ သင်္ချာနှင့် နိုင်ငံရေး သိပ္ပံများများ သင်ကြားပေးခဲ့သူဖြစ်ပြီး စိုင်းလိုင်းစင်မှာမူ ၂၀၁၂ ခုနှစ်မှ ယခု ဖမ်းဆီးခံရ ချိန်အထိ ကျောင်းဆရာ အဖြစ် ရှမ်းစာနှင့် အင်္ဂလိပ်စာကို သင်ပေးနေသူ ဖြစ်ကြောင်း ကော်တိုင်း ရှမ်းကွန်မြူနတီ ကောလိပ် မှ သိရသည်။
ကော်တိုင်း ရှမ်းကွန်မြူနတီ ကောလိပ် တည်ထောင်သူ စိုင်းဘုန်းခေါန်ကလည်း ၎င်းတို့ ညီအစ်ကို နှစ်ဦးသည် လက်နက် ကိုင် အဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်း၊ ရိုးရိုးသားသား သာမန် လက်လုပ်လက်စား မိသားစုကသာ ဖြစ်ကြောင်း၊ အမြန်ဆုံး ပြန် လွှတ်ပေးစေလိုကြောင်း ပြောဆိုသည်။
စိုင်းဘုန်းခေါန်က“ကျောင်းက ထွက်သွားတဲ့ ကလေးတွေဆိုရင် ကျနော်တို့ အခြေခံ သဘောတရားအဖြစ် အကုန်လုံး သိပါ တယ်။ ဒီ ၃ ဖွဲ့နဲ့ သူတို့အနေနဲ့ ဘယ်လိုနည်းနဲ့မှ နှီးနွှယ်စရာ အကြောင်း မရှိပါဘူး။ သူတို့က ရိုးရိုးသားသားပါ၊ ဘာမှ ဒီစစ် ရေး စစ်ရာတို့ မဟုတ် မတရားတွေ လုပ်တဲ့ လူငယ်လည်း မဟုတ်ဘူး ဆိုတော့ သူ့မှာ ဘာမှ သက်သေ အထောက်အထား တွေ မရှိဘူး ဆိုရင်တော့ လွှတ်သင့်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့အား ပြင်ဦးလွင်မြို့မ ရဲစခန်းတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီး ချုပ်နှောင်၍ စစ်ဆေးနေကြောင်း ကြားသိရသည်ဟု ဖခင်ဖြစ်သူ စိုင်းစောလှက ပြောသည်။
ပြင်ဦးလွင်မြို့မရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ပိတ်ချင်းမြောင် ရဲစခန်းမှူးက တာဝန်ယူ စစ်ဆေးနေခြင်း ကြောင့် ၎င်းကသာ ပြောနိုင်မည် ဖြစ်သည်ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။
ထို့နောက် ပိတ်ချင်းမြောင် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်း အဆက်အသွယ်မရသည့် အတွက် တစုံတရာ မသိရပေ။
ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာ အမျိုးသား ဒီမိုကရက် တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် ပြင်ဦးလွင် တပ်မတော် နည်းပ ညာ တက္ကသိုလ်နှင့် တိုးဂိတ် အပါအဝင် နောင်ချို တိုးဂိတ်၊ မူးယစ်ဂိတ်၊ မြို့ရှောင် တိုးဂိတ်တို့အား ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်က တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ တပ်မတော် အရာရှိ စစ်သည် အပါအဝင် ရဲနှင့် အရပ်သား စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု ကျပ် ၂၈၂၁ သိန်းဖိုး ရှိခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
You may also like these stories:
ပြင်ဦးလွင် တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယဖြစ်ခံရသူ ၂ ဦး အဖမ်းခံရ
ရခိုင်အသင်း ခေါင်းဆောင်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစု မသိရှိရ